” သူက တကယ့်ကို ပရော်ဖက်ရှင်နယ် ပီသလွန်းသူပါ ။ ” အာဆင်နယ် အသင်း ခေါင်းဆောင်သစ် နဲ့ ပတ်သက်ပြီး အရိပ်အမြွက် ပြောကြားလိုက်တဲ့ အာတီတာ

 

အာဆင်နယ် နည်းပြ အာတီတာ ဟာ လိဒ်ယူနိုက်တက် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ကွင်းလယ်လူ မာတင် အိုဒီဂတ် ဟာ ပရော်ဖက်ရှင်နယ် ပီသလွန်းသူ ဖြစ်ကြောင်း ချီးကျူး လိုက်ပြီး သူ့ရဲ့ အသွေးအသားထဲမှာ ခေါင်းဆောင် စိတ်ဓာတ် ရှိနေတယ်လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ အသင်းက ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်း ကို အသင်း ခေါင်းဆောင် တာဝန် ဆက်ယူခိုင်းတော့မှာ မဟုတ်ကြောင်း ဝက်စ်ဟမ်း နဲ့ ပွဲမတိုင်မှီမှာ ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် ဂန်းနားတို့ရဲ့ အမြဲတမ်း အသင်းခေါင်းဆောင် ရာထူးဟာ လစ်လပ်လျက် ရှိနေပါတယ် ။

လက်ရှိမှာ အာဆင်နယ် အသင်း ခေါင်းဆောင်သစ် အဖြစ် အိုဒီဂတ် ၊ ဂါဘရီရဲလ် ၊ ဘန်ဝှိုက် ၊ တီယာနေး ၊ လာကာဇက် ၊ ရှာကာ နဲ့ ရမ်စ်ဒဲလ် တို့ ရေပန်းစား နေကြပါတယ် ။ အာတီတာ ကတော့ ခေါင်းဆောင်သစ်ကို အလျင်စလို ရွေးချယ်သွားမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ် ။

အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး ၃ ပွဲမှာတော့ တိုက်စစ်မှူး လာကာဇက် က အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တာ တွေ့ရပါတယ် ။ ဒါပေမယ့် လာကာဇက် ဟာ ရာသီကုန်မှာ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်တာကြောင့် အသင်း ခေါင်းဆောင်သစ်က ဘယ်သူ ဖြစ်နိုင်သလဲ ဆိုတာ ပရိသတ်တွေက ခန့်မှန်း သုံးသပ် နေကြပါတယ် ။

ပရိသတ်တွေ ခန့်မှန်း နေကြတဲ့ အထဲမှာ ပြီးခဲ့တဲ့ နွေရာသီကမှ အာဆင်နယ် အသင်းကို အပြီးသတ် ရောက်ရှိ လာတဲ့ နော်ဝေ ကွင်းလယ်လူ မာတင် အိုဒီဂတ် လည်း ပါဝင် နေပါတယ် ။ အိုဒီဂတ် ဟာ နိုင်ငံ လက်ရွေးစင် အသင်း ဖြစ်တဲ့ နော်ဝေ အသင်းရဲ့ အသင်း ခေါင်းဆောင်လည်း ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကလည်း လိဒ်ယူနိုက်တက် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အိုဒီဂတ် ဟာ ပရော်ဖက်ရှင်နယ် ပီသပြီး ခေါင်းဆောင် အရည်အသွေး ရှိသူလို့ ချီးကျူး လိုက်တာကြောင့် နော်ဝေသားဟာ ဂန်းနားတို့ရဲ့ အသင်းခေါင်းဆောင်သစ် လို့ ပြောဆိုသံတွေ ပိုမို များပြား လာခဲ့ပါတယ် ။

” သူက တကယ့်ကို အသက် ငယ်ရွယ်သေးတဲ့ ကစားသမား တစ်ဦးပါ ၊ ဒါပေမယ့် မတူညီတဲ့ ကလပ်တွေမှာ ကစားခဲ့ဖူးပြီး နိုင်ငံ အသင်း အဆင့်မှာလည်း ကစားနေတာကြောင့် အတွေ့အကြုံတွေ အများကြီး ရှိတဲ့သူလို့ ပြောနိုင်ပါတယ် ။ ”

” ပြီးခဲ့တဲ့ အပတ်တွေ အတွင်းမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံ ရရှိဖို့ အတော်လေး နီးစပ်ခဲ့ပါတယ် ၊ သူက အရည်အချင်းလည်း ရှိသလို တိုးတက်ချင်စိတ် အပြည့် ရှိတဲ့ ကစားသမားပါ ။ ကျွန်တော်တို့ ထူးချွန်ကောင်းမွန်တဲ့ ကစားသမား တစ်ဦးကို ရထားတယ်လို့ ပြောနိုင်ပါတယ် ။ ”

” သူက ခေါင်းဆောင် အရည်အသွေး ရှိသူ တစ်ဦးပါ ၊ နောက်ပြီး ပြီးပြည့်စုံတဲ့ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦး ဖြစ်ဖို့လည်း သူက သိပ်မဝေးတော့တဲ့ အနေအထားမှာ ရှိနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM