” သူက ဂျရတ် ကို အားကျပြီး ကြီးပြင်းလာတာ ဆိုတော့ ၊ ဂျရတ်လို ဂိုးမျိုး သွင်းကြည့်ချင်မှာပဲလေ” ကလော့ပ်

လီဗာပူး အသင်းရဲ့ ညာနောက်ခံလူ ကစားသမား အာနိုး ဟာ ဒီရာသီမှာတော့ သူ့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ ဆက်တိုက် ကစားပေးလျှက် ရှိနေပါတယ်။

နယူးကာဆယ် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် သူဟာ ပုံမှန် ကစားနေကြ ညာနောက်ခံလူ နေရာမှာ မရှိခဲ့သည့်တိုင်အောင် ၊ ဧရိယာထိပ်ကနေ အနိုင်သေချာစေမယ့် သွင်းဂိုး တစ်ဂိုးကို အပြင်းကန်ချက် နဲ့ ရယူပြခဲ့ ပါတယ်။ နည်းပြကြီး ကလော့ပ် ကတော့ အခုလို အာနိုး တိုးတက်လာတဲ့ အကြောင်းအရင်းတွေဟာ အသင်းရဲ့ ကစားကွက် အပေါ် လိုက်လျောညီထွေ ညှိယူပြီး ကစားပြနိုင်တဲ့ အရည်ချင်းတွေကြောင်း ဖြစ်တယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

” သူ့ ရဲ့ တိုးတက်မှုတွေ အကုန်လုံး ကို ခြုံကြည့်လိုက်မယ် ဆိုရင် နောက်တဆင့် ကို တက်လှမ်းနေပြီလို့ ပြောလို့ ရပါတယ်။ ကျနော် တို့ကလဲ သူ့ရဲ့ ကစားဟန် နဲ့ လိုက်ဖက်တဲ့ ပုံစံကို ညှိပေးတယ် ၊ သူကလဲ သူ့အားသာချက်တွေ အမှီပြုရင်း အခြားနေရာတွေ အထိပါ ဝင်ရောက် ကစားပေးနိုင်အောင် ကြိုးစားခဲ့တာပါ။

ပွဲအစပိုင်းမှာတော့ သူဟာ ညာနောက်ခံလူ ဖြစ်ပေမယ့် ၊ တကယ်တမ်း ပွဲ ကစားချိန် ရောက်သွားရင် သူ တာဝန်ယူရတဲ့ အပိုင်းက မတူတော့ပါဘူး။ အခုလို နေရာစုံ လိုက်ပြီး ဖြည့်ကစားနိုင်လာတာ ကလဲ သူ့ရဲ့ ရင့်ကျက်လာတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဖြစ်ပါတယ်။

ခံစစ်ကို ပြန်ပြီး နေရာယူလိုက်ရတဲ့ အချိန်မှာတော့ သူဟာ ညာနောက်ခံလူ တာဝန်ကို အပြည့်အ၀ ယူနေရဆဲပါ။ ဒါပေမယ့် တိုက်စစ်ကို ပြန်ကစားနေတဲ့ အချိန်ရောက်သွားရင် သူ နေရာယူရတဲ့ ပုံစံက ညာတောင်ပံ တိုက်စစ် ၊ ကွင်းလယ် ခံစစ် ၊ ကွင်းလယ် ဖန်တီးရှင် အမျိုးမျိုး ပြောင်းသွားပါတယ်။

သူဟာ နေရာအများကြီးမှာ ပြောင်းလဲ ကစားပြနိုင်တဲ့သူပါ။ အဲဒီလို ကစားရတာလဲ ကျေနပ်နေဟန်တူပါတယ်။ ဒါပေမယ့် ပွဲကျပ် ကာလမျိုးမှာ သူ့အရွယ်နဲ့ ဆက်တိုက် ကစားပေးဖို့တော့ အမြဲတမ်းကြီး မဖြစ်နိုင်သေးပါဘူး” လို့ ရှင်းပြသွားခဲ့ ပါတယ်။

လက်ရှိမှာ အာနိုး ဟာ ပရီးမီးယားလိဂ် သွင်းဂိုး 2 နဲ့ ဂိုးဖန်တီးမှု ပေါင်း 7 ကြိမ် အထိ လုပ်ပြထားပြီးပါပြီ။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ခုလုံး သူစွမ်းဆောင်ပြခဲ့တဲ့ ပမာဏ နဲ့ တူညီနေပြီ ဖြစ်ပါတယ်။

ရာသီဝက် ကာလတောင် မရောက်သေးခင်မှာ အခုလို ကိန်း ဂဏန်းမျိုးတွေ အထိ စွမ်းဆောင်ပြထားတာ တော်တော်လေးကို အားရဖို့ ကောင်းလွန်းနေပါတယ်။ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးခဲ့စဉ် အချိန်က ၊ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပေါ်ထွက်ခဲ့ဖူးပြီး ဂိုးဖန်တီးမှု စုစုပေါင်း 13 ကြိမ် နဲ့ စုစုပေါင်း သွင်းဂိုး က 4 ဂိုး အထိ ရှိခဲ့ဖူးပါတယ်။

ဒီနှစ် ဘောလုံးရာသီမှာတော့ အဲဒီ စံချိန်ကို ထပ်ပြီး ချိုးပြသွားဦးမလား ဆိုတာ စိတ်ဝင် တစားနဲ့ စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။

နယူးကာဆယ် နဲ့ ပွဲမှာ ဆိုရင် 25 ကိုက် အကွာကနေ အပြင်းစား ကန်ချက် နဲ့ သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့ပြီး ၊ အဲဒီ သွင်းဂိုး အပေါ် ကလော့ပ် က အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

” ဒါက သူ့ရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေ ကို လှစ်ပြနေတဲ့ အခိုက်အတန့် တစ်ခုပါပဲ။ မနက်ခင်း မှာ နိုးလာတိုင်း ဒီတစ်ပတ်လဲ ငါ ဂိုးတွေ ထပ်ပြီး သွင်းပြဦးမယ် ဆိုတဲ့ အစွဲမျိုး သူက ရှိနေမှာတော့ မဟုတ်ပါဘူး။

သူက ကမ္ဘာ့အဆင့်မီ ကစားသမား တစ်ယောက် ဖြစ်ထားပြီးသားပါ။ အခုလို ဂိုးတွေ သွင်းပြရမယ်လို့လဲ ကျနော်က သူ့ကို မတောင်းဆိုခဲ့ပါဘူး။

ဒါပေမယ့် သူက လီဗာပူး ပွဲတွေ ဆက်တိုက်ကြည့်ရင်း ကြီးပြင်းလာခဲ့တာ ဖြစ်သလို ၊ ဂျရတ် ရဲ့ သွင်းဂိုးတွေကိုလဲ အမြဲတမ်း အားကျခဲ့သူလေ။ သူ့လို နည်းစနစ် ကောင်းပြီးသား ကစားသမား တစ်ယောက် က အခွင့်အရေး ပေါ်လာရင် အိုင်ဒေါလ် ကြီးရဲ့ ပုံစံမျိုး ဂိုးတွေ သွင်းကြည့်ချင်မှာပေါ့” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SPORTS MYANMAR