ဝုလ်ဗ်နဲ့ ပွဲကို ရွှေ့ဆိုင်းခွင့်မပြုခဲ့တဲ့ ပရီးမီးယားလိဂ် အဖွဲ့ချုပ် အပေါ် အရွဲ့တိုက်လိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ဝုလ်ဗ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲ မတိုင်မီ ၊ ကိုဗစ် ပေါ့စတစ် အဖြေ ၃ဦး ထပ်ထွက်ခဲ့တာကြောင့် ၊ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံမှာ နာရီပိုင်းအလို ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် ၊ တရားဝင် ငြင်းဆန် ပယ်ချခံခဲ့ရပါတယ် ။

အကြောင်းအရင်း ကတော့ ချဲလ်ဆီး အသင်းမှာ ကွင်းတွင်း ပါဝင် ကစားပေးနိုင်မယ့် ပွဲထွက်စာရင်း + အရန်စာရင်း ၁၄ယောက်နဲ့ အထက် ရှိနေသေးလို့ပဲ ဖြစ်ပါတယ် ။ မနေ့ည က ပွဲမှာ ချဲလ်ဆီး ဟာ အရန် အပါအဝင် ကစားသမား ၁၇ယောက် အထိပဲ ခေါ်ဆောင်နိုင်ခဲ့ပြီး ၊ ထိုအထဲမှာ ပုံမှန်ဆို လူစားလဲ သုံးရလေ့ မရှိတဲ့ အရန် ဂိုးသမား ၂ဦး အထိ ပါဝင်ခဲ့ပါတယ် ။

ဒါ့အပြင် ယင်း ဂိုးမရှိ သရေပွဲ အပြီးမှာ တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ်နဲ့ မကြာသေးခင်ကမှ ဒဏ်ရာက ပြန်ကောင်းလာခဲ့တဲ့ လူငယ် ခံစစ်မှူး ထရက်ဗာ ချာလိုဘာတို့ ဒဏ်ရာ အသေးစား အသီးသီး ရခဲ့ကြပါတယ် ။ ဒီအတွက်ကြောင့် လာမယ့် ဘရန်းဖို့ဒ်နဲ့ ကာရာဘောင် ဖလားပွဲမှာ ချဲလ်ဆီးတို့ ဆက်လက် တောင့်ခံနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

လက်ရှိ ချဲလ်ဆီး အသင်း အတွင်းမှာ ကစားသမား ၇ဦး သာမက ၊ အခြား ဝန်ထမ်း အချို့မှာလည်း ကိုဗစ်ပိုး တွေ့ရှိမှုတွေ ကြုံလာရပြီလို့ မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အတည်ပြု ပြောဆိုခဲ့ပါတယ် ။

တလက်စတည်းမှာပဲ တူချယ် က ဘရန်းဖို့ဒ်နဲ့ ပွဲမတိုင်မီ လေ့ကျင့်ရေးကွင်း ပိတ်ရနိုင်မလား ဆိုတဲ့ အမေး အပေါ် အခုလိုပဲ အရွဲ့တိုက် တုန့်ပြန်တဲ့ အနေနဲ့ ” ဒီနေ့မှာ ကျွန်တော်တို့ ကစားခဲ့ရတယ်လေ ။ ဒီတော့ ဘာလို့ လေ့ကျင့်ရေးကွင်းကို ပိတ်ရမှာလဲ ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာလည်း ပွဲကစားဖို့ ရှိပါသေးတယ် ။ ”

” နောက်၂ရက် အတွင်းမှာ လေ့ကျင့်ရေးကွင်း ပိတ်စရာ အကြောင်းက ရှိနိုင်သေးရဲ့လား ။ လေ့ကျင့်ရေး မဆင်းပဲ ဘယ်လို ပွဲကစားရမှာလဲ ။ ပရီးမီးယားလိဂ် အဖွဲ့ချုပ် က ကျွန်တော်တို့ရဲ့ ပွဲရွှေ့ဆိုင်းဖို့ ကမ်းလှမ်းချက် ကို ပယ်ချခဲ့တာ ကျွန်တော် တနည်းအားဖြင့် နားလည်ပေးနိုင်ပါတယ် ။ ”

” သူတို့ကတော့ ‘ ဒီမှာကြည့် ၊ ခင်ဗျားတို့မှာ အရန် အပါအဝင် ကစားသမား ၁၄ယောက်နဲ့ အထက် ကစားနိုင်သေးတယ် ‘ လို့ တုန့်ပြန်ခဲ့မှာပါ ။ ဒါပေမယ့် ခင်ဗျား အသေးစိတ် ပြန်ကြည့်လိုက်မယ် ဆိုရင် ၊ ထရက်ဗာ ဟာ လေ့ကျင့်မှုတွေ ပြန်စနိုင်တာ ရက်အနည်းငယ်ပဲ ရှိသေးတာကို မြင်ရမှာပါ ။ ”

 

” ကိုဗာ ဆိုရင် တမြန်နေ့ကမှ လေ့ကျင့်ရေး အစီအစဉ်ကို ပြန်လည် ပူးပေါင်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အန်ဂိုလို ဆိုရင်လည်း ထရိန်နင် ဆင်းတာ တရက်ပဲ ရှိပါသေးတယ် ။ ကျွန်တော်တို့ဟာ ကစားသမားတွေရဲ့ ကျန်းမာရေးနဲ့ အသက်ဘေး လုံခြုံမှု အခြေအနေကို ခေါင်းပေါ်ရွက်ပြီး အရဲစွန့်နေရတာပါ ။ ”

 

” ဒါပေမယ့် သူတို့က ဒီလိုပဲ ဆုံးဖြတ်တယ် ဆိုတော့ ဒီလိုပဲပေါ့ ။ ” လို့ ဖြေကြားခဲ့ပါတယ် ။ ဒါ့အပြင် တူချယ် က ဘရန်းဖို့ဒ်နဲ့ ပွဲကို ဇီယက်ချ်နဲ့ ချာလိုဘာ တို့ပါ ထပ်ပြီး လွဲချော်မယ် ဆိုရင် အခြေအနေ က အတော်လေး ရယ်စရာကောင်းလိမ့်မယ်လို့လည်း တုန့်ပြန် ပြောဆိုခဲ့ပါသေးတယ် ။

SPORTS MYANMAR