ဝုဖ် နဲ့ တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲတိုင်း 100% နိုင်ပွဲ ရယူထားနိုင်ဆဲ ဖြစ်တဲ့ ယာဂန် ကလော့ပ်

လီဗာပူး နည်းပြကြီး ယာဂန် ကလော့ပ်ဟာ အန်ဖီးလ်ကို ရောက်ရှိလာတာ 6 နှစ်ကျော် 7 နှစ် ကာလအတွင်းကို ဝင်လာခဲ့ပြီ ဖြစ်သည့်တိုင်အောင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ဝုဖ် အသင်းနဲ့ တွေ့ဆုံတိုင်း 100% အနိုင်ရလာဒ် ကို ဆက်လက် ဆုပ်ကိုင်နိုင်ဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ဝုဖ် ဟာ သူ့ရဲ့ စိတ်ကြိုက် ပြိုင်ဘက် အသင်းတစ်သင်းလို့ ပြောလု့ိ ရနေပြီး မနေ့ညက ရင်ဆိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာလဲ အိုရီဂီ ရဲ့ နောက်ကျ သွင်းဂိုး နဲ့ အတူ နောက်ထပ် နိုင်ပွဲ တစ်ပွဲကို ဆွတ်ခူးနိုင်ခဲ့ ပြန်ပါတယ်။

လီဗာပူး ရဲ့ ခြေစွမ်းဟာ နိုင်ငံတကာ ပွဲစဉ် ကာလ အပြီးမှာ ကတည်းက ဆက်တိုက် ကောင်းမွန်လာခဲ့သလို 4 ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ ပွဲပေါင်း 3 ပွဲ အထိ ရှိခဲ့ပါတယ်။ ဒါကြောင့်လဲ ဝုဖ် နဲ့ ပွဲမှာ အမြင့်ဆုံး စွမ်းဆောင်ရည် ဆက်လက် ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ၊ အစောပိုင်း ပွဲစဉ်မှာ ထိပ်ဆုံး ဦးဆောင်နေတဲ့ ချဲဆီး က ခြေချော်သွားခဲ့တာကြောင့် လီဗာပူး ရဲ့ ကစားပုံ ဟာ မျှော်လင့်ထားသလောက် တည်ငြိမ်ခဲ့ခြင်းမရှိပဲ စိတ်လှုပ်ရှားမှုတွေ များလွန်းနေတာ မြင်ခဲ့ရပါတယ်။

ပထမပိုင်း ကစားပြီးလို့ မီးနစ် 30 ကျော်လာတော့မှ စွမ်းဆောင်ရည်ပိုင်း က ပြန်လည် တည်ငြိမ်မှု ရရှိလာခဲ့ပြီး တွဲလုံးတွေ နဲ့ ထိုးဖော်ကာ ပြိုင်ဘက် ဂိုးပေါက်ကိုလဲ ဂိုးရလုနီးပါး အခြေအနေတွေ နဲ့ ခြိမ်းခြောက် လာနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ကစားပုံကတော့ ဒီရာသီ လီဗာပူး ရဲ့ အမြင့်ဆုံး ခြေစွမ်းမျိုးလို့တောင် ပြောလို့ ရမယ် ထင်ပါတယ်။

ပုံစံမျိုး နဲ့ ထိုးဖောက်ပြသလို ဝုဖ်ကိုလဲ လုံး၀ အသက်ရှုခွင့်မပေးပဲ တရစပ် တိုက်စစ်ဆင် ကစားပြခဲ့ပါတယ်။ သို့သော် ဒီယိုဂို ဂျော်တာ ၊ ဆာဒီယို မားနေး တို့ဟာ ရရှိလာတဲ့ အခွင့်အရေး တွေကို အသုံးချနိုင်ခြင်း မရှိတာကြောင့် လိုအပ်နေတဲ့ အဖွင့်ဂိုး ရယူနိုင်ဖို့ ခက်ခဲလာခဲ့ပါတယ်။

လီဗာပူး အတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့ 94 မီးနစ် ရောက်မှ လူစားလဲ ဝင်ရောက်လာခဲ့တဲ့ တိုက်စစ်မှုး အိုရီဂီ က မိုဆာလာ ရဲ့ ဖန်တီးပေးပို့မှု ကနေ တဆင့် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြကြီး ကလော့ပ် ကတော့ အိုရီဂီ ရဲ့ နာမည်ကိုတောင် ရိုးရိုးတန်းတန်း သုံးစွဲခြင်း မရှိပဲ ဂန္တဝင် တိုက်စစ်မှုးကြီး အိုရီဂီ လို့တောင် သုံးနှုန်းချီးကျူးကာ ဂုဏ်ပြုသွားခဲ့ ပါတယ်။

“ ဒီလို အဆုံးအဖြတ် ဂိုးလေး တစ်ကြိမ်လောက် သွင်းပြရုံနဲ့တော့ ချန်ပီယံ ဆု အတွက် အချက်ပြနေပြီ ဆိုပြီး ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ဒီလို ပုံစံမျိုး 38 ခါလောက် စွမ်းဆောင်ပြမယ် ဆိုရင်တော့ သေချာပေါက် ပြောလို့ ရနေပါပြီ။

ဒီဂိုး က အရမ်းကို အရေးပါတဲ့ ဂိုးမျိုးပါ။ ပွဲက တော်တော်လေးကို ခက်ခဲလွန်းတော့ ဒီအနိုင်ရလာဒ်ဟာ ကြီးကျယ် ခမ်းနားလွန်းတယ်လို့တောင် ခံစားမိပါတယ်။

ကွင်းထဲက လေတိုက်နှုန်းက ကစားရတာ ခက်တယ်ဗျာ ၊ အထူးသဖြင့် ဘောလုံး ကိုင်ကစားတဲ့ ကျနော့် အသင်းအတွက် အနှောက်အယှက်တွေ ပိုဖြစ်ပါတယ်။ အခွင့်အရေးကောင်းတွေကို လွဲချော်ခဲ့သလို ၊ ဝုဖ် ရဲ့ တန်ပြန်တိုက်စစ်တွေကိုလဲ ခက်ခက်ခဲခဲ ခုခံ ကစားခဲ့ရပါတယ်။ ဒါက ဒီပွဲရဲ့ စိန်ခေါ်မှုတွေပါ။

အဲဒီလို အခြေအနေမျိုးတွေ ကြားထဲကမှ ကျနော့် ကစားသမားတွေ ကစားပြသွားတဲ့ ပုံစံကို တော်တော်လေး သဘောကျပါတယ်။ အစောပိုင်းမှာတော့ နည်းနည်း ရုန်းကန်ခဲ့ရတာပေါ့။ နောက်ပိုင်းမှာ သူတို့ ခံစစ်ကို ဘယ်လို ထိုးဖောက် ကစားရမယ် ဆိုတာ ကစားသမားတွေ သဘောပေါက်လာခဲ့တော့ ဟန်ချက်ညီလာခဲ့ပါတယ်။

နောက်ဆုံး မျှောထိုးပေးရမယ့် အခိုက်အတန့်တွေ ၊ အဆုံးသတ်ပိုင်း တွေကလွဲလို့ ကျန်တာတွေ အကုန်လုံး ပြောစရာကို မရှိခဲ့ပါဘူး။

ကိုယ့်အသင်းက သွင်းဂိုး မရသေးဘူး ဆိုရင် ယုံကြည်မှု ရှိရှိ နဲ့ ဆက်ပြီး ကြိုးစားနေရမယ်လေ။ ကျနော့် ကစားသမားတွေ ကစားပြသွားတာ အဲဒီ အတိုင်းပါပဲ။ ဂန္တဝင် တိုက်စစ်မှုးကြီး အိုရီဂီ ဝင်လာချိန်မှာတော့ ကျနော်တို့ အတွက် အနိုင်သေချာစေမယ့် ဂိုးနဲ့ အဆုံးသတ်ပြသွားခဲ့ပါတယ်။ ကျနော် ကတော့ အရမ်းကို ချစ်တယ်ဗျာ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

 

SPORTS MYANMAR