ဝက်ဖို့ဒ်နဲ့ ပွဲမှာ ဒဏ်ရာရသွားတဲ့ ထရက်ဗာ ချာလိုဘာရဲ့ နောက်ဆုံးရ အခြေအနေ အကြောင်း အသိပေးခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ယနေ့ မနက် က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ မှာ တန်းတက် ဝက်ဖို့ဒ် အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရကာ ၊ မေဆင်မောင့် ၊ ဟာကင် ဇီယက်ချ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၁ – ၂ ရလဒ်နဲ့ အနိုင် ၃မှတ် အပြည့် ရခဲ့ပါတယ် ။

 

အဓိက ကစားသမား အများအပြား ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာ ရှိနေလို့ ၊ ဒီ နိုင်ပွဲ ဟာ ချဲလ်ဆီး အသင်း အတွက် အဆိုးထဲက အကောင်း တခု ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် ၊ ဒုတိယပိုင်း အတွင်း ဒဏ်ရာရသွားခဲ့ပြန်တဲ့ အကယ်ဒမီထွက် အင်္ဂလန် လူငယ် ခံစစ်မှူး ထရက်ဗာ ချာလိုဘာကြောင့် အပြည့်အဝ မပျော်ခဲ့ရပြန်ပါဘူး ။

 

ယနေ့မနက်ပွဲ မတိုင်ခင် က ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ၊ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ၊ မတ်တီယို ကိုဗာဆစ်တို့ ဒဏ်ရာကြောင့် အသီးသီး နားထားရသလို ၊ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ၊ ကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ တိုက်စစ်မှူး တီမို ဗာနာ တို့ဟာလည်း ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ထားခဲ့ရပါတယ် ။

ထိုအထဲမှာ ဂျော်ဂျင်ဟိုနဲ့ ဗာနာတို့ဟာ ယနေ့မနက် က ပွဲရဲ့ ကစားသမား စာရင်းမှာ ပြန်လည် ပူးပေါင်း ပါဝင်ခဲ့ပေမယ့် ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ ၎င်းတို့ ၂ဦးလုံးကို အပြည့်အဝ အနားပေးခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ချဲလ်ဆီးရဲ့ ယနေ့ မနက်က ကစားပုံ ဟာ သိသိသာသာ ဆိုးရွားခဲ့တာကို တွေ့ရပါတယ် ။

ဒီပွဲ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၄ပွဲဆက် ကစားခွင့် ရထားတဲ့ ချာလိုဘာ ဟာ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့လို့ ၊ ဒုတိယပိုင်း အစပိုင်းလောက်မှာတင် ၊ မော်ရိုကို လက်ရွေးစင် တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ်နဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ် ။

အသက် ၂၂နှစ် အရွယ် ချာလိုဘာ ဟာ နောက်ပိုင်း ချဲလ်ဆီး အသင်း အတွက် အားထားရတဲ့ နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြ ကစားနေတာ ဖြစ်လို့ ၊ အခုလို ၎င်း ဒဏ်ရာ ရသွားခဲ့တာ ဟာ ချဲလ်ဆီး အတွက် ထိုးနှက်ချက် တရပ် ဖြစ်ခဲ့မှာ သေချာပါတယ် ။

ပွဲအပြီး Amazon Prime ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ချာလိုဘာရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” လာမယ့် စနေနေ့မှာ ကျွန်တော်တို့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲတပွဲ ကစားရဦးမှာပါ ။ ဒီပွဲကို ချာလိုဘာ လွဲချော်မှာကို ကျွန်တော် အစိုးရိမ်ဆုံး ဖြစ်ပါတယ် ။ ”

” ဒီနေ့ပွဲမှာ အသင်းသားတွေ မကြာခဏ ထိခိုက်မှုတွေနဲ့ ကြုံခဲ့ရတာကြောင့် ၊ ကျွန်တော့ စိတ်ထဲမှာ ကလပ် ဆရာဝန်တွေဟာ ကွင်းထဲ အခါ ၂၀လောက် ဝင်ထွက်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ် ။ ထရက်ဗာ ဒဏ်ရာ ရသွားခဲ့တာ ဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ ဆူံးရှုံးမှု တရပ် ဖြစ်တာကြောင့် ကျွန်တော် စိုးရိမ်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

အခုလို ချာလိုဘာ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့တာကြောင့် ၊ ချဲလ်ဆီး အသင်းရဲ့ ၃ယောက်တွဲ ခံစစ်မှာ ဒေါင်ဒေါင်မြည် ခံစစ်မှူး ၃ဦးနဲ့ အရန် ခံစစ်မှူး အဖြစ် မာလန်းဆား တဦးတည်းသာ ကျန်ရှိပါတော့တယ် ။ ဒါဟာ ဒီဇင်ဘာမှာ ၇ပွဲအထိ ကစားဖို့ ရှိသေးတဲ့ ချဲလ်ဆီး အဖို့တော့ စိုးရိမ်စရာ အနေအထား တရပ်လည်း ဖြစ်ပါတယ် ။

SPORTS MYANMAR