ဝက်စ်ဟမ်း ရခဲ့တဲ့ ပင်နယ်တီမှာ မန်ဒီနဲ့ ဂျော်ဂျင်ဟို အနက် အပြစ် ဘယ်သူပိုရှိလဲ ဆိုတာ သုံးသပ်လိုက်တဲ့ ရီယို ဖာဒီနန်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လန်ဒန်ဒါဘီ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်း ကို ၂ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပြီးမှ ၊ ချေပဂိုး ၂ဂိုးနဲ့ အနိုင်ဂိုးပါ ပြန်ပေးခဲ့ရကာ ၊ ၃ – ၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး အသင်း ဟာ ၂လခန့် ဦးဆောင်လာတဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာကနေ ပြန်ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ် ။ ဒီပွဲမှာ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်း ဟာ ခြေစွမ်း အရမ်း ပေါ်လွင်လွန်းခဲ့လို့ မဟုတ်ပဲ ၊ ချဲလ်ဆီး ခံစစ်နဲ့ ကွင်းလယ် က ပေါ့လျော့မှုတွေကြောင့် ရှုံးခဲ့ရတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ် ။

အထူးသဖြင့် ပထမပိုင်း ပြီးခါနီးမှာ ပေးခဲ့ရတဲ့ ပင်နယ်တီ ချေပဂိုး ဟာ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီတို့နဲ့ တိုက်ရိုက် ပတ်သက်မှု ရှိခဲ့ပါတယ် ။ ဂျော်ဂျင်ဟို ဟာ အနောက်မှာ ဝက်စ်ဟမ်း တောင်ပံ ကစားသမား ဂျရော့ဒ် ဘိုဝမ် ရှိနေတာကို သိလျက်နဲ့ ဂိုးသမားထံ ဘောလုံး ပေးပို့ပုံ သေသပ်ခဲ့ခြင်း မရှိပါဘူး ။

ဒါ့အပြင် မန်ဒီ ဟာလည်း ဘိုဝမ်ထက် ဘောလုံးဦးအောင် အရင် ရခဲ့ပြီး ၊ ဘေးစည်းဖြစ်ဖြစ် ၊ ကွင်းလယ် ဖြစ်ဖြစ် ကန်တင် ရှင်းထုတ်ခွင့် အပြည့်အဝ ရခဲ့ပေမယ့် ၊ ပြိုင်ဖက် ကစားသမားကို လှည့်စားဖို့နဲ့ အသင်းဖော်ထံ ရနိုင်သလောက် အတိအကျ ဘောလုံးပေးနိုင်ဖို့ကို အာရုံစိုက်ခဲ့တာကြောင့် ၊ မလိုလားအပ်တဲ့ ပင်နယ်တီမျိုး ပေးခဲ့ရတာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် ကတော့ ဝက်စ်ဟမ်းဖက်မှ ရရှိခဲ့တဲ့ ပင်နယ်တီမှာ ဂျော်ဂျင်ဟိုရော ၊ မန်ဒီမှာပါ အမှားမကင်းခဲ့ပေမယ့် ၊ မန်ဒီ ဟာ ထိုဖြစ်ရပ်မှာ အပြစ် ပိုကြီးမားခဲ့ကြောင်းကို အခုလိုပဲ သုံးသပ်မှု လုပ်သွားခဲ့ပါတယ် ။

BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဖာဒီနန် က ” ဒီ ပင်နယ်တီမှာ အဓိက အပြစ်ရှိခဲ့တာ က ဂိုးသမားလို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ဘောလုံး အရင် ကြိုဦးအောင် ရှင်းထုတ်ခွင် ရှိခဲ့တာပါ ။ ဂျော်ဂျင်ဟို ဟာ နောက်ပြန် ဘောလုံး ပေးတာကို ခပ်တိုတိုပဲ ပေးခဲ့တာ မှန်ပါတယ် ။ ဒါပေမယ့် ဂိုးသမား ဟာ အချိန်မှီ အဲဒီ ပေးပို့မှုကို လက်ခံရရှိခဲ့ပါတယ် ။ ”

” ဒီတော့ သူ့အနေနဲ့ တွေဝေမနေပဲ ချက်ချင်း ရှင်းထုတ်ခဲ့သင့်တာပါ ။ ဒါတောင် နောက်တကြိမ် ရှင်းထုတ်ဖို့ အခွင့်အရေး ရခဲ့ပြီး ၊ ထိချက် တခု အတွက် အချိန်ယူလိုက်တဲ့ အချိန်မှာ မလိုလားအပ်တဲ့ စိုးရိမ်စိတ်တွေ ပိုတိုးစေခဲ့ပါတယ် ။ အဲဒီမှာ သူ ဘောလုံး ရှင်းထုတ်ဖို့ ကြိုးစားပေမယ့် နောက်ကျသွားခဲ့ပြီး ၊ ပင်နယ်တီ ပေးလိုက်ရပါတယ် ။ ”

” ထိချက် တချက် လုပ်မယ့် အစား ၊ ရှင်းထုတ်စရာ ရှိတာ ရှင်းထုတ်ခဲ့ရမှာပါ ။ ပြဿနာ က သူဟာ ပြီးပြည့်စုံတဲ့ ကစားပုံမျိုး ဖြစ်ချင်တဲ့ ဆန္ဒ များသွားခဲ့တာပါ ။ ဒီလို အခြေအနေမျိုးမှာ ဒါက ဦးစားပေး လုပ်ရမယ့် အရာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုကိုးလ် ကလည်း ဖာဒီနန်ရဲ့ ချဲလ်ဆီး ပထမ ပေးဂိုး အပေါ် သုံးသပ်ချက် ကို ထောက်ခံခဲ့ပေမယ့် ၊ တတိယ ပေးဂိုး ဖြစ်တဲ့ မာဆူဝါကူရဲ့ deflection ကန်ချက် ဂိုးဝင်သွားခဲ့တာ ကတော့ မန်ဒီရဲ့ အမှား မဟုတ်ခဲ့ကြောင်း အခုလိုပဲ ကာကွယ် ပြောဆိုခဲ့ပါတယ် ။

 

ဂျိုကိုးလ် က ” မန်ဒီ ဟာ ပင်နယ်တီ ပေးခဲ့ရတဲ့ နေရာမှာ မှားခဲ့တယ် ဆိုတာ ကျွန်တော် လက်ခံပါတယ် ။ ဒါပေမယ့် မာဆူဝါကူရဲ့ ဂိုးက ကြက်ကန်းဆန်အိုးတိုးတဲ့ ဂိုးမျိုးပါ ။ ဒါနဲ့ပတ်သက်ပြီး မန်ဒီကို သွားအပြစ်တင်လို့ မရပါဘူး ။ သူဟာ ချဲလ်ဆီး အတွက် ကြီးကျယ်တဲ့ ကာကွယ်မှု လုပ်ပေးခဲ့တာ တပုံကြီးပါပဲ ။ ”

” ဂိုးသမားတွေဟာလည်း လူသားတွေပါပဲ ။ စက်ရုပ်တွေ မဟုတ်ကြပါဘူး ။ ဒီနေရာမှာ မာဆူဝါကူရဲ့ ဖြတ်တင်ဘော ဟာ ရိစ်ဂျိမ်းစ်နဲ့ ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့တာပါ ။ တခါတလေမှာ ဒီလို ကြက်ဂိုး ဒါမှမဟုတ် ကမ္ဘာ့အဆင့်လို့ သတ်မှတ်ရမယ့် ဂိုးမျိုးမှ ချဲလ်ဆီးကို နိုင်လိုက်တာမျိုး ဖြစ်တတ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR