လူမစုံခဲ့ပေမယ့် ၊ ခြင်္သေ့ပြာတို့ အတွက် အပေါင်း လက္ခဏာ အချို့ဆောင်ခဲ့တဲ့ ဝုလ်ဗ် ၀ – ၀ ချဲလ်ဆီးပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ မှာ ကိုဗစ် ပေါ့စတစ် အသင်းသား ၇ဦး အထိ ရှိခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ လူမစုံတဲ့ကြားက အဝေးကွင်းမှာ ကစားရခက်တဲ့ ဝုလ်ဗ်ကို ၀ – ၀ သရေ ကစားနိုင်ခဲ့ပါတယ် ။ ထိုရလဒ်ကြောင့် ဇယားထိပ်က မန်စီးတီးနဲ့ ချဲလ်ဆီး အကြား ၆မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

တပွဲလုံးမှာ ဝုလ်ဗ်ဖက်က ကွင်းလယ်လူ ဒန်ဒွန်ကာရဲ့ အပိုင် ခေါင်းတိုက်ချက် တကြိမ်သာ ဂိုးပေါက် တည့်မတ်မှု ရှိခဲ့တာကြောင့် ၊ မန်ဒီ အတွက် ထွေထွေထူးထူး အလုပ်မများခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ် ။

နောက်တန်း – ဆီဆာ အက်ဇ်ပီလီကွီတာ ( Rating – 7 ) ၊ သီယာဂို ဆေးလ်ဗား ( Rating – 8 ) ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 )

ပထမပိုင်း အတွင်း ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့တဲ့ အိမ်ရှင် အသင်းကို ချဲလ်ဆီး ခံစစ် က VAR မှ ပယ်ဖျက်ခဲ့တဲ့ ဂိုးက လွဲရင် ၊ နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ခြုံပြီး သုံးသပ်ရမှာ ဖြစ်ပါတယ် ။ သီယာဂို ဆေးလ်ဗား ကတော့ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ဆက်လက် ပြသနေဆဲ ဖြစ်ပြီး ၊ အဖွင့် မိနစ် ၃၀ အတွင်း အရေးပါတဲ့ block ၂ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

ကလပ် အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာ ကတော့ ပထမပိုင်းမှာ ဝုလ်ဗ်ရဲ့ ဘယ်ခြမ်း တိုက်စစ် ထိုးဖောက်မှုကို ကိုင်တွယ်နိုင်ဖို့ အနည်းငယ် ရုန်းကန်ခဲ့ရသလို ၊ ရိစ်ဂျိမ်းစ်ကိုလည်း ထူးထူးခြားခြား ပံ့ပိုးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး ။ ဒုတိယပိုင်းမှာတော့ ပိုကောင်းတဲ့ ခြေစွမ်း ပြသနိုင်ခဲ့ပြီး ၊ လိုအပ်သလို တိုက်စစ် အထိ overlap တက်ဆော့ပေးနိုင်ခဲ့ပါတယ် ။

ရူဒီဂါ ကတော့ ဝုလ်ဗ် တိုက်စစ်မှူး ရာအူးလ် ဟင်မီနက်ဇ်ကို တားဆီးမှုကြောင့် အစောပိုင်း မိနစ်တွေမှာပဲ တဝါ အပြသခံခဲ့ရတာကြောင့် ၊ ထိန်းထိန်းသိမ်းသိမ်း ခံစစ် ကစားခဲ့ရပေမယ့် ၊ အမှားအယွင်း ကျူးလွန်ခဲ့တာတွေ လုံးဝ မရှိခဲ့ပါဘူး ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ( Rating – 7 ) ၊ အန်ဂိုလို ကန်တေ ( Rating – 8 ) ၊ ထရက်ဗာ ချာလိုဘာ ၊ မားကို့စ် အလွန်ဆို ( Rating – 6 )

သောမတ်စ် တူချယ်ရဲ့ နောက်ထပ် ကွင်းလယ် အတွဲသစ် ပွဲထုတ်မှုကို ထပ်မံ မြင်တွေ့ခဲ့ရပြီး ၊ မကြာသေးခင်ကမှ လေ့ကျင့်မှုတွေ ပြန်လုပ်လာနိုင်တဲ့ ကန်တေနဲ့ ချာလိုဘာ ကို အတူ တွဲကစားစေခဲ့ခြင်း ဖြစ်ပါတယ် ။ ချဲလ်ဆီး ဟာ ကန်တေကို ရှေ့ပွဲတွေမှာ ဘယ်လောက်ထိ လိုအပ်ခဲ့တယ် ဆိုတာ မနေ့ည က ပွဲက အထူး သက်သေပြခဲ့ပါတယ် ။

ဂျော်ဂျင်ဟို ၊ လော့ဖ်တပ်စ်ချိခ်တို့ မရှိချိန်မှာ ချာလိုဘာ ဟာ တာဝန် အပြည့်ယူပေးနိုင်ခဲ့ပြီး ၊ ကစားနေကျ မဟုတ်တဲ့ ကွင်းလယ်မှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ကစားနိုင်ခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ ပထမပိုင်း အတွင်း က သီယာဂို ဆေးလ်ဗားနဲ့ အချင်းချင်း မတော်တဆ ဖျက်ထုတ်မိရာကနေ ၊ ဒဏ်ရာ ရခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ် ။

ညာခြမ်း က ရိစ်ဂျိမ်းစ်ကို အထူး ဖိအားပေး ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ ဝုလ်ဗ်ကြောင့် ချဲလ်ဆီးတို့ ပထမပိုင်းမှာ ၎င်းထံကနေ ထိရောက်တဲ့ ထိုးဖောက်မှုတွေ လုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ သို့ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ဂျိမ်းစ် ဟာ ဝုလ်ဗ် နောက်တန်းကို ကြံ့ခိုင်မှု အားကိုးနဲ့ တွန်းတွန်းတိုက်တိုက် ပြန်ကစားနိုင်ခဲ့သလို ၊ ကောင်းမွန်တဲ့ ပေးပို့မှု ၊ ဖြတ်တင်မှု အချို့လည်း လုပ်နိုင်ခဲ့ပါတယ် ။

ဘယ်ခြမ်းမှာတော့ အလွန်ဆို ဟာ အရှေ့ပွဲတွေကထက် ပိုမို အာရုံစိုက်နိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ၊ ဝုလ်ဗ် wing-back ဟိုဗာကို one vs one ယှဉ်ကစားနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် ၎င်းရဲ့ အာရုံစိုက်မှု လျော့နည်းခဲ့ခြင်းကြောင့် ဒန်ဒွန်ကာကို အပိုင် ခေါင်းတိုက်ခွင့် တကြိမ် ပေးခဲ့ရပြီး ၊ မန်ဒီ ကာကွယ်ပေးခဲ့လို့ ချဲလ်ဆီးတို့ သက်သာရာ ရခဲ့ပါတယ် ။

တိုက်စစ် – မေဆင်မောင့် ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 7 ) ၊ ဟာကင် ဇီယက်ချ် ( Rating – 6 )

အဲဗာတန်နဲ့ ပွဲက တိုက်စစ်အတွဲကို တူချယ် ဆက်လက် ပွဲထုတ်ခဲ့ပြီး ၊ physical ရှုထောင့် အရတော့ ဒီ အတွဲအဖက် ဟာ ဝုလ်ဗ် ခံစစ်ကို ထိထိရောက်ရောက် ဖိအား မပေးနိုင်ခဲ့ပေမယ့် ၊ ပူလီဆစ်နဲ့ မောင့်တို့ရဲ့ တချက်တချက် ရှေ့ပြေးထွက်မှုတွေက အလယ်ကြောမှ ဖြတ်တင်ဘောတွေနဲ့ ဝုလ်ဗ် ခံစစ်ကို အလုပ်ရှုပ်စေခဲ့ပါတယ် ။

ဒုတိယပိုင်းမှာ တန်ပြန်တိုက်စစ်ကို one-two pass တွေနဲ့ ကစားရင်း ၊ ဆွဲဆွဲပြေးပြေးနဲ့ ပူလီဆစ် တယောက် ဂိုးသမားနဲ့ one vs one အပိုင် ကန်ခွင့်ရခဲ့ပေမယ့် ၊ ဟိုဆေးဆား လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ် ။ မောင့် ဆိုရင်လည်း ပထမပိုင်းထက် ဒုတိယပိုင်းမှာ ပိုမို တောက်ပခဲ့ပါတယ် ။

ဇီယက်ချ် ကတော့ ထုံးစံ အတိုင်း ကြံ့ခိုင်မှု ဦးစားပေး အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ ရုန်းကန်ရပြီး ၊ မနေ့ည က ပွဲမှာ ၎င်းရဲ့ ခြေစွမ်း မပေါ်လွင်ခဲသလို ၊ ဒဏ်ရာ အသေးစား တခု ရခဲ့လို့ ၊ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ – ဆာအူးလ် နီဂွက်ဇ် ( Rating – 6 ) ၊ မတ်တီယို ကိုဗာဆစ် ( Rating – 5 )

ဒုတိယပိုင်း စစချင်း လူစားဝင်ခွင့် ရခဲ့တဲ့ ဆာအူးလ် ဟာ ဂျော်ဂျင်ဟိုရဲ့ role ကို တာဝန်ယူခဲ့ပြီး ၊ တဦးတည်း ဆွဲပြေးဖို့ ကြိုးစားရင်းကနေ ဟင်မီနက်ဇ်ရဲ့ ဘောလုံး လုယူမှု ခံခဲ့ရတဲ့ တကြိမ်က လွဲရင် ၊ ၎င်းဟာ အံ့အားသင့်စရာကောင်းလောက်အောင် ခြေစွမ်း တည်ငြိမ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ အနည်းဆုံးတော့ မနေ့ညက ခြေစွမ်းဟာ ၎င်းအဖို့ အဲဗာတန်နဲ့ ပွဲက အမှားကို တမျိုးတဖုံ ချေဖျက်ဖို့ ဖြစ်စေခဲ့ပါတယ် ။

ဒဏ်ရာကြောင့် တလခွဲလောက် နားနေခဲ့ရအပြီး မနေ့ည က ပွဲမှာ လူစားဝင်ခွင့်ကနေ တဆင့် ပြန်ပါနိုင်ခဲ့တဲ့ ကိုဗာဆစ် ကတော့ pressing စတိုင်လ်နဲ့ အလိမ်အခေါက်ကို ဦးစားပေးပြီး ၊ ကွင်းလယ်အားကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ် ။

SPORTS MYANMAR