လူစုံတဲ့ ဘရန်းဖို့ဒ်ကို ခြင်္သေ့ပြာတို့ အရန် အများစုနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ ဘရန်းဖို့ဒ် ၀ – ၂ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ကွာတားဖိုင်နယ် ပွဲတပွဲမှာ အနောက် လန်ဒန် ကလပ် ၂သင်း ဖြစ်တဲ့ ဘရန်းဖို့ဒ်နဲ့ ချဲလ်ဆီးတို့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ ၊ ဒဏ်ရာ ၊ ကြံ့ခိုင်မှု ၊ ကိုဗစ် ပြဿနာ များစွာ ရှိထားတဲ့ ဧည့်သည် ချဲလ်ဆီး ဟာ လူစုံနေတဲ့ အိမ်ရှင် ဘရန်းဖို့ဒ် ကို ပွဲပြီးခါနီး သွင်းဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ အနိုင်ရကာ ၊ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 8 )

အိမ်ရှင် အသင်းရဲ့ အပိုင် ဂိုးပေါက် ခြိမ်းခြောက်မှု ၃ကြိမ် အထိ လက်စွမ်းပြ ကာကွယ်ခဲ့ပြီး ၊ ပွဲပြီးခါနီး ပင်နယ်တီ ပေးရခါနီး အနေအထားမှာလည်း ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ် ။ ကီပါ အနေနဲ့ ဒီ လက်စွမ်းသာ ဆက်ထိန်းနိုင်ရင် ၊ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ ကစားမယ့် မန်ဒီ နေရာ အတွက် အထူးတလည် စိတ်ပူစရာရှိမှာ မဟုတ်ပါဘူး ။

နောက်တန်း – ဆီဆာ အက်ဇ်ပီလီကွီတာ ( Rating – 7 ) ၊ ထရက်ဗာ ချာလိုဘာ ( Rating – 8 ) ၊ မာလန်းဆား ( Rating – 6 )

ရှုံးထွက်ဖလား ပွဲတွေမှာ အသုံးပြုနေကျ ခံစစ် အတွဲကို တူချယ် တယောက် မနေ့ညက ပွဲမှာ ဆက်လက် ပွဲထုတ်ခဲ့ပြီး ၊ တပွဲလုံး ခြုံငုံ သုံးသပ်ရရင်တော့ အတွဲလိုက် ကစားပုံ က ကောင်းသင့်သလောက် ကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ တဦးချင်း စွမ်းဆောင်ရည်မှာတော့ ချာလိုဘာ က အထက်မြက်ဆုံး ဖြစ်ခဲ့ပါတယ် ။

ပထမပိုင်းမှာ ခံစစ် က ဘရန်းဖို့ဒ်ရဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်မှု အချို့ကို တားဆီးဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ် ။ အထူးသဖြင့် မာလန်းဆား ဟာ ဘရန်းဖို့ဒ် တိုက်စစ်မှူး ဝစ်ဆာကို marking ကောင်းကောင်း မကပ်နိုင်ခဲ့ပါဘူး ။ ဒုတိယပိုင်းမှာတော့ ၎င်းရဲ့ ကစားပုံ တည်ငြိမ်မှု ရှိခဲ့ပါတယ် ။

ညာခြမ်းမှာတော့ ကလပ် အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာ ဟာ ဆယ်ကျော်သက် debutant လေး ဇာဗီယာ ဆိုင်မွန် အတွက် အထူး ပံ့ပိုးမှုတွေ လုပ်ပေးနိုင်ခဲ့ကာ ၊ ခံစစ် ကျစ်လျစ်မှု ရှိစေဖို့ ကူညီနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ဇာဗီယာ ဆိုင်မွန် ၊ ဆာအူးလ် နီဂွက်ဇ် ၊ မတ်တီယို ကိုဗာဆစ် ၊ မားကို့စ် အလွန်ဆို ( Rating – 7 )

ကွင်းလယ် ကစားအား က လူစုံနေတဲ့ ဘရန်းဖို့ဒ်ကို ယှဉ်ဖိုက်နိုင်ခဲ့တာကြောင့် ၊ အတော်အသင့် အားရစရာကောင်းခဲ့ပါတယ် ။ ပထမပိုင်းမှာ ဂျော်ဂျင်ဟိုရဲ့ deep lying role ၊ ဒုတိယပိုင်းမှာ box-to-box role ကို တာဝန်ယူခဲ့တဲ့ ဆာအူးလ် ဟာ ၂ပွဲဆက် ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ ဒါဟာ ချဲလ်ဆီး အတွက် တကယ့် အပေါင်း လက္ခဏာ ဆောင်တဲ့ အနေအထား တရပ်ပဲ ဖြစ်ပါတယ် ။

အလားတူ ကိုဗာဆစ် ဟာ ပထမပိုင်း တပိုင်းစာ ကစားပေးနိုင်ခဲ့တဲ့ အတွက် ၊ အတော်အသင့် ကြံ့ခိုင်မှု ပုံစံကို ပြန်လည် ဆုပ်ကိုင်ထားနိုင်ခဲ့ပါပြီ ။ ကိုဗာဆစ် က တိုက်စစ် အတွက် ပိုမို လိုက်ပါတဲ့ အချိန်မှာ ၊ ဆာအူးလ် ဟာ ကွင်းလယ် ခံစစ်ကို သေသေချာချာ တာဝန်ယူခဲ့ပြီး ၊ ဘောလုံး တားဆီးမှု ၊ ဖြတ်ယူမှု ၊ ပေးပို့မှု ရစ်သမ် မှန်မှန် လုပ်နိုင်ခဲ့ပါတယ် ။

ညာ wing-back နေရာကနေ ပထမဆုံး စီနီယာ ပွဲထွက်ခွင့် ရခဲ့တဲ့ ဇာဗီယာ ဆိုင်မွန်ဟာလည်း ဗွေဆော်ဦးပွဲ အဖြစ် ခြေစွမ်း တောက်ပခဲ့တယ်ပဲ ဆိုရမှာ ဖြစ်ပါတယ် ။ ပထမပိုင်းမှာ ဘရန်းဖို့ဒ်ရဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်မှု အချို့မှာ အငိုက်မိခဲ့ပေမယ့် ၊ ဆယ်ကျော်သက် တဦး ဖြစ်တဲ့ ၎င်းရဲ့ ကစားအားကို ချီးကျူးရမှာ ဖြစ်ပါတယ် ။

ကာလရှည် ဒဏ်ရာရနေတဲ့ ချေဝဲလ်ကြောင့် နောက်ပိုင်းပွဲတွေမှာ ဆက်တိုက် ပွဲထွက်နေရတဲ့ အလွန်ဆို ဟာ ဒီပွဲမှာ အထူး ခြေစွမ်း တောက်ပခဲ့ပါတယ် ။ ထုံးစံအတိုင်း ခံစစ်ကို အများကြီး မကူပေးနိုင်ခဲ့ပေမယ့် ၊ ဘရန်းဖို့ဒ် wing-back ဆာဂျီ ကန်းနော့စ် ကို အလွန်ဆို တယောက် တချိန်လုံး ဒုက္ခပေးနိုင်ခဲ့သလို ၊ ထိရောက်မှု ရှိတဲ့ ဖြတ်တင်ဘော ၂ကြိမ် ၊ ၃ကြိမ်လောက် လုပ်နိုင်ခဲ့ပါတယ် ။

တိုက်စစ် – ရော့စ်ဘာကလေ ( Rating – 6 ) ၊ ဂျုဒ်ဆွန်းစ်အပ်ဘဲလ် ( Rating – 7 ) ၊ ဟာဗီ ဗေးလ် ( Rating – 8 )

တသင်းလုံးနီးပါး ကစားပုံ အထူး ကောင်းခဲ့တဲ့ အချိန်မှာ ခြေစွမ်းမပြနိုင်ခဲ့သူ ကတော့ ဘာကလေ ဖြစ်ခဲ့ပါတယ် ။ ဘောလုံးကိုင်ပုံ ကြာတဲ့ ကစားဟန်ကို အခုထိ မပြုပြင်နိုင်သေးသလို ၊ ၎င်းရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဘရန်းဖို့ဒ် ခံစစ် ကို ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ပါဘူး ။ half-chance ၂ကြိမ်ကိုလည်း လက်လွတ်စပယ် ဖြုန်းတီးခဲ့ပါတယ် ။

နောက်ထပ် စီနီယာ ပွဲထွက်ခွင့် ကိုယ်စီ ရခဲ့ကြတဲ့ ဂျုဒ်ဘဲလ် နဲ့ ဟာဗီဗေးလ် တို့ဟာ အကယ်ဒမီမှာ တွဲဖက် ကစားနေကျ one-two တွဲလုံးတွေနဲ့ ဘရန်းဖို့ဒ် ခံစစ်ကို အတိုင်အဖောက် ညီညီ ထိုးဖောက်နိုင်ခဲ့ပြီး ၊ ပရီးမီးယားလိဂ် ကလပ် တသင်းနဲ့ ပထမဆုံး ရင်ဆိုင်ရချိန်မှာ ရှိန်မနေပဲ pressing အပြည့်နဲ့ ဖိအားပေးသွားခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ဂျော်ဂျင်ဟို ၊ ရိစ်ဂျိမ်းစ် ၊ အန်ဂိုလို ကန်တေ ( Rating – 7 ) ၊ မေဆင်မောင့် ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 6 )

တူချယ်ရဲ့ နောက်ထပ် masterclass လူစားလဲမှုတွေ ဖြစ်ခဲ့ပြီး ၊ subtitute တိုင်း ခြေစွမ်းပြနိုင်ခဲ့ကြပါတယ် ။ ကိုဗာဆစ် အစား လူစားဝင်ခဲ့တဲ့ ဂျော်ဂျင်ဟို ဟာ ချဲလ်ဆီး ကွင်းလယ်ကို ပိုမို တည်ငြိမ်စေခဲ့သလို ၊ ဒုတိယ ဦးဆောင်ဂိုးကိုလည်း ရလာတဲ့ ပင်နယ်တီ အခွင့်အရေးကနေ အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့ပါတယ် ။

ဂျုဒ်ဘဲလ် အစား ဝင်ကစားတဲ့ ပူလီဆစ် ကတော့ အရေးပါတဲ့ ပင်နယ်တီကို ဘရန်းဖို့ဒ် ဂိုးသမားကို ပညာသားပါပါ ကျော်ဖြတ်ကာ ၊ ရယူပေးခဲ့ပါတယ် ။ အဖွင့်ဂိုး ဖြစ်တဲ့ ဘရန်းဖို့ဒ် နောက်ခံလူ ယန်ဆင်ရဲ့ OG ဟာ ဆိုင်မွန် အစား လူစားဝင်ခဲ့တဲ့ ရိစ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောမှ ရခဲ့ပါတယ် ။ အလားတူ အန်ဂိုလို ကန်တေ ဟာ ထိုဂိုးမဖြစ်လာခင် ဘောလုံး လမ်းကြောင်း စတည်ပေးနိုင်ခဲ့ပါတယ် ။

SPORTS MYANMAR