လူစားဝင် ချဲလ်ဆီး ကြယ်ပွင့် ၂ဦး ခြေစွမ်းပြခဲ့ပြီး ၊ စပိန်သား ၃ဦး ခြေစွမ်း စုတ်ချာခဲ့တဲ့ ဝက်ဖို့ဒ် ၁ – ၂ ချဲလ်ဆီး ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

ယနေ့မနက် က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီး အသင်း ဟာ တန်းတက် ဝက်ဖို့ဒ် အသင်းကို ထင်ထားတာထက် ပိုမို ခက်ခက်ခဲခဲ ကစားခဲ့ရကာ ၊ ၁ – ၂ ရလဒ်နဲ့ ကပ်အနိုင်ရခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

စွမ်းဆောင်ရည် အထူး မြင့်မားခဲ့တဲ့ ပွဲထွက် ကစားသမားတွေထဲမှာ ဂိုးသမား မန်ဒီလည်း ပါဝင်ခဲ့ပြီး ၊ ၎င်းရဲ့ လက်စွမ်းပြ ကာကွယ်မှု ၃ ၊ ၄ကြိမ်ကြောင့် ချဲလ်ဆီးတို့ ဂိုးများများ ပေးရနိုင်ခြေကနေ ဝေးကွာခဲ့ပါတယ် ။

ခံစစ် – ထရက်ဗာ ချာလိုဘာ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ အန်တိုနီယို ရူဒီဂါ ( Rating – 6 )

ပထမပိုင်းမှာ ဒီ ၃ယောက်တွဲ ခံစစ် ဟာ နားလည်မှု အပြည့်နဲ့ ကစားနိုင်ဖို့ အနည်းငယ် ရုန်းကန်ခဲ့တာကို တွေ့ရပါတယ် ။ ဝက်ဖို့ဒ်ရဲ့ အဝေးဘော ၊ ဖြတ်တင်ဘောတွေနဲ့ ခြိမ်းခြောက်မှု များစွာကို ချဲလ်ဆီး ခံစစ် က ဒီပွဲမှာ တာဝန်ယူ ရှင်းထုတ်ဖို့ ပျက်ကွက်ခဲ့တာ များပါတယ် ။

ပြိုင်ပွဲစုံ နောက်ဆုံး ၄ပွဲဆက် ပွဲထွက်ခွင့် ရခဲ့တဲ့ ချာလိုဘာ ဟာ ဒီပွဲမှာ သာမန် စွမ်းဆောင်ရည်ပဲ ပြသနိုင်ခဲ့ပြီး ၊ ဘောလုံး ဖြန့်ဝေမှု အားနည်းခဲ့တာကို တွေ့ရပါတယ် ။ ဒုတိယပိုင်းမှာတော့ ၎င်းဟာ နည်းစနစ် လိုအပ်ချက် အရ ကွင်းလယ် ခံစစ် နေရာကို တာဝန်ယူခဲ့ရပေမယ့် ၊ ဒဏ်ရာ ရခဲ့တာကြောင့် ၁၀မိနစ် အတွင်း လူစားလဲခံခဲ့ရပါတယ် ။

International break အပြီး ပထမဆုံး ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ ခရစ်တန်ဆန် ဟာ အတွင်း ဗဟိုခံစစ် နေရာကို တာဝန်ယူခဲ့ပေမယ့် ၊ ၎င်းရဲ့ ပထမပိုင်း အတွင်း ပွဲအပေါ် အာရုံစိုက်မှု က အတော်လေး အားနည်းခဲ့ပါတယ် ။ စာချုပ်သစ် ကိစ္စ အဆင်မပြေတဲ့ အကြောင်းအရာ က ၎င်းရဲ့ ခေါင်းထဲမှာ ပိုမို နေရာယူထားတဲ့ပုံ ပေါ်ခဲ့ပါတယ် ။

အလားတူ ပုံမှန်ဆို မာမာထန်ထန်နဲ့ ပြိုင်ဖက် ကစားသမားတွေကို လွယ်လွယ်ကူကူ ကျော်ဖြတ်ခွင့် မပေးတတ်တဲ့ ရူဒီဂါရဲ့ ခြေစွမ်း ဟာလည်း သာမန်ထက် မပိုခဲ့ပဲ ၊ ဝက်ဖို့ဒ် တို.က်စစ် က ဒန်းနစ်နဲ့ ဂျော့ရွှာကင်း တို့ကို ပထမပိုင်း အတွင်း သေသေချာချာ တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး ။

 

ကွင်းလယ် – ဆီဆာ အက်ဇ်ပီလီကွီတာ ( Rating – 5 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ( Rating – 6 ) ၊ ဆာအူးလ် နီဂွက်ဇ် ( Rating – 4 ) ၊ မားကို့စ် အလွန်ဆို ( Rating – 5 )

ပုံမှန်ဆို ကိုယ့်ထက် တဆင့်နိမ့်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ၊ ချဲလ်ဆီး ကွင်းလယ် ဟာ ဘောလုံး ပိုင်ဆိုင်မှု ပြတ်ပြတ်သားသား အသာစီးနဲ့ လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ၊ ယနေ့ မနက် က ပွဲမှာတော့ ကွင်းလယ် က ခါးပြတ်နေသလို ဖြစ်နေပြီး ၊ ဝက်ဖို့ဒ်ရဲ့ ထိုးဖောက်မှုတိုင်း ကို လွယ်လွယ်ကူကူ ဖြတ်သန်းခွင့် ပေးခဲ့ရပါတယ် ။

အဓိက ကွင်းလယ်လူ ၃ဦး ဖြစ်တဲ့ အန်ဂိုလို ကန်တေ ၊ မတ်တီယို ကိုဗာဆစ်နဲ့ ဂျော်ဂျင်ဟိုတို့ အသီးသီး ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေ ရှိနေတဲ့ အချိန် ၊ ယနေ့ မနက် က တွဲဖက် ပွဲထွက်ခွင့် ရခဲ့တဲ့ လော့ဖ်တပ်စ်ချိခ် – ဆာအူးလ် အတွဲက ဘယ်လိုမှ အားရဖို့ မကောင်းခဲ့ပါဘူး ။

ဒီရာသီ ဒုတိယမြောက် ပွဲထွက်ခွင့် ရခဲ့တဲ့ ဆာအူးလ် ဟာ ပထမပိုင်း တလျှောက် ဘောလုံး အပျက် များခဲ့ပြီး ၊ တိကျတဲ့ ပံ့ပိုးမှုတွေလည်း မလုပ်နိုင်ခဲ့သလို ၊ အသင်းဖော်တွေနဲ့ နားလည်မှု ရှိရှိ ချိတ်ဆက် ကစားနိုင်ခဲ့တာမျိုးလည်း မတွေ့ခဲ့ရပါဘူူး ။ ဒါ့အပြင် pressing တွေမှာလည်း ၎င်းဟာ လုံးဝ လိုက်မကစားနိုင်ခဲ့ပါဘူး ။

လော့ဖ်တပ်စ်ချိခ် ကတော့ ဆာအူးလ်ထက်စာရင် ၊ ကြိုးစား အားထုတ်မှုနဲ့ စကေးအပိုင်းမှာ ပိုသာပေမယ့် ၊ အာရုံစိုက်မှု အတော်လေး အားနည်းခဲ့သလို ၊ ဘောလုံး ကိုင်တဲ့ အချိန်ကြာခြင်း က ၎င်းရဲ့ အားနည်းချက် ဖြစ်ခဲ့ပါတယ် ။ ဝက်ဖို့ဒ်ရဲ့ ချေပဂိုး ဟာ ၎င်းရဲ့ အမှားနဲ့ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့ပါတယ် ။


wing-back ၂နေရာ က စပိန်သား ၂ဦး ဟာလည်း ခြေစွမ်း လုံးဝ မစွံခဲ့ပါဘူး ။ အထူးသဖြင့် အပြေးအား မရှိခြင်းနဲ့ overlap အတက်အဆင်း မှန်မှန် မလုပ်နိုင်ခြင်း က ဒန်းနစ်နဲ့ ဒန်နီရို့စ် တောင်ပံ ၂ဖက်ကို ဘယ်လိုမှ မထိန်းနိုင်ခဲ့ပါဘူး ။ ဒီအတွက်ကြောင့် အက်ဇ်ပီလီကွီတာ ဟာ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ် ။ အလွန်ဆို ကတော့ ဇီယက်ချ်ရဲ့ အနိုင်ဂိုးမှာ ဂိုးဖန်တီးရှင် မေဆင်မောင့် အတွက် ခေါင်းဘောနဲ့ တကြိမ် ခင်းပေးခဲ့တာက လွဲရင် ၊ စွမ်းဆောင်ရည် က နုံချာခဲ့တာကို တွေ့ရပါတယ် ။

တိုက်စစ် – ခရစ်တီယန် ပူလီဆစ် ( Rating – 6 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 7 ) ၊ မေဆင်မောင့် ( Rating – 8 )

ပုံမှန်ဆို တိုက်စစ် စွမ်းဆောင်ရည် ငုတ်လျှိုးတတ်တဲ့ ချဲလ်ဆီး ဟာ ယနေ့ မနက်က ပွဲမှာတော့ တိုက်စစ် ကစားအား က အတင့်တယ်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ ။ ကွင်းလယ် က ထူးထူးခြားခြား ဖန်တီးမှုတွေနဲ့ မပံ့ပိုးပေးနိုင်ခဲ့ပေမယ့် ၊ တိုက်စစ် ကစားသမား ၃ဦးလုံး သူ့နည်းသူ့ဟန်နဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစား အားထုတ်သွားခဲ့ပါတယ် ။

ဝက်ဖို့ဒ်ရဲ့ မာမာထန်ထန် တုန့်ပြန်မှုကြောင့် ခြေစွမ်း သိပ်မပေါ်လွင်ခဲ့ပေမယ့် ၊ ပူလီဆစ် ဟာ အပြေးအား ၊ တိုးအားတွေနဲ့ ပြိုင်ဖက် ခံစစ်ကို ဒုက္ခပေးခဲ့သလို ၊ ပထမပိုင်း ဘယ်တောင်ပံမှာ သာမက ၊ နည်းစနစ် လိုအပ်ချက် အရ ဒုတိယပိုင်း ညာ wing-back နေရာ ပြောင်းဆော့ရာမှာလည်း အထူး တာဝန် ကျေခဲ့ပါတယ် ။

အဖွင့်ဂိုးသွင်း ၊ အနိုင်ဂိုး ဖန်တီးပေးခဲ့ကာ ၊ Man of the Match ဖြစ်ခဲ့တဲ့ မေဆင်မောင့် ကတော့ ခြေစွမ်း အပေါ်လွင်ဆုံး ဖြစ်ခဲ့ပြီး ၊ ဘယ်တောင်ပံ ၊ ညာတောင်ပံ အပြင် ၊ ဒုတိယပိုင်းမှာ နည်းစနစ် လိုအပ်ချက် အရ ကွင်းလယ် ခံစစ် နေရာ ဆင်းဆော့တဲ့ အထိ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ် ။

တွန်းတွန်းတိုက်တိုက် ကစားတတ်တဲ့ ဝက်ဖို့ဒ်လို ပြိုင်ဖက်မျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ၊ ကိုင်ဟာဗက်ဇ် ဟာ ချဲလ်ဆီး ကစားကွက်နဲ့ အသင့်လျော်ဆုံး ဖြစ်ပြီး ၊ ၎င်းရဲ့ တဦးချင်း တိုးအား ၊ ရုန်းအားတွေကို အိမ်ရှင် အသင်း တားဆီးရ ခက်ခဲခဲ့ပါတယ် ။ ဒါ့အပြင် ၎င်းဟာ မောင့်ရဲ့ အဖွင့်ဂိုး အတွက်လည်း တည်တည်ငြိမ်ငြိမ်နဲ့ အနီးကပ် ဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – သီယာဂို ဆေးလ်ဗား ၊ ဟာကင် ဇီယက်ချ် ( Rating – 7 ) ၊ ရိုမီလူ လူကာကူ ( Rating – 6 )

ပထမပိုင်း အတွင်း ဖရိုဖရဲ ဖြစ်ခဲ့တဲ့ ချဲလ်ဆီး ခံစစ် ဟာ ဒုတိယပိုင်း စစချင်း သီယာဂို ဆေးလ်ဗား လူစားဝင်လာမှ ၊ သိသိသာသာ ပိုမို ကျစ်လျစ်သွားစေခဲ့သလို ၊ ဘောလုံး ထိန်းသိမ်းတဲ့ နေရာမှာလည်း ပိုမို အားကောင်းလာစေခဲ့ပါတယ် ။

ဇီယက်ချ်နဲ့ လူကာကူ ဟာလည်း ချဲလ်ဆီး တိုက်စစ် transition ကို အထူး ပံ့ပိုးပေးနိုင်ခဲ့ပါတယ် ။ ဂိုးမရခင် က ဇီယက်ချ် က တောင်ပေးမြောက်ပေး ဖြစ်ခဲ့ပေမယ့် ၊ ဂိုးရပြီး နောက်ပိုင်းမှာတော့ ၎င်းရဲ့ composure က အတော်လေး အားရစရာကောင်းခဲ့ပါတယ် ။

SPORTS MYANMAR