လူကာကူရဲ့ comeback နဲ့ ခြင်္သေ့ပြာတို့ နိုင်ပွဲ ရခဲ့တဲ့ ဗီလာ ၁ – ၃ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ Boxing Day ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်း ဟာ အက်စတွန် ဗီလာ အသင်းကို ဒုတိယပိုင်း အဓိက တိုက်စစ်မှူး ရိုမီလူ လူကာကူ လူစားဝင်မှုနဲ့ အတူ ၁ – ၃ ရလဒ်နဲ့ ဗီလာပါ့ခ်မှာ comeback နိုင်ပွဲ ရခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

ရိစ်ဂျိမ်းစ်ရဲ့ OG ကို ဒီထက် ပိုကောင်းတဲ့ ကာကွယ်မှုမျိုး လုပ်နိုင်ခဲ့သင့်ပေမယ့် ၊ ဘောလုံး ရှေ့တက် ရှင်းထုတ်တဲ့ အခိုက်အတန့် တကြိမ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ် ။ ယင်း OG တဂိုးကလွဲရင် ၊ ဗီလာရဲ့ ထိုးဖောက်မှု ထိထိရောက်ရောက် မရှိခဲ့တဲ့ အတွက် မန်ဒီ အဖို့ အလုပ် သိပ်မရှုပ်ခဲ့တဲ့ နေ့တနေ့ ဖြစ်ခဲ့ပါတယ် ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ( Rating – 7 ) ၊ သီယာဂို ဆေးလ်ဗား ( Rating – 8 ) ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 )

၃ယောက်တန်း ခံစစ် ဟာ ဒီပွဲမှာ အထူး ကျစ်လျစ်မှု ရှိခဲ့ပြီး ၊ ဗီလာ တိုက်စစ်မှူး ဝက်ကင်စ်နဲ့ ဒန်နီအင့်စ် တို့ရဲ့ ဂိုးပေါက် ကန်သွင်းဖို့ ကြိုးစားမှု အကြိမ်ရေ အများစုကို အမှားအယွင်း မရှိ ပိတ်ဆို့နိုင်ခဲ့ပါတယ် ။ အထူးသဖြင့် ပထမပိုင်း အတွင်း ချာလိုဘာနဲ့ ဆေးလ်ဗား တို့ဟာ ဗီလာရဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်မှု အများအပြားကို စမတ်ကျကျ ထိန်းပြသွားခဲ့ပါတယ် ။

ဒုတိယပိုင်းမှာတော့ ချာလိုဘာ ဟာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ရဲ့ နည်းစနစ် လိုအပ်ချက် အရ လူကာကူနဲ့ လူစားလဲခံလိုက်ရသလို ၊ ဆေးလ်ဗား ဟာလည်း ဒဏ်ရာ အသေးစား တခု ရသွားလို့ ၊ ပွဲပြန်အစ မိနစ် အနည်းငယ်သာ ကစားခဲ့ရကာ ၊ အန်ဒရီယာစ် ခရစ်တန်ဆန်နဲ့ လူစားလဲခံခဲ့ရပါတယ် ။

ရူဒီဂါ ကတော့ ပထမပိုင်းထက် ၊ ဒုတိယပိုင်းမှာ ပိုပြီး ကျစ်လျစ်မှု ရှိခဲ့ပြီး ၊ လိုအပ်တဲ့ leadership ကို ပေးစွမ်းနိုင်ခဲ့ပါတယ် ။ ဗီလာရဲ့ ဒုတိယပိုင်း အတွင်း ရှားရှားပါးပါး ထိုးဖောက်မှု တကြိမ်ကို ပင်နယ်တီ ဧရိယာ အတွင်း တားဆီးနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ( Rating – 6 ) ၊ ဂျော်ဂျင်ဟို ( Rating – 8 ) ၊ အန်ဂိုလို ကန်တေ ၊ မားကို့စ် အလွန်ဆို ( Rating – 7 )

ပုံမှန်ဆို အသင်း အတွက် အမြဲ ခြေစွမ်းပြခဲ့တဲ့ ရိစ်ဂျိမ်းစ် ဟာ ဒီပွဲမှာ မထင်မှတ်ပဲ ခြေစွမ်း ကျဆင်းခဲ့တာကို တွေ့ရပါတယ် ။ OG သွင်းဂိုး က ၎င်းအတွက် ကံဆိုးခဲ့ပေမယ့် ၊ သာမန် ပွဲချိန် အတွင်းမှာ ကိုယ်အားသန်တဲ့ ဖြတ်တင်ဘော အချို့ကို တိတိကျကျ မလုပ်နိုင်ခဲ့ပါဘူး ။ ဒုတိယပိုင်းမှာတော့ ညာဗဟိုခံစစ် နေရာကို ဆင်းကစားမှသာ ကျစ်လျစ်တဲ့ ကစားပုံကို ပြန်လည် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ် ။

အားထားရတဲ့ ဂျော်ဂျင်ဟို – ကန်တေ အတွဲကို ပြန်မြင်ရတာ ချဲလ်ဆီး ပရိသတ်တွေ အတွက် ဝမ်းသာစရာ ဖြစ်ခဲ့ပေမယ့် ၊ ထိုအတွဲဟာ ပထမပိုင်းမှာ ဗီလာ ကွင်းလယ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပါဘူး ။ အိမ်ရှင်ရဲ့ တန်ပြန် တိုက်စစ် စတင်မှု အချို့မှာ ကွင်းလယ် အတွဲရဲ့ လိုအပ်ချက် ရှိမှုကြောင့် ချဲလ်ဆီးတို့ ခွင့်ပြုခဲ့ရပါတယ် ။

 

သို့ပေမယ့် တဦးချင်း စွမ်းဆောင်ရည် အရတော့ ကန်တေ ဟာ energetic ဖြစ်တဲ့ ကစားအား ကို ဆက်လက် ပေးစွမ်းဆဲ ဖြစ်ပြီး ၊ ဒုတိယပိုင်းမှာ ထိခိုက်မှု အသေးစား ရခဲ့တာကြောင့် ၊ အခြေအနေ မပြင်းထန်ကို တူချယ်မှ ၎င်းကို လူစားလဲခဲ့ပါတယ် ။ အလားတူ ဂျော်ဂျင်ဟို ကတော့ အရေးပါတဲ့ ပင်နယ်တီ ၂ကြိမ်လုံး ဂိုးအဖြစ် ပြောင်းလဲခဲ့ကာ ၊ pass အများစုမှာ တိကျမှု ရှိခဲ့ပါတယ် ။

ကြားရက်မှာ form ပြန်တက်နေတဲ့ အလွန်ဆို ကတော့ မနေ့ည က ပွဲမှာ ထို ကစားပုံကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး ၊ ဘယ်ခြမ်း တိုက်စစ်မှာ အိုဒွိုင်းနဲ့ အတွဲညီခဲ့ကာ ၊ ချေပဂိုး ဖြစ်ခဲ့တဲ့ ပင်နယ်တီ ဟာ ၎င်းဆီကနေ ဘောလုံး လမ်းကြောင်း စတင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရိစ်ဂျိမ်းစ်ထက် ပိုကောင်းတဲ့ ဖြတ်တင်ဘော ၂ကြိမ်လောက် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

တိုက်စစ် – မေဆင်မောင့် ( Rating – 7 ) ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 6 ) ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 8 )

နောက်ပိုင်း ပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ False 9 တိုက်စစ် အတွဲဟာ ဒီပွဲမှာလည်း အလုပ်မဖြစ်ခဲ့တာကို ပထမပိုင်း အတွင်းက စွမ်းဆောင်ရည်ကို ကြည့်တာနဲ့ သိနိုင်မှာ ဖြစ်ပါတယ် ။ အထူးသဖြင့် အထောင် တိုက်စစ် နေရာ တာဝန်ယူရတဲ့ ပူလီဆစ် ဟာ မနေ့ည က ပွဲမှာ ဗီလာ ခံစစ်မှူး ၂ဦးရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရပါတယ် ။

ဒုတိယပိုင်း ညာ wing-back နေရာ ပြောင်းဆော့မှသာ ပူလီဆစ် ဟာ ပိုပြီး လွတ်လွတ်လပ်လပ် ရှိခဲ့ကာ ၊ မောင့် ၊ လူကာကူတို့နဲ့ အချိတ်အဆက် မိတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ် ။ ထို့အတူ မောင့် ဟာလည်း ဒုတိယပိုင်းမှာ ပိုမို ခြေပေါ်ခဲ့ပြီး ၊ ထုံးစံအတိုင်း လုပ်အားနှုန်း ကောင်းကောင်းနဲ့ ပေးဆပ် ကစားခဲ့ပါတယ် ။ ဒါ့အပြင် ကိုယ်တိုင်လည်း ဂိုးတဂိုး ရဖို့ နီးစပ်ခဲ့ပြီး ၊ ဂိုးသမားကို ခေါက်ပြီးမှ ဂိုးပေါက် မရှိတဲ့ ဂိုးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ် ။

ကိုဗစ် က ပြန်လာတဲ့ အိုဒွိုင်း ကတော့ ဒီပွဲရဲ့ ပွဲထွက် ကစားသမားတွေထဲမှာ ခြေစွမ်း အပြဆုံး ဖြစ်ခဲ့ပြီး ၊ ၎င်းရဲ့ ဘယ်တောင်ပံမှ အတိုးအလှုပ်တွေကို ဗီလာ နောက်ခံလူ မတ်တီကတ်ရှ် တားဆီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ချေပဂိုး ဖြစ်တဲ့ အဖွင့် ပင်နယ်တီမှာ ၎င်းဟာ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့ပြီး ၊ လူကာကူရဲ့ ခေါင်းတိုက်ဂိုးမှာလည်း လှလှပပ ဖန်တီးမှု လုပ်ခဲ့ကာ ၊ အပိတ် ပင်နယ်တီ ဖြစ်စေဖို့ ၎င်းက ဘောလုံး လမ်းကြောင်း စတင်ပေးနိုင်ခဲ့ပါတယ် ။

SPORTS MYANMAR