လီယွန်နယ် မက်ဆီ ကို ပေးဖို့ ကျန်နေသေးတဲ့ ဆု တခု

အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ တနင်္လာနေ့ ညက ရွှေဘောလုံးဆု ကို နောက်တကြိမ် ထပ်မံ ဆွတ်ခူး ခဲ့ပြန်ပါတယ် ။ ဒီဆု ဟာ မက်ဆီ အတွက် ၇ ကြိမ်မြောက် ဖြစ်ခဲ့ပြီး ချိုးဖျက်ဖို့ အရမ်း ခက်ခဲတဲ့ မှတ်တမ်း ဖြစ်လာ စေခဲ့ ပါတယ် ။

ဒါပေမယ့် မက်ဆီ အတွက် ကတော့ နွေရာသီ တုန်းက အာဂျင်တီးနား နဲ့ ဆွတ်ခူး ခဲ့တဲ့ ကိုပါ အမေရိက ချန်ပီယံဆု က ပိုပြီး တန်ဖိုး ရှိသလို ခံစား နေမိမှာ သေချာပါတယ် ။

ဘာလို့လည်း ဆိုတော့ ဒီဆုဟာ မက်ဆီ အတွက် နိုင်ငံ အသင်းနဲ့ ရယူနိုင်တဲ့ ပထမဆုံး အဓိက ဆုဖလား ဖြစ်ခဲ့လို့ ပါပဲ ။

ကိုပါ ဖလားကို ရယူ အပြီးမှာတော့ မက်ဆီ မရဖူးတဲ့ ဆု ဆိုတာ မရှိသလောက် ဖြစ်သွားခဲ့ ပါပြီ ။

နိုင်ငံ အသင်းတွေ အတွက် အမြင့်ဆုံး ဆု ဖြစ်တဲ့ ကမ္ဘာ့ဖလား တခုသာ မက်ဆီ အတွက် ကျန်ရှိတော့တာပါ ။

မက်ဆီ ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်တဲ့ ၂၀၂၂ မှာ ဒီဆုကို အာဂျင်တီးနား ဆွတ်ခူး နိုင်မလား ဆိုတာ စောင့်ကြည့် ရဦးမှာပဲ ဖြစ်ပါတယ် ။

ဒီလိုမျိုး ဆုဖလား ပေါင်းစုံ ၊ ဆုတံဆိပ် နဲ့ စံချိန် မှတ်တမ်း ပေါင်းစုံကို ရယူထားတဲ့ မက်ဆီ အတွက် ရရှိဖို့ လိုအပ် နေသေးတဲ့ ဆုတခု ကျန်ရှိ နေပါသေးတယ် ။

အမှန်တော့ ရယူဖို့ မဟုတ်ပါဘူး ၊ မက်ဆီ ကို ပေးအပ်ဖို့ ပါ ။

ဒီနေရာမှာ ရယူဖို့ ထက် ပေးအပ်ဖို့ လို့ သုံးရတာက ဒီဆုဟာ ယှဉ်ပြိုင်ရတဲ့ ဆုတခု မဟုတ်လို့ ပါပဲ ။

ဒီဆု ဟာ ဘောလုံး လောကမှာ အောင်မြင် ထင်ရှားသူတွေကို ဂုဏ်ပြုပေးတဲ့ ဆုတခုသာ ဖြစ်ပြီး ဘယ် ကစားသမားမှ ၁ ကြိမ် ရပြီးရင် ပြန် မရတော့ပါဘူး ။

အခု ဒီဆုကို ဘောလုံး သမိုင်းတလျောက်က နာမည်ကျော်တွေ နှစ်စဉ် ရခဲ့ကြပြီးပါပြီ ။

ရိုနယ်ဒို တောင် ၂၀၂၀ တုန်းက ရခဲ့ပြီးပါပြီ ။ ဒါကြောင့် မက်ဆီ လည်း ရဖို့ သင့်ပြီလို့ ပြောရမှာပါပဲ ။

အဲ့ဒိ ဆု ကတော့ ရွှေဖဝါး လို့ ခေါ်တဲ့ Golden Foot ဆုပါပဲ ။

အသက် ၂၈ နှစ် နဲ့ အထက် ကစားသမားတွေကို ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ပြုဆု ဖြစ်ပြီး မိုနာကို မှာ နှစ်စဉ် ကျင်းပ ပေးအပ် နေတာ ဖြစ်ပါတယ် ။

ရွေးချယ် ခံရတဲ့ ကစားသမားဟာ သူ့ရဲ့ ခြေဖဝါးကို ရွှေပြားခတ်ပြီး ဘောင်သွင်းဂုဏ်ပြု ခံရမှာ ဖြစ်တာကြောင့် ရွှေဖဝါးဆု ဆိုတဲ့ အမည်နဲ့ လိုက်ဖက် နေခဲ့ ပါတယ် ။ ဂိုးသမားဆိုရင်တော့ လက်ဖဝါး ကို အစားထိုး ခတ်နှိပ်မှာပါ ။

ဒီနှစ် အတွက် ရွှေဖဝါးဆုကိုတော့ လီဗာပူး နဲ့ အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာ က ရရှိသွားခဲ့ ပါတယ် ။

ဒီဆု အတွက် စကာတင် အယောက် ၅၀ ကို ရွှေဖဝါးဆုပေးပွဲ ကော်မတီ က ရွေးချယ်သတ်မှတ်ပြီး နောက်ဆုံး ဆယ်ဦး အထိ စိစစ် အပြီးမှာတော့ ပရိသတ်တွေ ကို မဲပေးဖို့ ထုတ်ဖော်ပြသ လေ့ရှိပါတယ် ။

ဆာလာ ဟာ ဒီနှစ် အတွက်ဆုကို မက်ဆီ အပါအဝင် ပီကေး ၊ လီဝန်ဒေါ့စကီး ၊ ချီယာလီနီ ၊ နေမာ ၊ ရာမိုစ့် ၊ အဂွေရို ၊ ဘန်ဇီးမား နဲ့ လူကာကူ တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူး ရရှိ ခဲ့တာပါ ။

မက်ဆီ ကတော့ အသက် ၂၈ နှစ်ပြည့်တဲ့ ၂၀၁၅ ကတည်းက နောက်ဆုံး စကာတင် စာရင်းထဲကို အကြိမ်ကြိမ် ပါဝင်ခဲ့ ပေမယ့် ပေးအပ် ဂုဏ်ပြုခြင်း ကို မခံရသေးပါဘူး ။

မက်ဆီ က အခု ၃၄ နှစ် ရှိပါပြီ ။ ၃-၄ နှစ်လောက် သူ ဆက်ပြီး ကစားဦးမှာပါ ။ ဒီအတော အတွင်းမှာတော့ ဒီဆု ကို သူ့ကို ပေးအပ်သင့် ပါတယ် ။

နားသွားပြီးမှ ပေးမယ်ဆိုရင်တော့ ဒါဟာ မက်ဆီ စွမ်းဆောင် ခဲ့သမျှ ကို မျက်ကွယ်ပြု သလို ဖြစ်နေမှာ သေချာပါတယ် ။

လာမယ့် ၂၀၂၂ မှာ မက်ဆီ က ရွှေဖဝါးဆုရှင် ဖြစ်လာနိုင်မလား ဆိုတာကတော့ . . .

ရွှေဖဝါး ( Golden Foot ) ဆုကို ရရှိခဲ့ကြသူများ –

၂၀၀၃ – ရောဘတ်တို ဘက်ဂျီယို ( ဘရက်စီယာ ၊ အီတလီ )

၂၀၀၄ – ပေဗယ် နက်ဗက် ( ယူဗင်တပ် ၊ ချက် )

၂၀၀၅ – အန်ဒရီ ရှက်ဗ်ချန်ကို ( အေစီမီလန် ၊ ယူကရိန်း )

၂၀၀၆ – ရိုနယ်ဒို နာဇာရီယို ( အေစီမီလန် ၊ ဘရာဇီး )

၂၀၀၇ – အလက်ဆန်ဒရို ဒယ်လ်ပီယာရို ( ယူဗင်တပ် ၊ အီတလီ )

၂၀၀၈ – ရော်ဘတ်တို ကားလိုစ့် ( ဖီနာဘာချီ ၊ ဘရာဇီး )

၂၀၀၉ – ရော်နယ်ဒင်ဟို ( အေစီမီလန် ၊ ဘရာဇီး )

၂၀၁၀ – ဖရန်စစ္စကို တော့တီ ( ရိုးမား ၊ အီတလီ )

၂၀၁၁ – ရိုင်ယန်ဂစ် ( မန်ချက်စတာ ယူနိုက်တက် ၊ ဝေးလ် )

၂၀၁၂ – ဇလာတန် အီဘရာဟီမိုဗစ်ချ် ( အေစီမီလန် ၊ ဆွီဒင် )

၂၀၁၃ – ဒီဒီယာ ဒရော့ဘာ ( ချဲလ်ဆီး ၊ အိုင်ဗရီကိုစ့် )

၂၀၁၄ – အန်ဒရေ အင်နီယေစတာ ( ဘာစီလိုနာ ၊ စပိန် )

၂၀၁၅ – ဆင်မြူရယ် အီတူး ( ချဲလ်ဆီး ၊ ကင်မရွန်း )

၂၀၁၆ – ဂျီယန်လွီဂျီ ဘူဖွန် ( ယူဗင်တပ် ၊ အီတလီ )

၂၀၁၇ – အီကာ ကာဆီးလက် ( ပေါ်တို ၊ စပိန် )

၂၀၁၈ – အီဒင်ဆင် ကာဗာနီ ( PSG ၊ ယူရဂွိုင်း )

၂၀၁၉ – လူကာမိုဒရစ် ( ရီးရဲ မက်ဒရစ် ၊ ခရိုအေးရှား )

၂၀၂၀ – ခရစ္စတီယာနို ရိုနယ်ဒို ( ယူဗင်တပ် ၊ ပေါ်တူဂီ )

၂၀၂၁ – မိုဟာမက် ဆာလာ ( လီဗာပူး ၊ အီဂျစ် )

 

SPORTS MYANMAR