လီဗာပူး အတွက် အရေးပါတဲ့ အနိုင်ဂိုးကို မသွင်းယူမီ ယာဂန်ကလော့ သူ့ကို ပေးခဲ့တဲ့ မက်ဆေ့ချ်ကို ထုတ်ဖော်လိုက်တဲ့ အိုရီဂီ

ဒီဗော့အိုရီဂီဟာ မနေ့ညက ဝုဖ်အသင်းနဲ့ ပွဲစဉ်မှာ လီဗာပူး နဲ့ ယာဂန်ကလော့ အတွက် နောက်ကျ အနိုင်ဂိုးကို ဒရမ်မာဆန်ဆန် သွင်းယူပေးခဲ့ကာ အရေးပါလှတဲ့ အနိုင် ၃ မှတ်ကို ရယူပေးခဲ့ပါတယ်။

လီဗာပူးဟာ Molineux မှာ ဝုဖ်ကို ခြေစွမ်းအသာစီးနဲ့ ဖိကစားကာ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဂျိုတာ အပိုင်အခွင့်အရေး ၂ ကြိမ်ကို ဖြုန်းတီးပစ်ခဲ့သလို မာနေး နဲ့ ဆာလား တို့ကလည်း ရုန်းကန် နေခဲ့ရတာကြောင့် ချဲလ်ဆီးရဲ့ ခြေချော်မှုကို အခွင့်အရေး မယူနိုင်တော့မယ့် အခြေအနေ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လူစားဝင် ကစားသမား ဖြစ်သူ အိုရီဂီဟာ ပွဲချိန် ၉၄ မိနစ်မှာ ဗန်ဒိုက် ဆာလား တို့ရဲ့ ဖန်တီးမှုကနေ တဆင့် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးကို ကျော်တက်ကာ ထိပ်ဆုံးက မန်စီးတီးနဲ့ တစ်မှတ်အကွာ ဒုတိယနေရာကို တက်လာခဲ့ပါတယ်။

အိုရီဂီဟာ လီဗာပူးမှာ ပုံမှန်ပွဲထွက်ခွင့်ရသူ မဟုတ်ပေမယ့်လည်း လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ်အောင်မြင်မှုမှာ အရေးပါတဲ့ ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် လီဗာပူးမှာ ဟီးရိုးဂုဏ်ပုဒ် ရခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ လီဗာပူးကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့်လည်း ထိုက်တန်တဲ့ ဈေးနဲ့ ကမ်းလှမ်းတဲ့ အသင်းမရှိခဲ့တာကြောင့် အန်ဖီးမှာ ဆက်နေခဲ့သူ ဖြစ်ပါတယ်။

အိုရီဂီဟာ ဒုတိယပိုင်း ပွဲချိန်ဝက်လောက်မှာ ဟန်ဒါဆန် အစား လူစားဝင်လာခဲ့သူ ဖြစ်ပြီး ကလော့ သူ့ကို ပေးခဲ့တဲ့ မက်ဆေ့ချ်ကို ယခုလို ထုတ်ဖော်သွားခဲ့ပါတယ်။

အိုရီဂီက “မန်နေဂျာက ‘ကွင်းထဲကို သွားပြီး အိုရီဂီ လိုမျိုး ကစားပြလိုက်စမ်းကွာ!’ ဆိုပြီး ပြောခဲ့ပါတယ်။ ပြီးတော့ ညွှန်ကြားချက် အတိုင်းပဲ ကျွန်တော့် အနေနဲ့ ပြိုင်ဘက် ခံစစ်ကို ဆွဲဆန့်ကာ ကျွန်တော့်ရဲ့ အရည်အသွေးကို အသုံးချ ကစားပါတယ်။

ကျွန်တော် ဘောလုံး ရတဲ့ အချိန်တိုင်း သန်မာအောင် လုပ်ကာ one-on-one ကျော်ဖြတ်တာတွေ အပြင် အန္တရာယ် ရှိတဲ့ ဖန်တီးမှုတွေ လုပ်ပေးဖို့ ကြိုးစားပါတယ်။ ပြီးတော့ နေရာလွတ်တွေကို တက်နိုင်သမျှ များများ အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဂိုးသွင်းယူပြီး အသင်းကို ကူညီ နိုင်ခဲ့တာက အရေးကြီးဆုံး ဖြစ်ပါတယ်။

ဒီနေ့ဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းဟာ ကြီးမားတဲ့ တိုက်ပွဲပါပဲ။ အတက်အကျ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ဟာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တိုက်စစ်က ဂိုးသွင်းပေးရမှာ ဖြစ်ပြီး ခံစစ်ကတော့ clean sheet ရအောင် ကြိုးစားရမှာပါ။ ဒီနေ့မှာ အောင်မြင်ခဲ့တယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး အိုရီဂီက “ဒါဟာ အသင်းအတွက် အရေးကြီးတဲ့ နိုင်ပွဲပါ။ ကျွန်တော်တို့ အရှိန်အဟုန်ကောင်းကို မပျက်အောင် ကြိုးစားခဲ့ပါတယ်။

ဒီပွဲဟာ ခံစစ်မှာကော တိုက်စစ်မှာပါ ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ သူတို့ဟာ တအားကို စုစည်းမှုကောင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ အဖြေ ရှာတွေ့ခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။

SM