လီဗာပူး မှာပဲ ဆက်နေသွားချင်တာ ကျနော့် ရဲ့ ဆန္ဒပါ #ဆာလာ

လီဗာပူး အသင်းရဲ့ တိုက်စစ် ကစားသမား မို ဆာလာ က သူ့ရဲ့ စာချုပ်ကိစ္စ အခြေအနေ နဲ့ ပတ်သက်ပြီး နောက်တစ်ကြိမ် ရင်ဖွင့်လိုက်ပြန်ပြီ ဖြစ်ကာ ၊ ဘာစီလိုနာ က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေ ဖတ်ရတာလဲ ကျေနပ်စရာ ကောင်းတယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

လက်ရှိ စာချုပ် သက်တမ်းဟာ နောက်ဆုံး 18 လ တာ ကာလ အတွင်း ရောက်ရှိလာပြီ ဖြစ်ပြီး ၊ လီဗာပူး နဲ့ ဆာလာ ရဲ့ ကိုယ်စားလှယ်တွေ အကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ကာယကံရှင် ကစားသမား ကိုယ်တိုင် ကတော့ သူ့ကို အန်ဖီးလ်မှာ ဆက်ရှိသွားဖို့ အတွက် အဓိက ကျတဲ့ အချက်အလက် တစ်ချို့ ကို အခုလို ဆွဲထုတ်သွားခဲ့ ပါတယ်။

“ ဒီကိစ္စ နဲ့ ပတ်သက်ပြီး အကြိမ်ပေါင်း များစွာ ကျနော် ပြောခဲ့ပြီးပါပြီ။ ကျနော် တစ်ယောက်ထဲ ဆုံးဖြတ်ချက် ချလို့ရတယ် ဆိုရင် လီဗာပူးမှာပဲ ဆက်နေသွားချင်တာပါ။

ဒါပေမယ့် အဲဒီ ဆုံးဖြတ်ချက် ကို အသင်းရဲ့ ဘုတ်အဖွဲ့ကပဲ ဆုံးဖြတ်ပေးနိုင်တာလေ ၊ ဒါကြောင့် သူတို့ဘက်က ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရမှာပါ။

ကျနော်တို့ အကြားမှာ ဘာပြသနာ မှ မရှိဘူး ဆိုပေမယ့် အပြီးသတ် သဘောတူညီမှုတော့ ရအောင် ဆွေးနွေးဖို့ လိုပါတယ်။ ဒါက သူတို့ အပေါ်မှာ မူတည်နေတာပါ။

ကိုယ့် ကို ပေးချေထားတဲ့ ဘဏ္ဍာရေး ကိန်းဂဏန်းတွေ က “ကလပ် အသင်းက ကိုယ့်အပေါ် ဘယ်လောက်အထိ အသိအမှတ်ပြုလဲ ဆိုတာ ကိုယ်စားပြုရမှာ ဖြစ်သလို ၊ အသင်းမှာ ဆက်ရှိသွားဖို့ အတွက် ဘာမဆို လုပ်ဆောင်သွားမယ် ဆိုတာမျိုး ဖြစ်နေရမှာပါ” ဒါပေမယ့် အပြီးသတ် ဆုံးဖြတ်ချက်က ငွေကြေး ကိစ္စ တစ်ခုတည်းနဲ့တော့ မဆိုင်ပါဘူး။

အသင်းရဲ့ ရည်ရွယ်ချက်တွေက ဘာလဲ ၊ မန်နေဂျာကြီးကရော ကျနော့်ကို ဘယ်လို စွမ်းဆောင်ရည်တွေ နဲ့ ကစားပေးစေချင်တာလဲ ၊ ကစားဖော်တွေကလဲ ကျေနော့်ဆီက ဘာတွေ မျှော်လင့်ထားကြတာလဲ။ ဒီအကြောင်းအရင်းတွေ ကလဲ ဆုံးဖြတ်ချက် ချတဲ့ အပိုင်းမှာ အများကြီး သက်ဆိုင်နေပါတယ် ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

အီဂျစ် ကစားသမားဟာ လီဗာပူး အတွက် 223 ပွဲ အထိ ပါဝင် ကစားပေးထားပြီး 144 ဂိုး သွင်းယူကာ ၊ ပရီးမီးယားလိဂ် ဖလား ၊ ချန်ပီယံလိဂ် ဖလား ၊ ဥရောပ စူပါ ဖလား ၊ ကမ္ဘာ့ ချန်ပီယံများ ဖလားတွေ ဆွတ်ခူး နိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတော့ ကတ်တလန် အခြေစိုက် သတင်းစာ တစ်စောင်ဖြစ်တဲ့ Sports က ဘာစီလိုနာ နည်းပြသစ် ဇာဗီဟာ ဆာလာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီ အကြောင်း နဲ့ ပတ်သက်လို့ မေးမြန်း ရာမှာတော့ –

“ ဇာဗီ ကိုယ်တိုင် ပြောသွားတဲ့ အကြောင်းရာတွေကို ဖတ်ရပါတယ်။ ဘာစီလိုနာ လို အသင်းမျိုး က စိတ်ဝင်စားနေတယ် ဆိုတော့ ကျေနပ်စရာပေါ့။ ဒါပေမယ့် ကျနော်က လီဗာပူးမှာပဲ ပျော်ပါတယ်။ ဒါကြောင့် ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်လိုက်ကြရအောင်ပါ။

လက်ရှိ အနေအထားမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး လိဂ်ပြိုင်ပွဲ ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာပဲ ဆက်ပြီး ကစားချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR