လီဗာပူး မန်စီးတီး မန်ယူနိုက်တက်? ဒေါ့မွန်စတား ဘယ်လင်ဟမ်ကို အလိုအပ်ဆုံး ဖြစ်နေတဲ့အသင်းကို ပြောပြလိုက်တဲ့ မက်မာနာမန်

လီဗာပူး ဂန္တဝင် စတီဗီမက်မာနာမန်က မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘိုရပ်ရှားဒေ့ါမွန်စတား ဂျူ့ဘယ်လင်ဟမ်လို ကွင်းလယ် ကစားသမားမျိုးကို လီဗာပူး ၊ မန်ချက်စတာစီးတီး တို့ထက် ပိုမို လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။

ဘယ်လင်ဟမ် ဘာမင်ဂမ် အသင်းမှာ ကစားနေစဉ်တုန်းက မန်ယူနိုက်တက် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ အသက် ၁၈ နှစ် အရွယ် အင်္ဂလန်စတားကို ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ လည်ပတ်ခွင့် ပြုခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဘယ်လင်ဟမ်ဟာ ဒေါ့မွန်ကိုသာ ပြောင်းရွေ့ခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ဘွန်ဒက်လီဂါကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာရုံသာမကဘဲ ဥရောပရဲ့ ကြယ်ပွင့်တစ်ဦး အဖြစ် တောက်ပလာခဲ့ပါတယ်။ အဲဒီနောက် ဂါရက်ဆောက်ဂတ်ရဲ့ အင်္ဂလန် အသင်းမှာ ပုံမှန် ရွေးချယ်ခံထားရသူ ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အားနည်းမှု ရှိနေတဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အတွက် ဘယ်လင်ဟမ်ကို ချိတ်ဆက်နေတယ်လို့ သိရပြီး ပြိုင်ဘက် လီဗာပူးကလည်း ၎င်းကို စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။

ဒါပေမယ့်လည်း မက်မာနာမန်က သရဲနီ တို့ဟာ ဘယ်လင်ဟမ်လို ကစားသမားမျိုးကို သူတို့ရဲ့ ပြိုင်ဘက်တွေထက် ပိုမို လိုအပ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

မက်မာနာမန်က “သူ့ဆီမှာ စူပါစတား တစ်ဦး ဖြစ်လာမယ့် အရည်အသွေးတွေ အားလုံး ရှိနေပါတယ်။ ဘယ်လင်ဟမ်ကို ဝယ်ယူသွားနိုင်တဲ့ အသင်းတွေကို တစ်ချက် ကြည့်လိုက်ပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီလို ကွင်းလယ်ဗဟို ကစားသမားမျိုးကို လိုအပ်ပါလိမ့်မယ်။

မန်ချက်စတာစီးတီးမှာ ရိုဒရီ ဂွန်ဒိုဂန် ဘာနာဒိုဆေးလ်ဗား စတဲ့ ကစားသမားတွေ ရှိနေပါတယ်။

လီဗာပူးမှာလည်း ဂျော်ဒန်ဟန်ဒါဆန် ၊ တီယာဂို ၊ ဖာဘင်ညို တို့လို ထိပ်တန်း ကစားသမားတွေ ရှိပါတယ်။ အမှန်ပါပဲ။ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်တာကြောင့် ဘယ်အသင်းမဆို အတွက် အရမ်းကို ကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာမှာပါ။

ဒါပေမယ့် လီဗာပူးတို့ သူတို့ လိုအပ်သလား ဆိုတာကတော့ အခြား ခေါင်းစဉ် တစ်ခု ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ကစားသမား နှောင်းပိုင်းကို ဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဂျိမ်းမီနာလည်း ဒီအတိုင်း ပါပဲ။

ဒါ့ကြောင့် လီဗာပူး နောက်ထပ် ကွင်းလယ် ဗဟိုကစားသမား တစ်ဦးကို ခေါ်ယူဖို့ စိတ်ကူး ရှိနေမှာပါ။

ဒါပေမယ့်လည်း လောလောဆယ်တော့ သူတို့ဟာ ကွင်းလယ်ပိုင်းမှာ အင်ပြည့်အားပြည့် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ဝိုင်နယ်ဒန် အသင်းကနေ ထွက်ခွာသွားတုန်းက လူတွေက လီဗာပူးတို့ သူ့ရဲ့ နေရာမှာ အစားထိုးဖို့ လိုအပ်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ဒီလို မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် လူတွေ ဒီကိစ္စကို မေ့ပျောက်သွားပြီလား? ကလော့က ဘယ်လင်ဟမ်ကို ခေါ်ယူသွားမှာလား? သူတို့ တက်နိုင်သလား? ဆိုတာကတော့ နောက်ထပ် အကြောင်းအရာ တစ်ခုပါ။

စီးတီးဟာ သူ့ကို ခေါ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကွင်းလယ်မှာ တကယ့် ထိပ်တန်း ကစားသမားတွေ ရှိနေပြီး ဖြစ်ပါတယ်။ သူ အဲဒီမှာ ပုံမှန် ကစားခွင့် ရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ယူနိုက်တက်ဟာ ဒီလို ကွင်းလယ်ဗဟို ကစားသမားမျိုးကို လိုအပ်နေတယ်လို့ ထင်ပါတယ်။ မာတစ် နဲ့ မာတာ တို့ဟာ ကစားသမား ဘ၀ နှောင်းပိုင်းကို ရောက်လာပြီ ဖြစ်ကာ ပေါ့ဘာကလည်း အသင်း ကနေ ထွက်ခွာ သွားနိုင်ပါတယ်။

ဒါ့ကြောင့် ဘယ်လင်ဟမ်လို ကစားသမားမျိုးကို အလိုအပ်ဆုံး အသင်း တစ်သင်း ရှိနေမယ်ဆိုရင် ဒါဟာ မန်ချက်စတာယူနိုက်တက်ပဲ ဖြစ်မှာပါ။” လို့ ဆိုသွားပါတယ်။

SM