“ လီဗာပူး နဲ့ ပွဲအတွက် အသင့်ပြင်ထားပါတယ်” ဇနက်တီ

အင်တာ မီလန် အသင်းရဲ့ ဒု ဥက္ကဌ ဇနက်တီ က သူတို့ အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် မှာ ထိပ်တိုက်တွေ့နေတဲ့ လီဗာပူး ကို စိုးရိမ်နေမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး ၊ အဲဒီ ပွဲ အတွက် အသင့်ပြင်ထားမယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

ပထမ အကြိမ် မဲခွဲမှု လုပ်ဆောင်ခဲ့စဉ်က လီဗာပူး ဟာ ဒီနှစ် ဘောလုံးရာသီ ရောက်မှ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို ပထမဆုံး အကြိမ် တက်ရောက်လာခဲ့တဲ့ ဆဲလ်ဘု အသင်းနဲ့ တွေ့ဆုံခဲ့ပြီး ၊ အင်တာ မီလန် က အေဂျက် နဲ့ တွေ့ခဲ့ပါတယ်။

သို့သော် နောက်တစ်ကြိမ် ပြန်လည် မဲခွဲရာမှာတော့ အင်တာ မီလန် နဲ့ လီဗာပူး တို့ ထိပ်တိုက် တွေ့ဆုံ လာခဲ့ပါတယ်။

အင်တာ မီလန် အုပ်စုတွင်းမှာ ရီးရဲ မက်ဒရစ် ၊ ရှက်တာ ဒိုးနက် ၊ ရှရိဖ် တို့နဲ့ အတူ ကျရောက်ခဲ့ပြီး ၊ အုပ်စု ဒုတိယ နဲ့ ရှုံးထွက် အဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

ပထမ အကျော့ပွဲစဉ် ကို ဖေဖော်ဝါရီလ 16 ရက်နေ့ ဆန်စီရို ကွင်းကြီးထဲမှာ ကစားမှာ ဖြစ်ပြီး ၊ ဒုတိယ အကျော့ကိုတော့ မတ်လ 8 ရက်နေ့မှာ အန်ဖီးလ် ကွင်းမှာ ပြန်လည် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ထူးခြားတာ က ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲက စလို့ အဝေးကွင်း ဂိုးစည်းမျဉ်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်တာကြောင့် ၊ အသင်းတွေ အနေနဲ့ နှစ်ကျော့ပေါင်း သွင်းဂိုး ၊ ပေးဂိုး ရလာဒ် တူညီနေခဲ့တယ် ဆိုရင် ယခင်လို အဝေးကွင်း ဂိုး ပိုသွင်းတဲ့ အသင်းဘက်ကို အသာစီး ပေးတော့မှာ မဟုတ်ပါဘူး။

သတင်းသမားတွေ နဲ့ တွေ့ဆုံချိန်မှာတော့ ဇနက်တီ က “ မဲခွဲပွဲ အမှားအယွင်း ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ မှတ်ချက်တွေ ပေးနေလဲ ဘာမှထူးလာတော့မှာ မဟုတ်ပါဘူး ၊ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ အားလုံးလဲ မြင်ခဲ့ကြတာပဲလေ။

အဲဒီတော့ ပေါ်ထွက်လာတဲ့ ရလာဒ် အပေါ် လက်ခံပါတယ်။ ကျနော်တို့ဟာ လီဗာပူး ကို ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေမှာပါ။

သူတို့က ထိပ်သီး ကလပ် ဖြစ်သလို ၊ အင်တာ မီလန် ကလဲ ကြီးကျယ် ခမ်းနားလွန်းတဲ့ သမိုင်းကြောင်းတွေ ပိုင်ဆိုင် ထားတဲ့ အသင်းကြီး ဖြစ်ပါတယ်။ ဒီပွဲ အတွက် ပြင်ဆင်ချိန်တွေ အများကြီး ရှိနေသေးတာမို့ ၊ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားမှာပါ။

လွန်ခဲ့တဲ့ 10 နှစ် အတွင်း ချန်ပီယံ လိဂ် ရှုံးထွက် အဆင့်မှာ ပထမဆုံး အကြိမ် ကစားခွင့်ရတာ တော်တော်လေးကို ကျေနပ်ဖို့ ကောင်းပါတယ်။ အင်တာ မီလန် ဟာ ဒီအငွေ့အသက်တွေ မရပဲ ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။

လီဗာပူး က ထိပ်တန်း အသင်းကြီး ဆိုပေမယ့် ကျနော်တို့က အင်တာ မီလန် ဖြစ်နေလို့ အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင် ကတော့ ဒီထိပ်တိုက်တွေ့ဆုံမှာ လီဗာပူး က သာနေတာကြောင့် ကလော့ပ် ရဲ့ အသင်းပဲ နောက်တဆင့် တက်ရောက်သွားလိမ့်မယ်လို့ သုံးသပ်သွားခဲ့ ပါတယ်။

“ အင်တာ မီလန် က ဆဲလ်ဘု ထက်တော့ ကစားရတာ နည်းနည်းလေး ပိုခက်မှာပါ။ ဒါပေမယ့် လီဗာပူး အနေနဲ့ ယုံကြည်မှု အပြည့်ရှိရပါတယ်။

အင်တာ ဟာ ဥရောပ ရဲ့ ထိပ်တန်း အသင်းကြီး တစ်သင်း ဖြစ်သလို ၊ ဆန်စီရို ကလဲ သမိုင်းဝင် ဘောလုံးကွင်းကြီး တစ်ခုပါပဲ။ ဒါကြောင့် အဝေးကွင်း ကို လိုက်ပြီး အားပေးမယ့် ပရိသတ်တွေ အတွက်သာမက ၊ ကစားသမားတွေ အတွက်ပါ ကစားပေးချင်တဲ့ နေရာမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် အီတလီ ဘောလုံး ရပ်ဝန်းက ယခင်ကလို အရမ်းကြီး တောင်းတင်းတဲ့ အဆင့်မျိုး မရှိတော့ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် လီဗာပူး ဟာ နောက်တစ်ဆင့် ကို တက်ရောက်ဖို့ ရေပန်းစားနေဆဲ ဖြစ်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

 

SPORTS MYANAR