လီဗာပူး ခံစစ်မှုးကို မျက်စိကျနေတဲ့ ဝက်စ်ဟမ်း

အဓိက ခံစစ်မှုးကြီးတွေ ဖြစ်တဲ့ အော့ဘွန်နာ နဲ့ ဇူးမား တို့ဟာ ကာလရှည် အနားယူရမယ့် ဒဏ်ရာပြသနာတွေ ရရှိသွားခဲ့ပြီး နောက်ပိုင်း ၊ ဝက်စ်ဟမ်း ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ခံစစ်မှုးသစ် ခေါ်ယူဖို့ အတွက် ကြိုတင် လေ့လာသုံးသပ်မှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

သူတို့ ရဲ့ ဦးစားပေး ပစ်မှတ်ထဲမှာ ဖီအိုရင်တီးနား က ဆားဘီးယား ခံစစ်မှုး မီလန်ကိုဗစ် က ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ သတင်းတွေ က ဆိုပါတယ်။

ဒါ့အပြင် ကစားသမား နဲ့ ကလပ်အသင်း အကြား အပြောင်းအရွှေ့ ဆိုင်ရာ နှုတ်အားဖြင့် ကြိုတင် သဘောတူညီမှု ရရှိထားတယ်လို့ သတင်းတွေ က ဖော်ပြသည့်တိုင်အောင် တရားဝင် ပေါ်ပေါက်လာဖို့ အခွင့်အလမ်း နည်းပါးနေဆဲလို့ သုံးသပ်ရပါတယ်။

အထူးသဖြင့် ဖီအိုရင်တီးနား ဟာ သူတို့ရဲ့ ကစားသမား တစ်ယောက် ကို ကြားကာလ ရာသီဝက်ကြီးမှာ လက်လွှတ်ပေးဖို့ ဝန်လေးနေသလို ၊ ပြောင်းရွှေ့ကြေး ပမာဏ ကိုတော့ အတိုင်းအတာ တစ်ခုအထိ လိုချင်နေတာကြောင့် လွယ်လွယ်နဲ့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

 

ဒါကြောင့် နည်းပြ မိုယက် ဟာ ဖြစ်နိုင်ချေ အရှိဆုံး ပစ်မှတ်မျိုးကို ပြောင်းလဲ ချိန်ရွယ်ဖို့ စီစဉ်နေပါတယ်။

အဲဒီ ကစားသမား ကတော့ လီဗာပူး မှာ အရံ ထိုင်ခုံ ထိုင်နေရတဲ့ နက် ဖီးလစ် ဖြစ်ပါတယ်။ နက် ဖီးလစ် ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ကတည်းက အသင်းပြောင်းဖို့ ပြင်ဆင်ခဲ့ဖူးပြီး ၊ နောက်ဆုံးမှာ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရောက်ရှိလာခြင်း မရှိတဲ့ အတွက် လီဗာပူး က သူ့ကို လစာတိုးပေးကာ စာချုပ်သက်တမ်း တိုးထားပါတယ်။

သို့သော် ကမ်းလှမ်းမှုတွေ ရှိလာရင် လက်ခံ ဆွေးနွေးပေးသွားမှာ ဖြစ်တဲ့ အကြောင်း နည်းပြ ကလော့ပ် ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါတယ်။

ဖီးလစ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူး အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် အဓိက နေရာက ပါဝင် ကူညီပေးခဲ့သူ ဖြစ်ပြီး ဒီနှစ် ဘောလုံးရာသီမှာတော့ ဒဏ်ရာပြသနာ က ပြန်လည် ကောင်းမွန်လာခဲ့သူတွေကြောင့် ပွဲထွက် ကစားခွင့် နည်းပါးလျှက် ရှိနေပါတယ်။

သို့သော် နည်းပြ ကလော့ပ် ကတော့ အေစီမီလန် နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမျိုးမှာတောင် ထည့်သွင်း အသုံးပြုထားပါတယ်။

လက်ရှိ မှာ သူဟာ အဲဒီ ပွဲစဉ်က ရရှိခဲ့တဲ့ ပါးရိုးကျိုး ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

သို့သော် ဒဏ်ရာပြသနာ က ပြင်းထန်ခြင်း မရှိလို့ ၊ ရှေ့တစ်ပတ်ကနေ စပြီး တစ်ဦးတည်း လေ့ကျင့်ခန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။

အဲဒီ အကြောင်းနဲ့ ပတ်သက်လို့တော့ ကလော့ပ် က “ ဒဏ်ရာက ပြောရသလောက်ကြီးလဲ မဆိုးပါဘူး။ ခွဲစိတ်စရာ မလိုသလို ၊ ရှေ့တစ်ပတ်ထဲမှာပဲ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မှာပါ။ အသင်းလိုက် လုပ်ဆောင်တဲ့ ပုံစံမျိုး အထိ ရောက်ဖို့ အတွက် ဆိုရင်တော့ 4-5 ပတ်လောက် စောင့်ဆိုင်းရနိုင်ပါတယ်” လို့ မှတ်ချက် ပေးထားခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ ဒဏ်ရာပြသနာ အကြောင်းပြချက်ကြောင့် ခေါ်ယူဖို့ တွန့်ဆုတ်နေမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သို့သော် ဒဏ်ရာဟာ ပါးရိုး မှာ ဖြစ်တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည် အပေါ်တော့ လုံး၀ ထိခိုက်မှာ မဟုတ်ပါဘူး။

လီဗာပူး ဘက်ကတော့ ဖီးလစ် ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် 10 သန်း ဝန်းကျင် အထိ အလိုရှိနေတယ်လို့ နားလည်ရပါတယ်။

SPORTS MYANMAR