လီဗာပူး ကို ပြောင်းလာဖို့ အသေးစိတ် စဉ်းစားခဲ့ရတဲ့ အကြောင်းတွေကို ဖွင့်ဟလိုက်တဲ့ ကိုနာတေး

ချာတိတ် ဘဝတုန်းက ကိုနာတေး ဟာ ကွင်းလယ် ကစားသမား နေရာမှာ စတင် ကစားခဲ့သူဖြစ်ပါတယ်။

သို့သော် ဆိုးချောက် ဘောလုံး အသင်းရဲ့ အကယ်ဒမီ ကို ရောက်ရှိလာချိန်မှာတော့ ဒါရိုတ်တာ ဖြစ်သူ Eric Hely က သူ့ကို ခံစစ်မှုး နေရာ ပြောင်းလဲ ကစားဖို့ အကြံပြုရင်း ကနေ ခံစစ်မှုး ဖြစ်လာခဲ့တဲ့ အကြောင်းကို ကစားသမား ကိုယ်တိုင်က အခုလို ဖွင့်ဟ လာခဲ့ ပါတယ်။

“ သူ ရှင်းပြခဲ့တာ က မင်း ရဲ့ ကစားပုံက အရမ်း မြန်လွန်းနေတယ် ၊ အဲဒီတော့ ကွင်းလယ်မှာ ကစားရင် တစ်ကွင်းလုံးက မင်းနောက်မှာပဲ ခဏလေး ရောက်သွားတယ်။ ဒါကြောင့် ခံစစ်မှုးနေရာကို ပြောင်းကစားကွာ။ ဒါဆိုရင် တစ်ကွင်းလုံးက မင်း ရှေ့မှာ ရောက်သွားမှာ ဖြစ်လို့ ၊ စိတ်ကြိုက် ကစားလို့ ရသွားတာပေ့ါ။

ငါ့ အမြင်မှာတော့ မင်းဟာ ကွင်းလယ် ကစားသမားကောင်း တစ်ယောက် ဖြစ်လာနိုင်ပါတယ် ၊ ဒါပေမယ့် ခံစစ်နေရာ ပြောင်းကစားမယ် ဆိုရင်တော့ ထိပ်တန်း ခံစစ်မှုး ပုံစံအထိ ရောက်သွားနိုင်တယ်”

နှစ်ပေါင်းများစွာ ကျော်ဖြတ်လာပြီး နောက်မှာတော့ Eric Hely ရဲ့ အမြင်ဟာ မှန်ကန်မှု ရှိတဲ့ အကြောင်း လက်ရှိ သူ စွမ်းဆောင်ပြထားတဲ့ ခြေစွမ်းတွေ နဲ့ သက်သေခံလျှက် ရှိနေပါတယ်။ အခု မှ အသက် 22 နှစ် အရွယ်သာ ရှိသေးသော်လဲ လီဗာပူး လို အသင်းကြီး တစ်သင်း ရဲ့ အစိတ်အပိုင်းဖြစ် ပါဝင်ခွင့် ရရှိနေပါပြီ။

ပြင်သစ် ဒုတိယတန်းမှာ ယှဉ်ပြိုင် ကစားနေခဲ့တဲ့ ဆိုးချောက် အသင်း ရဲ့ စီနီယာ အသင်းကြီးမှာ ရာသီဝက်သာ ကစားပေးရသေးသည့်တိုင်အောင် ကိုနာတေး ရဲ့ စွမ်းဆောင်ရည်ကို ဥရောပ အသင်း တော်တော်များများက စိတ်ဝင် တစားနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။

အဲဒီနှစ် ဘောလုံးရာသီ အကုန်မှာပဲ ဂျာမန် ကလပ် ဘွန်ဒက်လီဂါ အသင်းက အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူသွားခဲ့တာကြောင့် 17 နှစ် ဝန်းကျင် နဲ့ ဂျာမဏီမြေ ကို စတင် အခြေချခွင့် ရရှိခဲ့ပါတယ်။ သို့သော် သူ့ရဲ့ အပြောင်းအရွှေ့ က အရမ်းကို စောလွန်းတယ်လို့ ဝေဖန်ခဲ့ကြသလို ၊ အောင်မြင်မှာ မဟုတ်ဘူး ဆိုတဲ့ မှတ်ချက်စကား တွေ ရှိခဲ့သည့်တိုင်အောင် နောက်ပိုင်းမှာတော့ အဲဒီလူတွေ အားလုံး မှားယွင်းကြောင်း သက်သေထူကာ 4 နှစ် အတွင်းမှာပဲ လိုက်ပ်ဇစ် ရဲ့ အမာခံ ခံစစ်မှုး တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။

ကိုနာတေး ရဲ့ ဘ၀ အလှည့်အပြောင်းတွေဟာ ပြီးခဲ့တဲ့ နွေရာသီ အတွင်းမှာလဲ အလားတူ ပုံစံမျိုး နဲ့ ထပ်မံ ရင်ဆိုင်လာရပြန်ပါတယ်။ လီဗာပူး လို အသင်းကြီးမျိုးက ကမ်းလှမ်းလာချိန်မှာတော့ အသင်းပြောင်းသင့်လား ၊ လိုက်ပ်ဇစ် မှာပဲ ဆက်နေသင့် သလား ဆိုတဲ့ အငြင်းအခုန်တွေ က နောက်တစ်ကြိမ် ပေါ်ပေါက်ခဲ့ပြန်ပါတယ်။

သို့သော် ကာယကံရှင် ကိုယ်တိုင်ကတော့ အန်ဖီးလ်ထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့ ပုံစံတွေကို အခုလို ထပ်မံ ဖွင့်ဟသွားခဲ့ ပါတယ်။

“ ကျနော် ကိုယ့်ကိုယ်ကို ပြန်ပြီး စကားတွေ ပြောကြည့်ခဲ့တယ်။ မင်း … လီဗာပူး ကို သွားရင် ထိပ်တန်း ခံစစ်မှုးတွေ နဲ့ တွဲပြီး ကစားခွင့်ရမယ် ၊ ထိပ်တန်း အသင်းကြီး တစ်သင်းကို ကိုယ်စားပြုခွင့်ရမယ်။ အဲဒီ အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းက ထိပ်တန်း ဘောလုံးသမားတွေချည်းပဲလေ။ ဒါကြောင့်မို့ လွယ်လွယ်နဲ့ ကစားခွင့်ရမှာ မဟုတ်ဘူး။

ဒါပေမယ့် ကျနော် က ကိုယ့်အကြောင်းကို နားလည်ပြီးသားပါ။ အလုပ်တွေ ကြိုးစားရတာ ကြိုက်သလို ၊ စိန်ခေါ်မှုတွေကိုလဲ နှစ်သက်ပါတယ်။ တကယ်တမ်း ပြောင်းမယ်လို့ ဆုံးဖြတ်ချက် ချလိုက်မယ် ဆိုရင် ကိုယ့်အတွက် စွန့်လွတ်လိုက်ရတာတွေ ကြီးမားလာမှာပါ ဘာလို့လဲ ဆိုတော့ လိုက်ပ်ဇစ်မှာ ဆက်နေရင် တစ်ရာသီလုံး ကစားခွင့်ရမှာလေ။

ပြီးတော့ အလုပ်တွေလဲ ထပ်ပြီး ကြိုးစားဖို့ လိုချင်မှ လိုလာပါလိမ့်မယ်။ ကျနော့် အတွေးမှာလဲ “ငါက အမြဲတမ်း ကစားခွင့် ရနေတာပဲ ထပ်ပြီး ကြိုးစားစရာ မလိုဘူး” ဆိုပြီး သာယာချင် သာယာသွားပါလိမ့်မယ်။

တကယ်လို့ လီဗာပူး ကိုသာ ပြောင်းမယ် ဆိုရင် ကိုယ့်အတွက် ရွေးချယ်စရာ ရှိလာမှာ မဟုတ်ပါဘူး။ ကစားခွင့် မရဘူး ဆိုတာ နဲ့ အခြားလူတွေထက် ပိုပြီး ကြိုးစားပြတော့ပါဘူး။ သူများထက် ပိုကောင်းအောင် ကြိုးစာပြနိုင်မှ အခွင့်အရေးက ရလာမှာပါ။

ဒီလို စိန်‌‌ေခါ်မှုမျိုး ငါက လိုနေတာပဲ ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သေတော့ မသေချာဘူးပေါ့ဗျာ။ ဒါပေမယ့် တစ်ခါတလေမှာ ဘဝဆိုတာ ဒီလိုပါပဲ။ ပိုကောင်းတဲ့ အနေအထား တစ်ခုကို တက်လှမ်းဖို့ အတွက် နေ့တိုင်း ကိုယ့်ကို ပေးနေတဲ့ တွန်းအားတွေ လိုအပ်ပါတယ်။ အဲဒီ ပုံစံမျိုး နဲ့ လီဗာပူး ကို ပြောင်းလာဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

 

SPORTS MYANMAR