လီဗာပူးဟီးရိုး အိုရီဂီဟာ သူ့ကို ဘာကြောင့် စိတ်ပျက်စေသလဲဆိုတာ ရှင်းပြလိုက်ပြီး ဒီရာသီ title race ကို ခန့်မှန်းလိုက်တဲ့ အိုဝင်

မိုက်ကယ်အိုဝင်က ဒီဗော့အိုရီဂီဟာ မနေ့ညက ဝုဖ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး အတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူကာ match winner ဖြစ်ခဲ့ပေမယ့်လည်း ဘယ်ဂျီယံ တိုက်စစ်မှုးနဲ့ ပက်သက်ပြီး အပြည့်အ၀ ကျေနပ်မှုတော့ မရှိသေးဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

အိုရီဂီဟာ လီဗာပူးမှာ ဘယ်တော့မှ ပုံမှန် ပွဲထွက်ခွင့် ရခဲ့သူ မဟုတ်ခဲ့ပေမယ့်လည်း လီဗာပူးတို့ ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရာသီက အရေးပါလှတဲ့ ဂိုးတွေကို သွင်းယူပေးခဲ့တာကြောင့် ကလပ်ရဲ့ ဟီးရိုးတစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

ဒီရာသီမှာလည်း အိုရီဂီဟာ လီဗာပူးမှာ အစိတ်အပိုင်း တစ်ခု အနေနဲ့သာ ကစားခဲ့ရပေမယ့်လည်း ဝုဖ်နဲ့ ပွဲမှာ နောက်ကျအနိုင်ဂိုးကို သွင်းယူပြီး လီဗာပူးကို အမှတ်ပြည့် ရစေခဲ့ကာ title race မှာ ချဲလ်ဆီးကို ကျော်တက်ပြီး ထိပ်ဆုံးက စီးတီးနဲ့ တစ်မှတ်အကွာ ဒုတိယနေရာမှာ ရှိနေပါတယ်။

ကလော့ရဲ့ အသင်းဟာ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့မှုကြောင့် Moleneux မှာ အဖိုးတန် ရမှတ်တွေ ဆုံးရှုံးမယ့်ပုံ ရှိခဲ့ပေမယ့်လည်း အိုရီဂီရဲ့ နောက်ကျဂိုးကြောင့် ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ထားခဲ့ပြီး အရှိန်အဟုန်ကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အသ်က ၂၆ နှစ်အရွယ် ကစားသမားဟာ မာနေး နဲ့ ဆာလား တို့ အာဖရိကဖလား သွားရောက် ကစားနေချိန်မှာ လီဗာပူးအတွက် ပွဲထွက်ခွင့်တွေ ရဖို့ ရှိနေပေမယ့် အိုဝင်က ဘယ်ဂျီယံ တိုက်စစ်မှုးဟာ ပွဲထွက်ခွင့် ရခဲ့တဲ့ အချိန်တိုင်း သူ့ကို စိတ်ပျက်စေခဲ့တယ်လို့ ပြောသွားပါတယ်။

အိုဝင်က “သူ ပွဲထွက်ခွင့် ရခဲ့တဲ့ အချိန်တိုင်း သူ့ရဲ့ ကစားပုံမှာ ကျွန်တော့်ကို စိတ်ပျက်စေတယ်လို့ ဝန်ခံ သွားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်လို ဟာမျိုးတွေ ရှိနေတာပဲလို့ လူတွေက ပြန်လည် ငြင်းခုန်ကြမှာ ဖြစ်ပါတယ်။

အမှန်ပါပဲ။ သူဟာ လီဗာပူး ကစားသမား ဘဝမှာ မယုံနိုင်စရာ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ခြုံပြီး ပြောရမယ်ဆိုရင် သူ ပွဲထွက်ကစားခွင့် ရတဲ့ အချိန်တိုင်း သူဟာ ကျွန်တော့်ကို စိတ်ပျက်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း သူဟာ အရန်ခုံကနေ သက်ရောက်မှုတော့ ပေးနိုင်တဲ့ ကစားသမား ဖြစ်ပြီး အရေးပါတဲ့ ဂိုးတွေ ရယူပေးခဲ့ပါတယ်။

ဒါပေမယ့် လာမည့် ဇန်နဝါရီမှာ ဆာဒီယိုမာနေး နဲ့ မိုဟာမက်ဆာလား တို့ အာဖရိက ဖလားကို သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် အိုရီဂီ အနေနဲ့ အခုကနေ စပြီး ပွဲထွက်ခွင့်တွေ ရလာနိုင်ပါတယ်။” လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး အိုဝင်က ဝုဖ်နဲ့ပွဲက အိုရီဂီရဲ့ နောက်ကျ အနိုင်ဂိုးဟာ title race မှာ တကယ့်ကို အရေးပါတဲ့ အခိုက်အတန့် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

အိုဝင်က “ဒီဂိုးဟာ တကယ့်ကို အရေးပါတဲ့ အခိုက်အတန့်ပါ။ ဂလင်းဂျွန်ဆင် ပြောခဲ့သလိုပဲ ဒီရာသီ အမှတ်ပေးဖလားကို ရမှတ် ၁ မှတ် ၂ မှတ်လောက်နဲ့ ဆုံးဖြတ်သွားနိုင်ပါတယ်။

လီဗာပူးဟာ မျက်စိတစ်မှတ် အတွင်းမှာပဲ ရမှတ် ၂ မှတ် အပို ရရှိခဲ့တယ်လို့ ဆိုနိုင်ပြီး ဒါဟာ ရာသီကုန်ချိန်မှာ တကယ့်ကို အရေးပါတဲ့ ရမှတ်တွေ ဖြစ်လာနိုင် ပါတယ်။ လီဗာပူးရဲ့ နိုင်ပွဲဟာ တူချယ် နဲ့ ပက်ဂွာဒီယိုလာ တို့အတွက် တကယ် စိတ်ပျက်စရာ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ လီဗာပူးဟာ ဝုဖ်နဲ့ ပွဲမှာ သေချာပေါက် ရမှတ် ၂ မှတ် ဆုံးရှုံးတော့မှာ ဖြစ်လို့ပါ။ အဲဒီနောက် ရုတ်တရက်ဆိုသလိုပဲ လီဗာပူးဟာ အမှတ်ပြည့် ရသွားခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော် တွေးမိခဲ့တာကတော့ ရာသီတစ်ခုမှာ ၃-၀ ၄-၀ နဲ့ နိုင်ပွဲတွေ ရှိပေမယ့် ဒီလို ၁-၀ နဲ့ ကပ်ပြီး နိုင်ခဲ့တဲ့ ပွဲစဉ်တွေကသာ ရာသီတစ်ခုကို အဆုံးအဖြတ် ပေးနိုင်တာ ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM