လီဗာပူးနဲ့ သွားရောက်ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်မီ ယာဂန်ကလော့ထံမှ ရရှိခဲ့တဲ့ အကောင်းဆုံး အကြံဉာဏ်ကို ထုတ်ဖော်လိုက်တဲ့ စတီဗင်ဂျာရတ်

စတီဗင်ဂျာရတ်ဟာ ယာဂန်ကလော့ ဆီကနေ သူရရှိခဲ့တဲ့ အကောင်းဆုံး အကြံဉာဏ် တစ်ချို့ကို ထုတ်ဖော်သွားခဲ့ပြီး အက်စတွန်ဗီလာ နည်းပြဟာ တစ်ချိန်မှာ လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်လာနိုင်တယ် ဆိုတဲ့ ပြောဆို ဆွေးနွေးမှုတွေကို လျစ်လျူရှုဖို့ ကြိုးစားနေပါတယ်။ အသက် ၄၁ နှစ်အရွယ် ဂျာရတ်ဟာ သူ့ရဲ့ မန်နေဂျာ ဘ၀ ပထမဦးဆုံး အကြိမ် အဖြစ် အက်စတွန်ဗီလာနဲ့ အတူ အန်ဖီးမှာ သွားကစားရမှာ ဖြစ်ပါတယ်။

ဂျာရတ်ဟာ ဗီလာနည်းပြရာထူးကို ဒင်းစမစ်ထံကနေ ဆက်ခံခဲ့ရပြီးနောက် ၄ ပွဲ ကိုင်တွယ်ထားခဲ့ရာမှာ မန်စီးတီးတသင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ပြီး ၃ ပွဲ အနိုင်ရထားခဲ့ပါတယ်။ လီဗာပူးအတွက် ကစားသမားဘဝမှာ ပွဲပေါင်း ၇၁၀ ကစားပေးခဲ့တဲ့ ဂျာရတ်ဟာ အကယ်ဒမီ ကစားသမား အဖြစ်ကနေ လီဗာပူးရဲ့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ငယ်ဘဝကလပ်မှာ သမိုင်းတစ်လျှောက် အကြီးကြယ်ဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ယနေ့ညမှာ သူရင်ဆိုင်ရမယ့် စမ်းသပ်မှု အတွက်ကိုသာ အာရုံစိုက်လျက် ရှိနေပြီး ယနေ့ညမှာ ဗီလာတို့သာ အန်ဖီးမှာ အနိုင်ရခဲ့မယ်ဆိုရင် ဥရောပဝင်ခွင့် မျှော်လင့်ချက် အားကောင်းလာမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ဂျာရတ်က သူ့ရဲ့ မန်နေဂျာဘ၀ အစပိုင်းမှာ ကလော့ ပေးခဲ့တဲ့ ထောက်ပံ့မှု နဲ့ လမ်းညွှန်မှုတွေ အတွက် အမြဲတမ်း ကျေးဇူးတင်နေမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဂျာရတ်က “ကျွန်တော် သူ့ဆီက ရရှိခဲ့တဲ့ အကောင်းဆုံး အကြံဉာဏ် တစ်ချို့ကတော့ ‘ဒီကနေ အဲဒီ (ရိန်းဂျား) ကို မင်းရဲ့ ကိုယ်ပိုင် team ကို ယူသွားလိုက်ပါ။ ဒါပေမယ့် မင်းရဲ့ ကိုယ်ပိုင်ဟန် အတိုင်းပဲ အလုပ်လုပ်ပါ။ မင်းရဲ့ အသင်းကို ဘယ်လို ပုံစံနဲ့ ကစားသွားချင်သလဲ ဆိုတာကို ရီဟာဆယ်တွေ လေ့ကျင့်မှုတွေ လုပ်ပါ။

ပြီးတော့ မင်း ဘယ်လိုမျိုး identity ကို အသုံးပြုချင်သလဲ? ပြီးတော့ ကင်မရာတွေနဲ့ ဝေးရာမှာပဲ အမှားတွေ လုပ်ပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေကို မင်းသာ အဓိကချပြီး အဆင့်ဆင့် ပြောင်းလဲလာအောင် လုပ်သွားပါ။ မင်းရဲ့ နည်းပြဘ၀ ခရီးကို တကယ့်ကို အစကနေ စတင်သွားလိုက်ပါ။

ဘယ်လို အချိန်မှာပဲ ဖြစ်ဖြစ် မင်းအကူအညီ လိုအပ်တဲ့အခါတိုင်း ငါပေးသွားဖို့ အသင့်ပဲ’ လို့ ပြောခဲ့ပါတယ်။

ဒါဟာ ကျွန်တော့် အတွက်ကော ကစားသမားဘ၀ ကနေ အနားယူပြီးနောက် နည်းပြဘဝထဲ ဝင်ဖို့ အတွက် ပြင်ဆင်နေတဲ့ ကစားသမားတွေ အတွက်ပါ အဖိုးတန်လှတဲ့ အကြံဉာဏ်ပါပဲ။ ကျွန်တော်ကတော့ ဒီအတွက် ကလော့ကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။

ကျွန်တော် သူနဲ့ ဒီစကား ပြောခဲ့တဲ့ အချိန်မှာ သူနဲ့ ဒီလောက် အချိန်တိုလေး အတွင်းမှာ ပြိုင်ဘက် အဖြစ်နဲ့ ပြန်လည် ရင်ဆိုင်ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် ဒီခရီးကတော့ ထွက်ခွာခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး မန်နေဂျာတွေနဲ့ ကိုယ့်ကိုကိုယ် challenge လုပ်သွားဖို့ တကယ် အားခဲထားပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဂျာရတ်က သူဟာ ဒီတစ်ပတ်မှာ ဗီလာ အတွက် ရလဒ်ကောင်း ရယူပေးဖို့ မျှော်လင့်ချက်နဲ့ အန်ဖီးကို ပြန်လာတယ်ဆိုတာကို လီဗာပူး ပရိတ်သတ်တွေ ကောင်းကောင်း သိနေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဂျာရတ်က “ကျွန်တော်ဟာ ကိုယ်နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ကလပ်ကို တစ်ချိန်ချိန်မှာ ပြန်ဖို့ ရည်ရွယ်ထားတယ် ဆိုတာကို လူတွေ အားလုံး သိထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီး ပြောဆိုနေမှုတွေကိုလည်း ကျွန်တော် နားလည်သလို လေးစားမှုလည်း ရှိပါတယ်။

အကြောင်းရင်းတစ်ချို့ကြောင့် ဒီကိစ္စဟာ ကျွန်တော့်ကို ရယ်မောစေခဲ့ပါတယ်။ ပထမအချက်က ကျွန်တော်ဟာ ကလပ်မှာ ရှိတဲ့ လူတော်တော်များများနဲ့ ဆက်ဆံရေးကောင်း ရှိပါတယ်။

ကျွန်တော် အဲဒီမှာ အရမ်းကောင်းတဲ့ အချိန်တွေ ရခဲ့ပြီး တကယ်ကောင်းတဲ့ ခရီးတစ်ခုပါ။ ကျွန်တော်ဟာ local boy တစ်ဦး ဖြစ်ပြီး လီဗာပူးကို အားပေးရင် ကြီးပျင်းလာခဲ့တာပါ။ ကျွန်တော် ဒီအသင်းကို အမြဲတမ်း အားပေးနေမှာပါ

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒီကိစ္စက ကျွန်တော့်ကို ရယ်မောစေခဲ့တဲ့ အကြောင်းရင်းကတော့ ကျွန်တော် အဲဒီကို သွားပြီး အသင်းကောင်း မန်နေဂျာဟောင်း နဲ့ ရင်ဆိုင်ဖို့ အခွင့်အရေး ရခဲ့တဲ့အပြင် ဒီပွဲကို အနိုင်ကစားဖို့ အခွင့်အရေး ရှိနေလို့ပါပဲ။

နိုင်ပွဲရဖို့ကသာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အာရုံပါ။ လီဗာပူးနဲ့ပက်သက်တဲ့ သတင်းတွေဟာ အခြား လူတွေအတွက်တော့ စိတ်လှုပ်ရှားစရာပါ။

ကျွန်တော့်အတွက်ကတော့ အက်စတွန်ဗီလာအတွက် ရလဒ်ကောင်းကို ရယူပေးနိုင်ဖို့ အတွက် ဒီအသင်းကို တက်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်နေခြင်း ပါပဲ။

ကျွန်တော် ဘာလဲဆိုတာ နဲ့ အန်ဖီးကို ဘာအတွက် လာရောက်သလဲ ဆိုတာကို ကွင်းထဲမှာ ရှိတဲ့ လူတွေ အားလုံး ကောင်းကောင်း သိနေကြမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SPORTS MYANMAR