လီဗာပူးနဲ့ ပွဲမတိုင်မီ ဒီရာသီ ခြေစွမ်းကောင်း ပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဆာလာနဲ့ နှိုင်းယှဉ်ပြီး မှတ်ချက်ပေးလိုက်တဲ့ ကွန်တီ

တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီ က လက်ရှိ ရာသီမှာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ဆက်တိုက်ပဲ ရုန်းကန် နေခဲ့ရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အတူတွဲဖက် အလုပ်လုပ်ခဲ့ဖူးသူတွေထဲက အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးပဲလို့ ထုတ်ဖော် ချီးကျူးခဲ့လိုက်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရွှေဖိနပ်ဆု ရယူဆွတ်ခူးထားနိုင်ခဲ့တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒီနှစ်မှာတော့ အသင်း အတွက် 12 ကြိမ် ပွဲထွက် ကစားပြီးချိန် 1 ဂိုးသာ သွင်းယူနိုင်ခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ အန်တိုနီယို ကွန်တီ ဆိုတာ နည်းပြ သက်တမ်း တလျှောက်မှာ ကားလို့စ် တိဗတ်ဇ် ၊ ဒီယေဂို ကော်စတာ ၊ ရိုမီလူ လူကာကူ တို့လို စပါယ်ရှယ် တိုက်စစွမှူးတွေနဲ့ အလုပ်တွေ အတူ တွဲဖက် လုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ လီဗာပူး အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာတော့ အန်တိုနီယို ကွန်တီက ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အခြားသော တိုက်စစ်မှူးတွေနဲ့ တစ်တန်းထဲ ထားပြီး ချီးကျူးစကား ဆိုသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ဟယ်ရီ က ကမ္ဘာ့ အဆင့် တိုက်စစ်မှူး တစ်ယောက်ပါ ။ ကျွန်တော်ဟာ သူနဲ့ အတူ လေ့ကျင့်ရေး အစီအစဉ်တွေကို နေ့စဉ်နေ့တိုင်း လုပ်ဆောင်နေသူ တစ်ဦး ဖြစ်တာကြောင့် သူဟာ ကမ္ဘာ့ အဆင့် တိုက်စစ်မှူးကောင်း တစ်ဦး ဖြစ်တယ်ဆိုတာကို ကောင်းကောင်းသိခဲ့ရတာပါ ”

” သူဟာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တဲ့အတွက် ကျွန်တော် သူနဲ့ အလုပ်လုပ်ရတာ တကယ်ပဲ ပျော်ရွှင်နှစ်သက်မိပါတယ် ။ သူဟာ အံ့ဖွယ် ကစားသမား တစ်ဦးပါပဲ ။ အသင်းမှာ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ရ ကျွန်တော် တကယ်ပဲ ဝမ်းမြောက်ကျေနပ်မိပါတယ် ”

” သေချာတာပေါ့ ၊ ယာဂင် ( ကလော့ပ် ) ဟာ သူ့ရဲ့ အသင်းမှာ မိုဟာမက် ဆာလာ ကို ပိုင်ဆိုင်ရတာ နှစ်သက်မိမှာပါပဲ ။ အဲ့ဒီလိုပဲ ကျွန်တော်ဟာလည်း ကိုယ့်ရဲ့ အသင်းမှာ ဟယ်ရီးကိန်းလို ကစားသမားမျိုး ပိုင်ဆိုင်ရတာ အရမ်းပဲ ပျော်ရွှင် ကျေနပ်မိပါတယ် ”

” သူဟာ ကျွန်တော်တို့တွေ အတွက်တော့ အရေးကြီးတဲ့ ကစားသမား တစ်ယောက်ပါ ။ လီဗာပူးလို ပြိုင်ဖက် အသင်းကောင်းမျိုးနဲ့ ရင်ဆိုင် ကစားရတဲ့ အခါမျိုးမှာ သူ့ဆီက ကျွန်တော် ထားရှိတဲ့ မျှော်လင့်ချက်တွေဟာ တကယ်ပဲ မြင့်မားလှပါတယ် ” လို့ ကွန်တီ က ဒီပွဲ အတွက် ကိန်းဆီက ပုံစံကောင်းတွေ မျှော်နေကြောင်းပါ ဖွင့်ဟခဲ့လိုက် ပါတယ် ။

ဟယ်ရီး ကိန်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ အသင်းအတွက် ကိုယ်တိုင် 23 ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သလို အသင်းဖော်တွေအတွက်လည်း 14 ကြိမ် အထိ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒီရာသီတော့ သူဟာ ရုန်းကန်နေရဆဲပါပဲ ။

#Sports_Myanmar