လီဗာပူးနဲ့ ပွဲမတိုင်မီ ချဲလ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သက်ပြီး မက်ဆေ့ချ် ပေးလိုက်တဲ့ မိုက်ကယ် အိုဝင်

ချဲလ်ဆီး အသင်း ဟာ လာမယ့် တနင်္ဂနွေနေ့မှာ နှစ်သစ် အဖွင့် ပရီးမီးယားလိဂ် ပွဲတပွဲ အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ် မှာ ချန်ပီယံ ပြေးလမ်းကြောင်း က လီဗာပူး အသင်းကို လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။ ဒါဟာ ချဲလ်ဆီးကို ဒီရာသီ ချန်ပီယံလုပွဲမှာ ဆက်လက် တင်ကျန်ဖို့ ရှိမရှိ အဆုံးအဖြတ် ပေးမယ့်ပွဲ ဆိုရင်လည်း မမှားပါဘူး ။

အဆင့် ၂ နေရာက ချဲလ်ဆီး အသင်း ဟာ လောလောဆယ်မှာ လီဗာပူးထက် တမှတ် သာနေပေမယ့် ၊ တပွဲ ပိုကစားထားပြီး ၊ နောက်ဆုံး ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲမှာလည်း သရေ တမှတ်သာ ရထားခဲ့တာ ဖြစ်ပါတယ် ။

ဒီအတွက်ကြောင့် ချန်ပီယံ ပြေးလမ်းကြောင်းမှာ ဆက်ရှိလိုတယ် ဆိုရင် လီဗာပူးနဲ့ ပွဲမှာ ချဲလ်ဆီးတို့ မဖြစ်မနေ အနိုင် ကစားရမှာ ဖြစ်ကာ ၊ နောက်တပတ်မှာ ဇယားထိပ် က မန်စီးတီး ကို အီတီဟတ်မှာ သရေလောက် ကစားနိုင်ဖို့ လိုဦးမှာ ဖြစ်ပါတယ် ။

လောလောဆယ်မှာ ဘရိုက်တန်နဲ့ ပွဲအပြီး အားထားရတဲ့ နောက်ခံလူ ၂ဦး ဖြစ်တဲ့ ရိစ်ဂျိမ်းစ် ၊ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ ဒဏ်ရာ ထပ်ရခဲ့တာကြောင့် ၊ တည်ငြိမ်မှု ရဖို့ ရုန်းကန်နေရတဲ့ ချဲလ်ဆီး ခံစစ်ကို ပိုမို အားနည်းစေခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် ကစားသမား အချို့ ကိုဗစ် ၊ ကြံ့ခိုင်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီး ဟာ မန်စီးတီးနဲ့ ၈မှတ် အထိ ကွာဟနေတဲ့ အတွက် ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ ဒီရာသီ ချန်ပီယံလုပွဲမှာ ၎င်းတို့ကို ထည့်တွက်နေစရာ မလိုတဲ့ အကြောင်း အသင်းသားတွေရဲ့ ကိုယ်စား ဖိအား တချို့တဝက် လျှော့ချပေးတဲ့ အနေနဲ့ တုန့်ပြန်ခဲ့ပါတယ် ။

လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် ကတော့ ချဲလ်ဆီး အတွက် လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ပွဲဟာ title race မှာ ဆက်ကျန်မလား ဆိုတာ တိုက်ရိုက် အဆုံးအဖြတ် ပေးမယ့် ပွဲဖြစ်ကြောင်း သုံးသပ်ရင်း ၊ ချဲလ်ဆီး အနေနဲ့ လီဗာပူး ၊ မန်စီးတီးတို့နဲ့ ဆက်တိုက် ကစားရမယ့် ၂ပွဲကနေ အနည်းဆုံး ၄မှတ် လိုအပ်ကြောင်း သတိပေးလိုက်ပါတယ် ။

Premier League Production အစီအစဉ်မှာ အိုဝင် က ” နောက်လာမယ့် ၂ပွဲကနေ ချဲလ်ဆီး ဟာ အနည်းဆုံး ၄မှတ် ယူရမယ်လို့ ခင်ဗျားတို့လည်း သုံးသပ်မိမှာ ဖြစ်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် သူတို့ဟာ ဒီရာသီ ချန်ပီယံလုပွဲ အတွက် ပြိုင်ဆိုင်နေကြတဲ့ ၃သင်းထဲကနေ ပထမဆုံး လွင့်စင်သွားမယ့် အသင်း ဖြစ်သွားပါလိမ့်မယ် ။ ”

” လီဗာပူး ဟာ သူတို့ အနောက် တမှတ် အကွာ ရှိနေတယ် ဆိုပေမယ့် ၊ တပွဲလျော့ ကစားထားတာ ဖြစ်ပါတယ် ။ ဒီတော့ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ကစားမယ့် ချဲလ်ဆီး – လီဗာပူး ပွဲဟာ သူတို့ အတွက် title race မှာ ဆက်ရှိမရှိ အဆုံးအဖြတ် ပေးလုနီးပါး ပွဲလို့တောင် ပြောရပါမယ် ။ ”

” အဲဒီပွဲမှာ ရှုံးခဲ့ရင်တောင် လီဗာပူူး ဟာ မန်စီးတီးကို အမှီလိုက်နိုင်မယ့် ပုံစံကောင်းမျိုး ဆက်တိုက် ပြသနိုင်သေးတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးကတော့ နောက်ထပ် ခြေချော်လို့ မရတော့ပါဘူး ။ နောက် ၂ပွဲမှာ သူတို့ အနည်းဆုံး ၄မှတ် ရဖို့ လိုနေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR