လိဒ်ယူနိုက်တက် ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီး အာဆင်နယ် ကစားသမား ၃ ဦးကို ချီးကျူး လိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ လိဒ်ယူနိုက်တက် အသင်းကို လေးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ လူငယ် တိုက်စစ် ကစားသမား ၂ ဦး နဲ့ အသင်း ခေါင်းဆောင် တိုက်စစ်မှူး လာကာဇက် ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး သွားခဲ့ပါတယ် ။

ဂန်းနားတို့ဟာ အသက် ၂၁ နှစ်အောက် ကစားသမားတွေ ဖြစ်ကြတဲ့ မာတီနယ်လီ (၂ ဂိုး ) ၊ ဆာကာ ၊ စမစ်ရို တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ အဝေးကွင်းမှာ ဂိုးပြတ် နိုင်ပွဲ ရရှိ သွားခဲ့ပြီး အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ် ။

မာတီနယ်လီ ဟာ သူ့ရဲ့သွင်းဂိုး နှစ်ဂိုးကြောင့် ဒီရာသီ လိဂ် သွင်းဂိုး ၄ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး စမစ်ရို ကလည်း ဒီရာသီ လိဂ် သွင်းဂိုး ၇ ဂိုးမြောက်ကို သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ က ” တကယ့်ကို ခက်ခဲ ကြမ်းတမ်းတဲ့ ရက်သတ္တပတ် တစ်ခုပါပဲ ၊ ဒါပေမယ့် အသင်းသားတွေရဲ့ စွမ်းဆောင်ရည် အပေါ်ကော အသင်းရဲ့ ရလဒ်တွေကိုပါ ကျေနပ်မှု ရှိပါတယ် ၊ ကျွန်တော်တို့ ဒီနေ့ နိုင်ပွဲ ရတဲ့ အတွက်လည်း ပျော်ရွှင် ရမှာပါ ။ ”

” သူတို့က လိဂ်ပြိုင်ပွဲမှာ ကြံ့ခိုင်မှု အားအပြုဆုံး အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ရတာ ဖြစ်ပါတယ် ၊ သူတို့ အနေနဲ့ လိဒ်ယူနိုက်တက် နဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ပြင်ဆင် ထားခဲ့ရပါတယ် ၊ လူငယ်တွေက ပွဲတိုင်းကို လေ့လာ သင်ယူမှု အပြည့်နဲ့ ကစားနေကြပြီး ပွဲအဖြေ ပြောင်းလဲအောင် လုပ်ပေးနိုင်ကြပါတယ် ။ ”

” စီနီယာ ကစားသမားတွေကလည်း အသင်း နိုင်ပွဲမှာ အဓိက နေရာက ပါဝင် ခဲ့ပါတယ် ။ မာတီနယ်လီ က ရင့်ကျက်မှု ရှိလာပြီး သင်ယူလိုစိတ်လည်း ပြင်းပြပါတယ် ၊ သူ့ရဲ့ passion က ဘောလုံးပါပဲ ၊ ဒီအရာကို ဘောလုံးကွင်းထဲမှာ သူ ကစားနေချိန်တိုင်း တွေ့မြင် နိုင်ပါတယ် ။ ”

” စမစ်ရို ကလည်း လိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး တကယ့်ကို အသိအမှတ်ပြုရမယ့် သွင်းဂိုး အရေအတွက်ပါပဲ ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း စမစ်ရို ကို ဂိုးတွေ ပိုရစေချင် နေခဲ့တာပါ ။ ”

” လာကာ ကလည်း ကြီးမားတဲ့ အရည်အသွေးကို ပိုင်ဆိုင် ထားသူပါ ၊ သူက ဘေးနားက ကစားသမားတွေ ပိုကောင်းလာအောင် လုပ်ပေးနိုင်ပါတယ် ၊ ဒီနေ့မှာ လူငယ်တွေရဲ့တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ ခဲ့ရတာ ဖြစ်ပါတယ် ။ ရင်ဆိုင် ကစားဖို့ ခက်ခဲတဲ့ အသင်း တစ်သင်း နဲ့ ပွဲမှာ သူတို့ game plan အတိုင်း ကစား နိုင်ခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ တစ်ပတ် အတွင်း ၃ ပွဲ ကစားခဲ့ရပါတယ် ၊ ကြံ့ခိုင်မှု အားပြုတဲ့ အသင်းတွေနဲ့ပါ ၊ ကျွန်တော် အရမ်း ကျေနပ် မိပါတယ် ၊ ကစားသမားတွေက ပွဲအခြေအနေအပေါ် ကောင်းကောင်း နားလည် သဘောပေါက်ခဲ့ပြီး ထိရောက်မှု ရှိရှိ ကစား နိုင်ခဲ့ပါတယ် ။ ”

” ပထမပိုင်းမှာဆို ကျွန်တော်တို့ တကယ်ကောင်းအောင် ကစား နိုင်ခဲ့ပါတယ် ၊ ကျွန်တော်တို့ ဒီ နိုင်ပွဲ ၃ ပွဲ စလုံးကို ထိုက်ထိုက်တန်တန် ရခဲ့တာပါ ၊ ကျွန်တော် တကယ်ကို အားရ ကျေနပ်မိပါတယ်ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM