လိဒ်စ်နဲ့ ပွဲမှာ ပြီးခါနီး အခွင့်အရေး တခုခု ရလာမယ် ဆိုတာ သူ ကြိုခံစားမိခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လိဒ်စ်ယူနိုက်တက် အသင်းကို ထင်ထားတာထက် ပိုပြီး ၊ ခက်ခက်ခဲခဲ ကစားခဲ့ရကာ ၊ နာကျင် အချိန်ပိုမှာ ရခဲ့တဲ့ ပင်နယ်တီကြောင့် ၃ – ၂ ရလဒ်နဲ့ comeback နိုင်ပွဲ တပွဲ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ ပေးဂိုး ၆ဂိုး အထိ ရှိခဲ့ပြီး ၊ ကွင်းလယ်မှာ ဒဏ်ရာ ပြဿနာတွေ ပုံနေတာကြောင့် ၊ ချဲလ်ဆီး အသင်းရဲ့ ကစားပုံ သိသိသာသာ ကျဆင်းနေခဲ့ပေမယ့် ၊ မနေ့ည က ပွဲမှာ ရခဲ့တဲ့ အဖိုးတန် ၃မှတ် က ၎င်းတို့ကို ယုံကြည်မှု တချို့တဝက် ထည့်ပေးနိုင်ခဲ့မှာ သေချာပါတယ် ။

 

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ မနေ့ည က ပွဲမှာ ကြားရက် က ဇင်းနစ်နဲ့ တဖက် ၃ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှ ပွဲထွက်စာရင်း ကို ၈ နေရာ အထိ အပြောင်းအလဲ လုပ်ခဲ့ပြီး ၊ အဖြစ်နိုင်ဆုံးနဲ့ အတောင့်တင်းဆုံး ပွဲထွက်စာရင်းကို အသုံးပြုသွားခဲ့ပါတယ် ။

ပွဲချိန် ၃ပုံ ၁ပုံ အရောက်မှာ မားကို့စ် အလွန်ဆိုရဲ့ မိုက်မဲတဲ့ ပင်နယ်တီ ဧရိယာ အတွင်း ပြစ်ဒဏ် ကျူးလွန်မှုကြောင့် ချဲလ်ဆီးတို့ မထင်မှတ်ပဲ အဖွင့်ဂိုး အရင် ပေးခဲ့ရပေမယ့် ၊ ပထမပိုင်း ပြီးခါနီးမှာ အလွန်ဆို က သူ့အမှားကို ပြန်ချေတဲ့ အနေနဲ့ မေဆင်မောင့်ရဲ့ ချေပဂိုး အတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

 

၅၈ မိနစ် အရောက်မှာတော့ ရူဒီဂါရဲ့ ပါးနပ်မှုကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ပြီး ၊ ဒါကို ဂျော်ဂျင်ဟို က အမှားအယွင်း မရှိ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ် ။ ၂ – ၁ နဲ့ အချိန် အတိုင်းအတာ တခု အထိ ချဲလ်ဆီးတို့ ဆက်ထိန်းနိုင်ခဲ့ပေမယ့် ၊ ၈၃ မိနစ်မှာ လူစားဝင် လိဒ်စ် လူငယ် တိုက်စစ်မှူး ဂယ်လ်ဟာ့ ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ် ။

အိမ်ရှင်တို့ နောက်တပွဲ အမှတ်လျော့ပြီလို့ ထင်ထားခဲ့ရပေမယ့် ၊ နာကျင် အချိန်ပိုမှာ ရူဒီဂါကြောင့် ချဲလ်ဆီးတို့ အဖိုးတန် ပင်နယ်တီ ကန်ခွင့် တကြိမ် ထပ်ရခဲ့ပြီး ၊ ဒါကို ဂျော်ဂျင်ဟို ကပဲ သွေးအေးအေးနဲ့ ကန်သွင်း အဆုံးသတ်ခဲ့တာကြောင့် အမှတ်ပြည့် ရခဲ့ကာ ၊ ဇယားထိပ်ပိုင်း က မန်စီးတီးနဲ့ လီဗာပူးတို့ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က မနေ့ည က ပွဲပြီးခါနီးမှာ ၎င်းတို့ အနိုင်ရမယ့် အခိုက်အတန့် တခုခု ကြုံလာမယ် ဆိုတာ ကြိုတင် ခံစားခဲ့မိကြောင်းကို ” လက်ကျန် မိနစ်တွေမှာ ကျွန်တော်တို့ ပွဲရလဒ် ကို အလှည့်အပြောင်း ဖြစ်စေမယ့် အခွင့်အရေး တခုလောက် ထပ်လာဦးမယ် ဆိုတာ ကျွန်တော် ကြိုတင် ခံစားခဲ့မိပါတယ် ။ ”

” ကျွန်တော်တို့ဟာ ပထမပိုင်း ပြီးခါနီး ချေပဂိုး သွင်းခဲ့ပြီး ၊ အဲဒီ နောက်ပိုင်း တောင့်တင်းတဲ့ တုန့်ပြန်မှုမျိုး ပြသနိုင်ခဲ့ပါတယ် ။ ဒီကြားထဲမှာတော့ ကျွန်တော်တို့ဟာ တခုခုကို ဆုံးရှုံးမှာ စိုးရွံ့နေတဲ့ စိတ်နဲ့ ကစားခဲ့မိပါတယ် ။ ဒီတော့ ပြီးခါနီး ရခဲ့တဲ့ ပင်နယ်တီဂိုး က ကံကောင်းခဲ့တယ်ပဲ ပြောကြတာပေါ့ ။ ”

” ဒါပေမယ့် ပြိုင်ဖက် ကို ၂ဂိုး ခွင့်ပြုခဲ့ရပါတယ် ။ ဒါဟာလည်း ကိုယ့်အလှည့် ကျလာတာလို့ ယူဆကြတာပေါ့ ။ လတ်တလော ကြုံနေရတဲ့ mood ကို ချေဖျက်ဖို့ ဒီနေ့မှာ အနိုင်ရလဒ် လိုအပ်ခဲ့ပါတယ် ။ ဒါကို ရခဲ့လို့ ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ် ။ ဒီနေ့ အသင်းလိုက် ကစားပုံ အပေါ် ကျွန်တော် ကျေနပ်မှု ရှိပါတယ် ။ ”

” အခုတော့ ကျွန်တော်တို့ ၂ရက် နားမှာဖြစ်ပြီး ၊ ဒီနေ့ အနိုင် ၃မှတ်က အသင်းသားတွေ အတွက် ပျော်ရွှင်မှု အချို့ ဖန်တီးပေးနိုင်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး ဟာ လာမယ့် ကြာသပတေးညမှာ အဲဗာတန် အသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက် လက်ခံကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR