လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်း အင်အား ဖြည့်တင်းရမယ့် နေရာ ၃ ခုကို ပြောပြလိုက်တဲ့ မိုက်ကယ်သောမက်စ်

အာဆင်နယ် အသင်း ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ မိုက်ကယ်သောမက်စ် က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ဗဟို ကွင်းလယ်လူ တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ဟာ မကြာခင် စတင် ဖွင့်လှစ်တော့မှာ ဖြစ်ပြီး အာဆင်နယ် အသင်းအတွက် လက်ကျန် ရာသီဝက်မှာ အသင်း အင်အား တောင့်တင်းအောင် ဖြည့်တင်းဖို့ရာ အကောင်းဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ် ။

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ၆ ဦး အတွက် ပေါင် သန်း ၁၅၀ ကျော် အသုံးပြု ထားခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီမှာလည်း ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

အာဆင်နယ် ပရိသတ်တွေကတော့ အသင်းရဲ့တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ လာကာဇက် ၊ အန်ကီးတီးယား နဲ့ အူဘာမီယန်း တို့ အမ်းမရိတ်မှာ ဆက်ရှိဖို့ မသေချာ ဖြစ်နေတာကြောင့် တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ အလို ရှိနေပါတယ် ။

အာဆင်နယ် အသင်း နဲ့ သတင်း အထွက်နေဆုံး တိုက်စစ်မှူးကတော့ ဖီအိုရင်တီးနား အသင်းရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ် ပါ ။ စီရီးအေ ကလပ် ဖီအိုရင်တီးနား အသင်း ကတော့ ဗလာဟိုဗစ် အတွက် ပေါင် ၇၇ သန်း အထိ တောင်းဆို ထားပါတယ် ။

အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း မိုက်ကယ်သောမက်စ် ကတော့ ပါတေး နဲ့ တွဲဖက် ကစားဖို့ရာ ဗဟို ကွင်းလယ်လူ ၁ ဦး ဦးစားပေး ခေါ်ယူသင့်ကြောင်း Just Arsenal မှာ ရေးသား သွားခဲ့ပါတယ် ။

” အာတီတာ အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အင်အား ဖြည့်တင်းဖို့ကို အသေအချာ စဉ်းစား သင့်ပါတယ် ။ အထူးသဖြင့် ဗဟို ကွင်းလယ်လူ တစ်ဦးကို ဦးစားပေး ခေါ်ယူ သင့်ပါတယ် ။

ဒါပေမယ့် ထိပ်ဆုံး လေးသင်းမှာ ရပ်တည် နိုင်ဖို့ ဆိုရင်တော့ တိုက်စစ်မှူး တစ်ဦး နဲ့ ဂိုးသွင်းနိုင်တဲ့ တောင်ပံ ကစားသမား ၁ ဦး ထပ်ခေါ်နိုင်ရင် အကောင်းဆုံး ဖြစ်သွားမှာပါ ။ ” လို့ ရေးသားသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်တစ်လောမှာ ဗဟို ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ရီနာတို ဆန်းချက်စ် ၊ ဝိုင်နယ်ဒန် ၊ ရာဘီယော့ တို့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့တော့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SM