လက်စတာ ရဲ့ Comeback နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာ ကြိုသတိပေးခဲ့ကြောင်း စတာလင် ထုတ်ဖော်ပြောဆို

မန်ချက်စတာ စီးတီး တောင်ပံ ကစားသမား ရာဟင်း စတာလင် က နည်းပြကြီး ဂွာဒီယိုလာ ဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲရဲ့ ပထမပိုင်း အပြီးမှာ လက်စတာ စီးတီး ရဲ့ တုန့်ပြန် နိုင်စွမ်းနဲ့ ပတ်သက်ပြီး သတိပေး စကား ပြောဆို ခဲ့တယ်လို့ ဖွင့်ဟ ပြောပြ သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ ခရစ္စမတ် ဘောက်ဆင်ဒေး ပွဲစဉ် အဖြစ် လက်စတာ စီးတီး ကို အိမ်ကွင်းမှာ လက်ခံ ကစား ခဲ့ပြီး ၆-၃ ရလဒ် နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

စီးတီး ဟာ ပွဲအစ ၅ မိနစ် မှာတင် ကယ်ဗင် ဒီဘရိုင်းနား ရဲ့ အဖွင့်ဂိုး ရရှိ ခဲ့ပြီး ၂၅ မိနစ် အတွင်းမှာ ၄ ဂိုး အထိ သွင်းယူ နိုင်ခဲ့ ပါတယ် ။

ပထမပိုင်းပြီးချိန်မှာ ၄-၀ နဲ့ ဦးဆောင် နေတာကြောင့် တဖတ်သတ် ဆန်တဲ့ ဂိုးပြတ် နိုင်ပဲွဲတပွဲကို မြင်ရမယ်လို့ အားလုံးက ထင်မှတ်ခဲ့ ပေမယ့် လက်စတာ ရဲ့ တုန့်ပြန်မှု ဟာ ဒုတိယပိုင်း ၄၅ မိနစ်ကို အကြိတ်အနယ် ပွဲကောင်း တပွဲ အဖြစ် ပြောင်းလဲ ပေးခဲ့ ပါတယ် ။

လက်စတာ ဟာ ဒုတိယပိုင်း မှာ ၃ ဂိုး ဆက်တိုက် ပြန်သွင်း ခဲ့ပြီး ၄-၃ ဆိုတဲ့ အနေအထား ကို ရောက်အောင် လာနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် လာပေါ့တ် ရဲ့ ခေါင်းတိုက်ဂိုး ဟာ စီးတီး ကို ၅-၃ နဲ့ ဦးဆောင် သွားစေခဲ့ပြီး လက်စတာ ရဲ့ သရေ မျှော်လင့်ချက်ကို ကုန်ဆုံး စေခဲ့ ပါတယ် ။

စတာလင် ကတော့ စီးတီး ရဲ့ ပွဲသိမ်းဂိုး ကို သွင်းပေးခဲ့သလို ပထမပိုင်း တုန်းကလည်း ပင်နယ်တီ ကနေ ၁ ဂိုး သွင်းယူ ပေးခဲ့ ပါတယ် ။

ပွဲအပြီး မှာတော့ အင်္ဂလန်သားက စီးတီး နည်းပြ ဂွာဒီယိုလာ ရဲ့ အမျှော်မြင် ရှိမှုကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ပထမပိုင်းပြီးချိန်မှာ နည်းပြက ကျွန်တော်တို့ ကို သတိပေးခဲ့ ပါတယ် ။

လက်စတာ က ပထမပိုင်းမှာ ၄ ဂိုးပေးထားရ ပေမယ့် သူတို့ တိုက်စစ်ဆင်တိုင်းမှာ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့ ပါတယ် ။

ပြောရရင်တော့ ၃ ဂိုးပြန်ပေး လိုက်ရတာ တကယ် စိတ်ပျက်စရာ ပါပဲ ။ ပွဲကို ထိန်းချုပ် နိုင်ပြီလို့ ထင်ထားခဲ့တာပါ”

“ဘောလုံးဆိုတာ ဒါပါပဲ ၊ ၄-၀ နဲ့ နိုင်နေ ပေမယ့် ပွဲကို မသတ်ထားနိုင်ဘူး ဆိုရင် ဒီလိုမျိုးတွေ ပြန်ဖြစ် သွားတတ် ပါတယ် ။

လက်စတာ မှာ တကယ်ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ် ။ အခုလို ရလဒ်မျိုး အတွက် သူတို့ ကို ချီးကျုး ဂုဏ်ပြု ရမှာပါ” လို့ စတာလင် က ပြောဆို သွားခဲ့ ပါတယ် ။

 

စီးတီး ဟာ ဒီနိုင်ပွဲကြောင့် ၂၀၂၁ ခုနှစ် အတွင်းမှာ နိုင်ပွဲ ၃၅ ပွဲ အထိ ရယူကာ ပိတ်သိမ်း နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ( အင်္ဂလန် အဆင့်မြင့်တန်း ) သမိုင်း တလျောက် ပြက္ခဒိန် နှစ် တနှစ် အတွင်း နိုင်ပွဲ အများဆုံး စံချိန်ကို ထပ်လောင်း ပေါင်းထည့် သွားနိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် လီဗာပူး အသင်းရဲ့ ပွဲရွှေ့ဆိုင်းရမှုကြောင့် စီးတီး ဟာ ဘောက်ဆင်ဒေး အပြီးမှာ ဒုတိယ နေရာက အသင်းကို ၆ မှတ်ထိ ဖြတ်ကာ ဦးဆောင် လိုက်နိုင်ပြီလည်း ဖြစ် ပါတယ် ။

 

မန်ချက်စတာ ညနေခင်း သတင်းစာကတော့ စတာလင် ကို မနေ့ညက ပွဲရဲ့ အကောင်းဆုံး မန်စီးတီး ကစားသမား အဖြစ် သတ်မှတ် ခဲ့ပါတယ် ။ ကျန်တဲ့ သူတွေရဲ့ Rating တွေကတော့ –

 

အီဒါဆင် ၇

ကန်ဆယ်လို ၇ ။ ဒီယာ့စ် ၇ ။ လာပေါ့တ် ၇ ။ ဇင်ချန်ကို ၇

ဒီဘရိုင်းနား ၈ ၊ ဖာနန်ဒင်ဟို ၇ ၊ ဂွန်ဒိုဝမ် ၇

မာရက်ဇ် ၈ ၊ ဘာနာဒို ၈ ၊ စတာလင် ၉ တို့ပဲ ဖြစ်ကြပါတယ် ။

 

SPORTS MYANMAR