လက်စတာကို ရှုံးနိမ့်ခဲ့ပြီးနောက် အခွင့်အရေးတွေ ဖြုန်းတီးပစ်ခဲ့တဲ့ လီဗာပူးတိုက်စစ် ကစားသမားတွေကို ဝေဖန်လိုက်တဲ့ ဗန်ဒိုက်

မနေ့ညက ကင်းပါဝါမှာ လက်စတာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဗာဂျယ်ဗန်ဒိုက်ဟာ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြတဲ့ လီဗာပူး တိုက်စစ် ကစားသမားတွေ နဲ့ အသင်းလိုက် စွမ်းဆောင်ရည်ကို ဝေဖန်သွားခဲ့ပါတယ်။

လီဗာပူးဟာ ပွဲအစ ကောင်းခဲ့ပြီး ပွဲချိန် ၁၅ မိနစ်မှာတင် ဦးဆောင်ဂိုး ရခဲ့သင့်ပေမယ့် မိုဆာလားဟာ ပင်နယ်တီ လွဲချော်ခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ပြန်ပိတ်ရာမှာလည်း တိုင်ထိထွက် ခဲ့ပါတယ်။

ဆာဒီယိုမာနေး ကလည်း တကယ့် အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့ပြီး ဒီလို အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့်ပဲ ပွဲချိန် ၅၉ မိနစ်မှာ အဒီမိုလာလွတ်မန်းက မာတစ် နဲ့ အလက်ဇန်းဒါးအာနိုး တို့ရဲ့ ခံစစ် ကစားပုံ အားနည်းမှုကနေ ဂိုးသွင်းကာ အပြစ်ပေးခဲ့ပါတယ်။

ဒါဟာ လီဗာပူး အတွက် ဒီရာသီ ဒုတိယမြောက် ရှုံးပွဲဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာ အန်ဖီးကလပ်ဟာ ထိပ်ဆုံးမှာ ၉ ပွဲဆက် အနိုင်နဲ့ ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၆ မှတ်ထိ ကွာဟသွားခဲ့ ပါတယ်။

ဒီပွဲအပြီးမှာ ဗန်ဒိုက်က “ကျွန်တော်ကတော့ လက်စတာဟာ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီရှုံးပွဲဟာ ကျွန်တော်တို့ အပေါ်မှာ ပိုပြီး မူတည်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တိုက်စစ်ပိုင်းမှာ ညံ့ဖျင်းမှုတွေ ရှိခဲ့တယ်လို့ ထင်ပါတယ်။

ဖြတ်တင်ဘော တော်တော်များများကို သူတို့ဟာ ကောင်းကောင်း ခုခံနိုင်ခဲ့ပါတယ်။ ခြုံပြီးပြောရမယ် ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ ကစားပုံတော့ မဟုတ်ပါဘူး။ သူတို့ဟာ အခွင့်အရေး များများစားစား မဖန်တီးနိုင်ခဲ့ပေမယ့်လည်း တန်ပြန်တိုက်စစ်တွေမှာ အန္တရာယ် ပေးနိုင်တဲ့ပုံ ရှိခဲ့ပါတယ်။

သူတို့ကို ချီးကျူးပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်သွားရမှာ ဖြစ်ပြီး တိုးတက်အောင် လုပ်သွားရပါမယ်။ ဒါကို ကျွန်တော်တို့ လုပ်သွားမှာပါ။ ရှုံးနိမ့်မှု ဆိုတာကတော့ ဘောလုံးရဲ့ အစိတ်အပိုင်း ပါပဲ။

ကျွန်တော်တို့ နောက်ဆုံး အချိန်ထိ ဆက်လက် ကြိုးစား သွားမှာပါ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ဖန်တီး နိုင်ခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ ဒီနေ့ဟာ ဂိုးပေါက် ရှာနိုင်တဲ့နေ့ မဟုတ်ခဲ့ပါဘူး။ ပင်နယ်တီလည်း လွဲခဲ့ပါတယ်။ ဒါဟာ ဖြစ်တက်ပါတယ်။ ဒါပေမယ့် ဒါဟာ စိတ်ပျက်စရာပါပဲ။

ကျွန်တော်တို့ ဒီလို ဂိုးမျိုးကို လုံး၀ မပေးချင်ခဲ့ပါဘူး။ ကျွန်တော်တို့ လွတ်မန်းကို နေရာလွတ် ပေးခဲ့ပြီး ကံမကောင်းစွာနဲ့ ဂိုးဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ တုန့်ပြန်လို့ ရတဲ့ အခိုက်အတန့်တွေ ရခဲ့ပါတယ်။ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပြီး ဒီထက် ပိုကောင်းအောင် လုပ်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ သူတို့ကို ချီးကျူးမှုလည်း လုပ်သွားရမှာပါ။” လို့ ဆိုခဲ့ပါတယ်။

Title race နဲ့ ပက်သက်ပြီး လီဗာပူး နောက်ခံလူက “ကျွန်တေ်ာတို့ ဘာပြောနိုင်မှာလဲဗျာ? အခုမှ ဒီဇင်ဘာပဲ ရှိပါသေးတယ်။ ရာသီတစ်ခုဟာ တအားကို ရှည်ကြာပြီး ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကိုဗစ် တို့ ဒဏ်ရာ ပြသနာတို့ကို ကျွန်တော်တို့ မြင်တွေ့ ထားခဲ့ပါတယ်။ အပြောင်းအလဲတွေ အများကြီး ဖြစ်နိုင်ပါတယ်။ မန်စီးတီး ချဲလ်ဆီး နဲ့ ပတ်ဝန်းကျင်က အသင်းတွေကို ကြည့်နေစရာ အကြောင်း မရှိပါဘူး။

ကျွန်တော်တို့ ဒီနေ့ ကိုယ့်ရဲ့ ကစားပုံကိုပဲ ပြန်ကြည့်သင့်ပါတယ်။ ပြီးရင် တိုးတက်အောင် လုပ်သွားရမှာပါ။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ချင်ခဲ့ပါတယ်။ ကျွန်တော်တို့ လုံလောက်တဲ့ စွမ်းဆောင်ရည် မပြနိုင်ခဲ့ဘဲ သူတို့ကတော့ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။” လို့ ဆိုသွားပါတယ်။

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ကလည်း လက်စတာဟာ ဒီပွဲကို အနိုင်ရဖို့ ထိုက်တန်မှု ရှိတယ်လို့ ဝန်ခံသွားခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် လုံး၀ သဘောမကျဘူးလို့ ပြောသွားခဲ့ပါတယ်။

ကလော့က “ဒီပွဲကို ပြန်ကြည့်ဖြစ်ခဲ့မယ် ဆိုရင် ကျွန်တော်တို့ ကံမကောင်းခဲ့ဘူးဆိုတာ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့်ရဲ့ အကဲဖြတ်မှု မဖြစ်နိုင်လောက်ပါဘူး။

ရိုးရိုးသားသား ပြောရရင် ကျွန်တော် အသင်းရဲ့ ကစားပုံကို မနှစ်သက်ပါဘူး။ ကျွန်တော်တို့ဟာ အရမ်းကို ထူးဆန်းတဲ့ ပွဲကို ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့ပြီး သူတို့ဟာ ဂိုးပေါက် တစ်ကြိမ်တည့်ကာ ဂိုးရသွားခဲ့ပါတယ်။ ဒါအိုကေပါတယ်။

ဒီပွဲကို ရှုံးနိမ့်တဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ ၂ ရက်က ကစားခဲ့ရတဲ့ အသင်း ဖြစ်ပြီး ဒီလို စိန်ခေါ်မှု ပြင်းထန်တဲ့ ကာလကို သူတို့ဟာ အမှန်အကန် တိုက်ပွဲဝင်ခဲ့ရပြီး သူတို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။

 

အကယ်၍ ကျွန်တော်တို့သာ အဲဒီလို ပုံစံ ကစားသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ winner ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်စတာကို အနိုင်ရလောက်တဲ့ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို မပြနိုင်ခဲ့တာကြောင့် သူတို့ဟာ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။” လို့ ဆိုသွားပါတယ်။

SM