ရှော်လ်ကေး နည်းပြဘဝမှာ ပွဲစဉ်တစ်ပွဲမတိုင်မီ အဝတ်လဲခန်းထဲက ရန်းဂနစ်ရဲ့ ထူးခြားတဲ့လုပ်ဆောင်ချက်တစ်ခုအကြောင်း ဖွင့်ပြောလိုက်တဲ့ အဆာမို

ဂျာမနီ လက်ရွေးစင် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဂျရဲလ် အဆာမိုက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ်ရဲ့ အဝတ်လဲခန်း အတွင်းမှ လုပ်ဆောင်ချက် တစ်ခုကို ရူးသွပ်မှု တစ်ခုလို့ ခေါင်းစဉ်တပ် ပြောကြားသွားခဲ့လိုက်ပါတယ် ။

အဆာမို ဆိုတာ ရှော်လ်ကေး အသင်းကို ဂျာမန်သား နည်းပြ ရန်းဂနစ် ကိုင်တွယ်ခဲ့စဉ်တုန်းက သူ့ရဲ့ လက်အောက်မှာ ကစားပေးခဲ့သူပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သူဟာ နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ် ရဲ့ ထူးခြားမှု အချို့ကို သိရှိနေတာပဲ ဖြစ်ပါတယ် ။

 

ဒါ့အပြင် အဆာမိုဟာ 2011 ခုနှစ် တုန်းက ရှောလ်ကေး တို့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အဆင့်မှာ ရင်ဆိုင်ခဲ့စဉ်တုန်းက ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်နိုင်ခဲ့ပါသေးတယ် ။ အဆိုပါ အဆင့်မှာ ရှော်လ်ကေး တို့ ယူနိုက်တက်ကို နှစ်ကျော့ပေါင်း 6 – 1 နဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ဂျာမန်သား ရန်းဂနစ်ဟာ ဆယ်နှစ် အကြာမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြ ဖြစ်လာခဲ့ပါပြီ ။ သူဟာ ယာယီ နည်းပြ ဘဝ မှာပဲ အသင်းကို သုံးပွဲ ကိုင်တွယ်ခဲ့ပြီး 2 ပွဲနိုင် ၊ 1 ပွဲ သရေ ရလဒ် နဲ့ အဖွင့်လှ ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ တပည့်ဟောင်း ဖြစ်သူ အဆာမို က နည်းပြ ရန်းဂနစ်ဟာ အဝတ်လဲခန်းထဲမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို လုပ်လေ့လုပ်ထ ရှိသူ တစ်ဦး ဖြစ်ကြောင်း ၊ ဒါဟာ ပွဲအတွက် အသင်းသားတွေ အာရုံစူးစိုက် စေနိုင်ဖို့ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ရန်းဂနစ်ဟာ ကျွန်တော် အရင်တုန်းက တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ အရာတွေကို လုပ်ဆောင်ခဲ့ဖူးတဲ့ နည်းပြတစ်ဦးပါပဲ ။ သူ့ဆီမှာ ရူးသွပ်ဖွယ် ကောင်းလှတဲ့ အကြံဉာဏ်တွေ အချို့ ရှိနေတတ်ပါတယ် ။ တခါက အသင်းရဲ့ အဝတ်လဲခန်းထဲမှာ သူလုပ်ခဲ့တာကို ကျွန်တော် မှတ်မိပါသေးတယ် ”

” ကျွန်တော်တို့ အားလုံးဟာ ပွဲစဉ် မတိုင်မီ အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ထိုင်နေခဲ့ကြချိန် သူဟာ ခေါင်းလောင်းတီးရင်းနဲ့ အဝတ်လဲခန်းထဲ ဝင်လာခဲ့တာမျိုး ကြုံခဲ့ဖူးပါတယ် ။ ဒါဟာ ပွဲစဉ် အပေါ်ကို ကျွန်တော်တို့တွေ ကြိုတင် အာရုံစိုက် နိုင်ဖို့ လုပ်ဆောင်ခဲ့ခြင်းပါပဲ ”

” အဲ့တာက တကယ်လည်း အလုပ်ဖြစ်ခဲ့ ပါတယ် ။ ကျွန်တော်တို့လည်း သူ့ရဲ့ plan တွေကို အမြဲလို ယုံကြည်ခဲ့ကြပါတယ် ။ အဲ့တာတွေကို လိုက်လုပ်ရင်းနဲ့ ကျွန်တော်တို့လည်း အောင်မြင်တဲ့ အသင်းကောင်း တစ်သင်း ပြန်လည် ဖြစ်နိုင်ခဲ့တယ်လေ ” လို့ အဆာမို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

2011 ခုနှစ် တုန်းကတော့ ရှော်လ်ကေး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် အဆင့်မှ ထွက်ခွာခဲ့ရပေမဲ့ အဲ့ဒီ ရာသီမှာပဲ သူတို့တွေဟာ ဂျာမန် ပိုကယ် ဖလားကို ဆွတ်ခူး နိုင်ခဲ့သလို နောက်ရာသီမှာ ဂျာမန် စူပါ ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ကြပါတယ် ။

#Sports_Myanmar