ရွှေဘောလုံး ၇ ဆုရှင် ဖြစ်လာပြီးနောက် လီယွန်နယ်မက်ဆီ ရဲ့ ပထမဆုံး အင်တာဗျူး

လီယွန်နယ် မက်ဆီ ကတော့ ဘောလုံး သမိုင်းမှာ ဘယ်သူမှ မရယူ နိုင်တဲ့ မဟာ စွမ်းဆောင်မှုကြီး ကို ပြိးခဲ့တဲ့ တနင်္လာနေ့ တုန်းက ထပ်မံ လုပ်ပြ နိုင်ခဲ့ ပြန်ပါပြီ ။

ဘောလုံး အားကစား ရဲ့ ဂုဏ်သိက္ခာ အရှိဆုံး နဲ့ အကျော်ကြားဆုံး တကိုယ်တော် စွမ်းဆောင်ရည် ဆုတခု ဖြစ်တဲ့ ရွှေဘောလုံး ( Ballon D’or ) ဆုကို မက်ဆီ ဟာ ၇ ကြိမ်မြောက် ရယူ နိုင်ခဲ့ ပါတယ် ။

ဒီဆုပေးပွဲ မတိုင်ခင် ကတည်းက မက်ဆီ ဟာ ရွှေဘောလုံး တန်းစီဇယားမှာ ၆ လုံးနဲ့ နံပါတ် ၁ ဖြစ်နေခဲ့ တာပါ ။ အခုတော့ ၇ ကြိမ် နဲ့ အနီးဆုံးက ကစားသမား ( ရိုနယ်ဒို ) ကို ၂ ကြိမ် အသာ ရရှိ သွားခဲ့ပါပြီ ။

ဒါကို ချိုးဖျက် နိုင်ဖို့ ဆိုတာ မလွယ်ကူလောက်တော့ ပါဘူး ။

 

တကယ်တော့ မက်ဆီ ဟာ ဆုပေးပွဲ မတိုင်ခင် ကတည်းက သူဟာ ဒီနှစ် အတွက် ဆုရှင် ဖြစ်မယ် ဆိုတာကို သိထားနှင့် ပြီးပါပြီ ။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး ၊ နှစ်စဉ် နှစ်တိုင်းမှာ ဆုပေးပွဲ ကျင်းပ သူတွေဟာ ဆုကို မပေးခင်မှာ ဆုရှင် နဲ့ အတူ ကြိုတင် ရိုက်ကူးရေးတွေ ၊ အင်တာဗျူးတွေ ကို ပြုလုပ် နေကြပါပဲ ။

ဒီနှစ် မှာတော့ L’Equipe ( ရွှေဘောလုံး ကမကထ ပြုလုပ်သည့် ပြင်သစ် မဂ္ဂဇင်း ) ဟာ မက်ဆီ ရွှေဘောလုံးဆု ရရှိမှု ကို ဆုပေးပွဲ မတိုင်ခင် ပေါက်ကြားမှု မရှိရအောင် အထူးကြိုးစားသွားခဲ့ ပါတယ် ။

ပဲရစ် ကို မက်ဆီ ပြောင်းရွှေ့ လာတာကလည်း အခုလို သတင်းလုံခြုံမှု ရှိစေဖို့ အထောက်အကူ ဖြစ်ကောင်း ဖြစ်စေ နိုင်ခဲ့ ပါတယ် ( သတင်းထောက်တွေ ခြေရှုပ်နေတာတွေကို သတိမမူမိ စေနိုင်လို့ )

ဆုပေးပွဲ အပြီး နောက်တနေ့ မှာတော့ L’Equipe မှာ မက်ဆီ ရဲ့ နေအိမ်မှာ ကြိုတင် ရိုက်ကူး ထားတဲ့ ဓါတ်ပုံတွေ ကို ထုတ်ပြခဲ့သလို Ballon D’or Edition Volume ကိုလည်း ထုတ်ေ၀ သွားခဲ့ ပါတယ် ။

အဆိုပါ စာစောင်တွဲမှာ ပါဝင်တဲ့ ရွှေဘောလုံး ၇ ဆုရှင် မက်ဆီ နဲ့ L’Equipe တို့ရဲ့ အင်တာဗျုးကို ပြန်လည် ဖော်ပြ ပေးလိုက်ရ ပါတယ် ။

၁ ။ PSG ကို စပြောင်းလာစဉ်က နေမာ ရဲ့ နံပါတ် ၁၀ ကမ်းလှမ်းမှုကို ဘာကြောင့် ငြင်းခဲ့တာလဲ

 

“ဒီနံပါတ် ၁၀ က သူ့ဟာပါ ။ ကျွန်တော် က အသင်းသစ် တသင်းဆီကို ကူညီ ပေးဖို့ ရောက်လာခဲ့ တာပါ ။

အခုလို ကမ်းလှမ်းမှုဟာ နေမာ ရဲ့ ကောင်းမွန်တဲ့ စိတ်ထားပါပဲ ။ ဒါကို ကျွန်တော် မျှော်လင့် ထားပြီးသားပါ ၊ ဘာလို့လည်း ဆိုတော့ နေမာ့ အကြောင်းကို ကျွန်တော် သိလို့ ပါပဲ”

 

“ဘာဆာ မှာ ကျွန်တော်တို့ အတူ ကစားခဲ့ကြပါတယ် ၊ သူနဲ့ ကျွန်တော် က မိတ်ဆွေတွေ ပါ ။ နံပါတ် ၁၀ ကို ကျွန်တော် ယူတာထက် သူ ဆက်ဝတ်ထားတာက ပိုပြီး မျှမျှ တတ ရှိမယ်လို့ ထင်ခဲ့ ပါတယ် ။ ဒါကြောင့် အခြား ကျွန်တော် ကြိုက်တဲ့ နံပါတ် တခုကို ပြောင်းယူ ခဲ့တာပါ”

၂ ။ မန်စီးတီး ကို ၂-၀ နဲ့ နိုင်တဲ့ ချန်ပီယံလိဂ် ပွဲမှာ ဘာကြောင့် ဖရီးကစ်တံတိုင်းနောက်မှာ သွားလှဲနေခဲ့တာလဲ

 

“ဒါက လုပ်ဖို့ လိုတယ်ထင်လို့ လုပ်ခဲ့ တာပါ ။ ကျွန်တော်တို့က နိုင်နေတဲ့ အချိန်လေ ၊ တံတိုင်းနောက်မှာ ဘယ်သူမှ သွားလှဲတာ မတွေ့မိလို့ ကျွန်တော် လုပ်ခဲ့ တာပါ ။ ဒီအတွက် အခြား ဘာစိတ်ကူးမှ ( စတန့်ထွင်လိုမှု ) မရှိပါဘူး ။ ကျွန်တော်တို့ အားလုံးက ကောင်းမါန်တဲ့ ရလဒ်ကိုပဲ အတူတူ လိုချင်ခဲ့ ကြတာပါ”

၃ ။ ဘောလုံးသမိုင်းတလျောက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရမှု အပေါ် ဘယ်လိုမြင်လဲ

 

“သမိုင်း တလျောက် အကောင်းဆုံး ဆိုတာရော ဒီလို နေရာကို ရောက်ဖို့ အတွက် တွန်းအားပေး ရည်မှန်း နေတယ်လို့ရော တခါမှ ကျွန်တော် မပြောခဲ့ ဖူးပါဘူး ။ ကျွန်တော့ အတွက်တော့ အခြားသူတွေရဲ့ ( သမိုင်း တလျောက် အကောင်းဆုံး ) သတ်မှတ်ချက်တွေ ကပဲ လုံလောက်တာထက် ပိုနေခဲ့ ပါပြီ”

 

“ဒါက ကျွန်တော် လုံး၀ စိတ်ကူးမထား ကြည့်ဖူးတဲ့ အရာပါပဲ ။ ဒီအတွက်လည်း ကျွန်တော် လုံး၀ စိတ်ဝင်စားမှု မရှိပါဘူး ။ သမိုင်းတလျောက် အကောင်းဆုံးလို့ သတ်မှတ်ခံရတာပဲ ဖြစ်ဖြစ် ၊ မသတ်မှတ် ခံရရင်ပဲ ဖြစ်ဖြစ် ပါ ။ ဒါကို ကျွန်တော် စိတ်ကူး မရှိခဲ့ ပါဘူး”

 

၄ ။ အခြား ကစားသမားတွေရဲ့ စံပြဖြစ်ရတဲ့ ခံစားချက်

 

“အခြားသူတွေ အတွက် စံပြ ဖြစ်နေလား မဖြစ်နေလားဆိုတာ ကျွန်တော် မသိပါဘူး ။ ကျွန်တော့ပုံစံ ကလည်း စံပြ တယောက် ၊ ဒါမှ မဟုတ် အကြံဉာဏ်တွေ ပေးတတ်တဲ့ တယောက် ပုံစံနဲ့လည်း တခါမှ မတူခဲ့ ပါဘူး ။ ကျွန်တော် က ကျွန်တော့ရဲ့ အိပ်မက်တွေ အတွက် တိုက်ပွဲဝင်နေ ခဲ့သူပါ”

 

“စစချင်းတုန်းကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တယောက် ဖြစ်ဖို့ပေါ ။ အဲ့နောက်မှာတော့ ပိုကောင်းအောင် ကောင်းအောင် လုပ်ရင်း ရည်မှန်းချက် အသစ်တွေလည်း နှစ်တိုင်း ဖြစ်လာခဲ့ တာပါ ။ ကံတရားက ဖေးမခဲ့တဲ့ အခိုက်အတန့်တွေလည်း ပါခဲ့ ပါတယ် ။ ကျွန်တော့ ကို ချီးမြှောက် ခဲ့တဲ့ အရာအားလုံး ကို ဘုရားသခင် က ရွေးချယ် ပေးခဲ့တယ်လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်ထားပါတယ်”

 

၅ ။ အာဂျင်တီးနား ဂန္ထဝင်ကြီး မာရာဒိုနာ နဲ့ နှိုင်းယှဉ်ခံရမှု အပေါ် သဘောထား

 

“ကျွန်တော် ကတော့ ကိုယ့်ကိုယ်ကိုယ် မာရာဒိုနာ နဲ့ ယှဉ်မယ်လို့ တခါမှ မတွေးမိ ဖူးပါဘူး ။ ဒါအမှန်ပါ ၊ ဘယ်တုန်းကမှ မာရာဒိုနာ နဲ့ မနှိုင်းယှဉ် ခဲ့ဖူး ပါဘူး ။ ဒီလို နှိုင်းယှဉ် နေတာတွေ ကိုလည်း တခါမှ ဂရုမစိုက် ခဲ့ဖူး ပါဘူး ။ ဝေဖန်မှုတွေ ကိုရောပေါ့ ။ ကျွန်တော့ ဘဝမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူး ပါတယ် ။ ဒါပေမယ့် ဒါတွေကြောင့်ပဲ ဖြစ်ဖြစ် နှိုင်းယှဉ်တာတွေကို ကျွန်တော် လုံး၀ မလုပ်ခဲ့ ပါဘူး”

“အသံတွေ ကိုတော့ ကြားနေရတာပါပဲ ၊ တခါတလေတော့လည်း ဒေါသထွက်မိ ပါတယ် ။ ဒါပေမယ့် နောက်တော့လည်း ပြီးသွား တာပါပဲ ။ ဒီလို ဝေဖန်တာတွေက ကျွန်တော် တယောက်တည်း မှာ ကြုံရတဲ့ အရာတွေမှ မဟုတ်တာပဲကိုး”

 

SPORTS MYANMAR