ရွှေဘောလုံးဆု အကြောင်းပြုပြီး ဘာစီလိုနာကို အပြတ်ကြိတ်ပစ်မယ်လို့ ကြုံးဝါးလိုက်တဲ့ သောမတ်စ်မူလာ

ဘိုင်ယန်မြုးနစ် အသင်းရဲ့ တိုက်စစ်သမားကြီး သောမတ်စ် မူလာ ကတော့ ဒီနှစ် ရွှေဘောလုံးဆု ဟာ အသင်းဖော် လီဝန်ဒေါ့စကီး နဲ့ ပိုမို ထိုက်တန်တယ်လို့ ယူဆကြောင်း ပြောဆို သွားခဲ့ပြီး မက်ဆီ ဆုရရှိခဲ့မှု ဟာ ပိုလန်တွေ ၊ ဂျာမန်တွေ ကို များစွာ စိတ်ပျက် စေခဲ့တယ်လို့ ဆိုသွားခဲ့ ပါတယ် ။

ဒါ့အပြင် မူလာ က အခုလို ရွှေဘောလုံးဆု နဲ့ ချီးမြှောက် မခံရတာဟာ ချန်ပီယံလိဂ် ကို ဘိုင်ယန်မြုးနစ် နဲ့ အတူ ထပ်မံ ဆွတ်ခူး နိုင်ဖို့ စိတ်ဓါတ် ခွန်အား ဖြစ်လာ စေနိုင်ကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။

လီယွန်နယ် မက်ဆီ ဟာ တနင်္လာနေ့ ညက ပြုလုပ် ခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ရွှေဘောလုံး ဆုပေးပွဲ အခမ်း အနားမှာ ဘိုင်ယန် တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီး ကို ကျော်ပြီး ဆွတ်ခူး သွားခဲ့ ပါတယ် ။

ဒါဟာ မက်ဆီ အတွက် သတ္တမ အကြိမ်မြောက် ရွှေဘောလုံး အောင်ပွဲ ဖြစ်စေခဲ့ပြီး ဘယ် ဘောလုံးသမားမှ လိုက်မမီ နိုင်လောက်အောင် ခက်ခဲတဲ့ မှတ်တမ်း တခု ဖြစ်သွား စေခဲ့ ပါတယ် ။

“လီယွန်နယ် မက်ဆီ ဟာ ကမ္ဘာပေါ်မှာ တဦးချင်း စွမ်းရည် အကောင်းဆုံး ဘောလုံးသမား ဖြစ်နိုင်ပါတယ် ။ အခု ဒီဆုကို သူ ရသွားတဲ့ အတွက်လည်း ဂုဏ်ယူတယ်လို့ ပြောချင် ပါတယ် ။ ကျွန်တော့ရဲ့ စိတ်ထဲ မှာတော့ ရောဘတ် လီဝန်ဒေါ့စကီး က ပိုပြီး ထိုက်တန်တယ် လို့ ထင်ထား ခဲ့တာပါ”

“ဒီဆုပေးပွဲဟာ ဘာဗားရီးယန်းတွေ ၊ ပိုလန်သားတွေ ၊ ဂျာမန်က လူတွေ အတွက်တော့ တကယ်ကို စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ် ။ တချို့ဆိုရင် ဒီထက်တောင် ပိုချက် ပိုခဲ့ဦး မှာပါ ။

ကျွန်တော့ အတွက်တော့ ဒါက အရမ်း အံ့အားသင့်စရာ မဟုတ်ခဲ့ ပါဘူး ။

ဒီလောကထဲမှာ ကျဉ်လည် လာခဲ့တာ ကြာပြီ ဆိုတော့ ဒီ လုပ်ငန်းရဲ့ အကြောင်းကို ကောင်းကောင်း သိနေခဲ့တာ ကြာခဲ့ ပါပြီ ။

၂၀၁၃ တုန်းကလည်း ဒီလိုပါပဲ”

 

“ဘွန်ဒစ်လီဂါ ဟာ ( အများပြောကြသလိုမျိုး ) အဆင့်နိမ့်တဲ့ နေရာမဟုတ်ပါဘူး ။ ဒီမှာ ကစားသမား ကောင်းတွေ အများကြီး ရှိပါတယ် ။ ဒီက အောင်မြင်မှု ဟာ အခြား စပိန် ၊ အင်္ဂလန် က အောင်မြင်မှုတွေနဲ့ အတူတူ ပါပဲ ။

ဒါပေမယ့် ( မက်ဆီ နဲ့ လီဝန်ဒေါ့စကီး နှိုင်းယှဉ် ရာမှာတော့ ) တကမ္ဘာလုံးကို ဆွဲဆောင်တဲ့ နေရာမှာတော့ နိုင်ငံ တကာ အောင်မြင်မှုတွေ က အခန်းကဏ္ဍ တခုအဖြစ် ရှိနေမှာပါ”

“အခုလိုမျိုး ( ဆုမရခဲ့တာ ) ဖြစ်ခဲ့တာက ကျွန်တော်တို့ ကို ပိုပြီး စိတ်ဓါတ် တက်စေပါတယ် ၊ အခု ဘိုင်ယန်မြုးနစ် နဲ့ အတူ နောက်ထပ် ချန်ပီယံလိဂ် ဖလားကို ထပ်ယူပြဖို့ အားလုံး ဆန္ဒ ပြင်းပြ နေလောက် ပါပြီ ။

လာမယ့် ချန်ပီယံလိဂ် ပွဲက မြူးနစ် မှာ ဘာစီလိုနာ နဲ့ပါ ။ အခွင့်အရေးက ကျွန်တော်တို့ လက်ထဲမှာပါ ။

လုပ်လိုက်ကြရအောင်” လို့ သောမတ်စ် မူလာ က ပြောဆို သွားခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ဟာ ၂၀၁၉-၂၀ ရာသီတုန်းက ဘိုင်ယန် နဲ့ ဖလား ၃ လုံးရခဲ့သလို အကောင်းဆုံး ကစားပြခဲ့ ပေမယ့် ကိုဗစ် ကပ်ဘေးဆိုးကြောင့် ဒီဆုကို အခွင့်အရေး မရခဲ့ ပါဘူး ။

ရွှေဘောလုံး ဆု ပေးအပ်တဲ့ L’Equipe ရဲ့ အယ်ဒီတာချုပ် ပါစကယ် ဖာရီ ကလည်း မနှစ်က ဆုပေးပွဲ မကျင်းပတာ ကြောင့် မဲပေးမှု မရှိတဲ့ အတွက် လီဝန်ဒေါ့စကီး ဒီဆုကို ရဖို့ သေချာလား မသေချာလား ဆိုတာ မသိနိုင်တာကြောင့် ဒီနှစ် ဆုပေးပွဲမှာ အများက ဆန္ဒ ရှိကြသလိုမျိုး ရွှေဘောလုံး ၂ ဆု ပြုလုပ် ချီးမြှင့်ဖို့ အစီအစဉ် မရှိခဲ့ကြောင်း ပြောပြ သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR