ရွှေဘောလုံးဆုပေးပွဲက မက်ဆီ ရဲ့ မှတ်ချက်စကားတွေကြောင့် ဘယ်လိုခံစားခဲ့ရသလဲ ဆိုတာနဲ့ မက်ဆီ – ရိုနယ်ဒို ခြားနားမှုကို ထင်မြင်ချက်ပေးသွားတဲ့ လီဝန်ဒေါ့စကီး

ဘိုင်ယန်မြုးနစ် အသင်းရဲ့ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး က သူဟာ ရွှေဘောလုံး ဆုပေးပွဲ ညချမ်းတုန်းက လီယွန်နယ် မက်ဆီ ရဲ့ သူနဲ့ ပတ်သက်လို့ ပြောဆို ခဲ့တဲ့ မှတ်ချက် စကားတွေနဲ့ ပတ်သက်ပြီး အလွန် ခံစား ကျေနပ် ခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ဟာ ရွှေဘောလုံး ဆုပေးပွဲမှာ မက်ဆီ ရဲ့ နောက် ဒုတိယ မဲအများဆုံး ရရှိ ခဲ့ပြီး အာဂျင်တီးနားသား ထက် ဒီဆုကို ပိုမို ထိုက်တန်တယ်လို့ ထင်မြင်သူ အများအပြား ရှိခဲ့ ပါတယ် ။

မက်ဆီ ကတော့ ဆုပေးပွဲ စင်မြင့်ထက်ကို ရောက်ရှိ ချိန်မှာ “ကျွန်တော် ရောဘတ် လီဝန်ဒေါ့စကီး နဲ့ ပတ်သက်ပြီး နည်းနည်း ပြောချင် ပါတယ် ၊ ဒီဆု ကို သူနဲ့ ယှဉ်ပြိုင် ရတာ တကယ့်ကို ဂုဏ်ယူ စရာပါပဲ ။

ပြီးခဲ့တဲ့ နှစ်တုန်းက ဒီဆု ကို မင်း ထိုက်တန်တယ် ဆိုတာ အားလုံး လက်ခံ ထားကြတာပါ ။

France Football အနေနဲ့ ပြီးခဲ့တဲ့ နှစ်တုန်းက ( မကျင်းပဖြစ်ခဲ့တဲ့ ) ရွှေဘောလုံး ဆုကို မင်း ကို ပေးဖို့ စဉ်းစား သင့်ပါတယ် ။ ဘာလို့လည်း ဆိုတော့ မင်း နဲ့ ထိုက်တန် လို့ပါ” လို့ လီဝန်ဒေါ့စကီး ကို ပြောဆို ခဲ့ဖူး ပါတယ် ။

ပြီးခဲ့တဲ့ ရက် အနည်းငယ် တုန်းက လီဝန်ဒေ့ါစကီး ဟာ မက်ဆီ ရဲ့ မှတ်ချက် စကားတွေ အပေါ် စိတ်ရင်းမပါဘဲ ပြောဆိုခဲ့တယ် လို့ မှတ်ချက် ပြန်ပေးကြောင်း သတင်း ထွက်ပေါ်လာခဲ့ဖူး ပါတယ် ။

ဒါပေမယ့် လီဝန်ဒေါ့စကီး က ဒါဟာ သူနဲ့ အင်တာဗျူး ခဲ့တဲ့ ပိုလန် သတင်းဌာန ရဲ့ စကားလုံး အသုံးအနှုန်း အပေါ် အဓိပ္ပါယ်ကောက် လွဲခဲ့တာလို့ ပြန်လည် ဖြေရှင်းခဲ့သလို အခု တဖန်မှာလည်း မက်ဆီ ရဲ့ အသိအမှတ်ပြု စကားတွေကြောင့် စိတ်ထိခိုက်လောက်အောင် ဝမ်းမြောက် ခဲ့ကြောင်း ထပ်မံ ပြောဆို သွားခဲ့ ပါတယ် ။

“မက်ဆီ ရဲ့ စကားတွေက ကျွန်တော့ကို တကယ် ခံစားရစေ ခဲ့ ပါတယ် ။ ဒါတွေက အနှစ်သာရ မရှိတဲ့ စကားတွေ မဟုတ်ပါဘူး ။ ကျွန်တော့ရဲ့ ဘ၀ မှာ ကောင်းမွန်တဲ့ ဂုဏ်ပြု ခံရမှု တခုလို့ ပြောရမှာပါ ။

ဆုပေးပွဲ မှာ ကျွန်တော် မက်ဆီ နဲ့ စကားအများကြီး မပြောလိုက်ရ ပါဘူး ၊ ဘာလို့လည်း ဆိုတော့ ကျွန်တော့ရဲ့ စပိန်စကားက သိပ်မကောင်းလို့ပါ ။

ခီလီယံ ( ဘာပေ ) ကို ကျွန်တော် အင်္ဂလိပ်လို ပြောပြီး သူက မက်ဆီ ကို ဘာသာပြန် ပေးခဲ့ပါတယ် ။

အဲ့ဒိညကတော့ တကယ့်ကို အမှတ်တရ ညပါပဲ”

“အနာဂါတ် မှာ ရွှေဘောလုံးကို မျှော်လင့် နိုင်မလား ဆိုတာ နဲ့ ပတ်သက်ပြီးရင်တော့ ကျွန်တော် မပြော နိုင်ပါဘူး ။

ကျွန်တော် ပြောနိုင်တာ ကတော့ အခု လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံး လုပ်သွားမယ် ၊ ဆက်ပြီးလုပ် နေပါဦးမယ် ဆိုတာပါပဲ” လို့ လီဝန်ဒေါ့စကီး က ပြောဆို ခဲ့ ပါတယ် ။

ဆက်လက်ပြီး လီဝန်ဒေါ့စကီး က ရိုနယ်ဒို နဲ့ မက်ဆီ တို့ အကြားမှာ ဘယ်လို ခြားနားမှုတွေ ရှိနေသလဲ ဆိုတာကို သူ့ရဲ့ ထင်မြင်ချက် အတိုင်း ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို နဲ့ မက်ဆီ တို့ ဟာ ဘောလုံးစင်မြင့်ထက်မှာ ၁၀ စုနှစ် တခုကျော် ကြာအောင် အားပြိုင် ခဲ့ကြပြီး ခုချိန်အထိ သူတို့ အကြားက အောင်မြင်မှုတွေဟာ ငြင်းခုန်လို့ ကောင်းနေဆဲလို့ ဆိုရမှာ ဖြစ်ပါတယ် ။

လီဝန်ဒေါ့စကီး ကတော့ မက်ဆီ ရဲ့ ပင်ကိုယ် ပါရမီ ထူးချွန်မှု ဟာ အောင်မြင်မှုတွေ ကို ရိုနယ်ဒို ထက် ပိုပြီး လွယ်လွယ် ကူကူ ယူ နိုင်စေခဲ့ပြီး ရိုနယ်ဒို ကတော့ အရမ်းကို ကြိုးစား ခဲ့ရတယ်လို့ ထင်မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ရိုနယ်ဒို ရဲ့ ကြိုးစားမှုတွေ ကို ကျွန်တော် အရမ်း လေးစားမိ ပါတယ် ။ မက်ဆီ အတွက်တော့ အရာအားလုံးက လွယ်ကူ နေသလို ပါပဲ ။

ရိုနယ်ဒို ကတော့ သူ့ရဲ့ အောင်မြင်မှုတွေ အတွက် ( မက်ဆီ ထက်ပိုပြီး ) ကြိုးစား ခဲ့ရတယ်လို့ ထင်ပါတယ်” လို့ ပိုလန် တိုက်စစ်မှူးကြီးက ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR