ရွှေဘောလုံးဆုပေးပွဲက မက်ဆီ အနေနဲ့ ခံစားချက်မပါတဲ့ စကားလုံးတွေကို မပြောခဲ့သင့်ဘူးလို့ လီဝန်ဒေါ့စကီး တုန့်ပြန်ပြောဆို

ဘိုင်ယန်မြုးနစ် အသင်းရဲ့ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး က သူ့ အနေနဲ့ ရွှေဘောလုံးဆု ကို မရရှိ ခဲ့မှု အတွက် ဝမ်းနည်း ခဲ့မိကြောင်း ပြောဆိုခဲ့ ပါတယ် ။

ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညက စင်မြင့်ထက် မှာ သူ နဲ့ ပတ်သက်ပြီး ပြောဆို ခဲ့တဲ့ လီယွန်နယ် မက်ဆီ ရဲ့ မှတ်ချက် အပေါ်လည်း အနှစ် မပါတဲ့ စကားလုံးတွေ ဖြစ်တယ်လို့ ပြောဆို တုန့်ပြန် သွားခဲ့ ပါတယ် ။

 

လီဝန်ဒေါ့စကီး ဟာ ၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံး ဆုပေးပွဲ မှာ မက်ဆီ ကို မဲ အရေအတွက် ၃၃ မဲ နဲ့ နောက်ကောက်ကျ ခဲ့ပါတယ် ။

မက်ဆီ ကတော့ ဒီရွှေဘောလုံး ဆုကို ၇ ကြိမ်မြောက် ရယူ ဆွတ်ခူး သွားနိုင် ခဲ့ပြီး စင်မြင့်ထက်ကနေ လီဝန်ဒေါ့စကီး ကို ရွှေဘောလုံး တဆု ပြန်ပေး သင့်ကြောင်း ပြောဆို ခဲ့တာ ဖြစ်ပါတယ် ။

လီဝန်ဒေါ့စကီး ဟာ ၂၀၂၀ ခုနှစ် အတွင်းမှာ အလွန်ကောင်းမွန်တဲ့ အောင်မြင်မှုတွေ နဲ့ စွမ်းဆောင်ရည်တွေ ကို ပြသ ခဲ့ပါတယ် ။

ဒါပေမယ့် အဆိုပါ နှစ်မှာ ကိုဗစ် ကပ်ဘေးဆိုးကြောင့် ရွှေဘောလုံး ဆုပေးပွဲကို မကျင်းပခဲ့ တာကြောင့် ပိုလန်သားကြီး ဟာ ဆုနဲ့ လွဲချော်ခဲ့ရ ပါတယ် ။

လီဝန်ဒေါ့စီး ဟာ ၂၀၂၁ အတွင်းမှာလည်း ( ကြီးမားတဲ့ အောင်မြင်မှု မရှိလင့်ကစား ) အကောင်းဆုံး စွမ်းဆောင်ရည်တွေ ကို ဆက်လက် ပြသကာ ဥရောပ ရွှေဖိနပ်ဆု ကို သိမ်းပိုက် နိုင်ခဲ့ ပါတယ် ။

ဒီလို စွမ်ဆောင်ရည်ကောင်းတွေ နဲ့ ၂၀၂၀ ခုနှစ် ဆုကို လွဲချော်ခဲ့ရမှုတွေကြောင့် ဒီနှစ် ရွှေဘောလုံးဆုကို လီဝန်ဒေါ့စကီး ရသင့်တယ်လို့ အတော်များများက ထင်မြင်ခဲ့ ကြပါတယ် ။

ဒါကြောင့်လည်း ဆုပေးပွဲပြီးခဲ့တဲ့ ရက်အတန်ကြာသည် အထိ ဝေဖန်မှုတွေ ပေါ်ထွက်နေခဲ့တာပဲ ဖြစ်ပါတယ် ။

မက်ဆီ ကတော့ ဆုပေးပွဲ စင်မြင့်ပေါ်မှာ ဆုကို လက်ခံ ရယူချိန်မှာ လီဝန်ဒေါ့စကီး နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက် ကို ပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

“မနှစ် တုန်းက မင်း ဟာ ဒီဆုရှင် ဖြစ်တာကို အားလုံးက သဘောတူ လက်ခံ ထားကြပါတယ် ။ France Football အနေနဲ့ မင်း ရသင့်တဲ့ ရွှေဘောလုံး ဆုကို ပြန်ပေး သင့်တယ်လို့ ထင်ပါတယ်” လို့ မက်ဆီ က ပြောဆို ခဲ့တာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီကနေ့ မှာတော့ လီဝန်ဒေါ့စကီး ဟာ မက်ဆီ ရဲ့ စကားတွေဟာ စိတ်ရင်းမပါဘဲ ပြောဆို ခဲ့တယ်လို့ ထင်မိကြောင်း နဲ့ ရွှေဘောလုံး ဆုကို အစားပြန်ရဖို့လည်း စိတ်မဝင်စားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“၂၀၂၀ တုန်းက ဆုကို ပြန်ရဖို့ ကျွန်တော် စိတ်အား ထက်သန်မှု မရှိပါဘူး ။ ကျွန်တော့ အမြင် ပြောရရင် တော့ မက်ဆီ အနေနဲ့ စင်ပေါ်မှာ ရိုးသားပြီး စိတ်ဓါတ် ခွန်အားပေး နိုင်တဲ့ စကားတွေကိုပဲ ပြောသင့် ပါတယ် ။ သူ့လို ဂရိတ် ကစားသမား တယောက် ဆီက ဒီလို အနှစ်မပါတဲ့ စကားလုံးတွေကို မလိုချင်ပါဘူး”

“ကျွန်တော် ဝမ်းနည်းခဲ့တာ ကို မငြင်းပါဘူး ( ဆုမရလို့ ) ။ အဲ့ဒိညမှာ ပျော်ခဲ့တယ်လို့ လိမ်မပြော နိုင်ပါဘူး ။ ကျွန်တော် ဝမ်းနည်းခဲ့ ပါတယ် ။

မက်ဆီ ကို ကျွန်တော် လေးစားပါတယ် ၊ သူ ဘယ်လို ကစားတယ် ၊ ဘာတွေ ရယူ အောင်မြင်ခဲ့တယ် ဆိုတာ ကိုလည်း သိပါတယ် ။

သူ့လို လူနဲ့ အနီးကပ် ယှဉ်ပြိုင် နိုင်တယ် ဆိုတာက ကျွန်တော် ဟာ သူ့လို အဆင့်အတန်းမျိုး ကို ရောက်အောင် သွားနိုင်တယ် ဆိုတဲ့ သဘောပါပဲ” လို့ လီဝန်ဒေါ့စကီး က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ရဲ့ ဘိုင်ယန် အသင်းဖော် သောမတ်စ် မူလာ ကတော့ ဒီနှစ် ရွှေဘောလုံး ဆုပေးပွဲဟာ ရီဘာရီ လွဲချော် ခဲ့တဲ့ ၂၀၁၃ တုန်းက ဆုပေးပွဲလိုပဲ ထပ်ဖြစ် ခဲ့ပြီး ဒါဟာ သူတို့ကို နောက်ထပ် ကြီးမားတဲ့ အောင်မြင်မှုတွေ ကို ရယူဖို့ တွန်းအား ဖြစ်စေလိမ့်မယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR