ရွှေဘောလုံးဆုနဲ့ ပတ်သက်ပြီး မက်ဆီ ဘက်က ထောက်ခံခဲ့ကြတဲ့ ဒီမာရီယာ နဲ့ ဇာဗီ

၂၀၂၁ ခုနှစ်ရဲ့ ရွှေဘောလုံး ဆုကို လီယွန်နယ် မက်ဆီ ရရှိ သွားခဲ့မှုဟာ ဝေဖန်ရေး မုန်တိုင်းတွေကို ရက်အတော်ကြာတဲ့ အထိ တိုက်ခတ် စေခဲ့ ပါတယ် ။

အတော်များများဟာ ဘိုင်ယန်မြုးနစ် တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး ကို ရွှေဘောလုံး ဆုရှင် ဖြစ်စေလို ကြပြီး မက်ဆီ ရရှိခဲ့မှုဟာ မထိုက်တန်ကြောင်း ဆက်တိုက် ပြောဆို ဝေဖန် ခဲ့ကြပါတယ် ။

အခု နောက်ဆုံး မှာတော့ မက်ဆီ ဘက်က ထောက်ခံ အားပေးသူတွေ ထွက်ပေါ် လာခဲ့ ပါပြီ ။

သူတို့ ကတော့ အန်ဟဲ ဒီမာရီယာ နဲ့ ဇာဗီ တို့ ပါပဲ ။

PSG မှာရော အာဂျင်တီးနား မှာပါ မက်ဆီ နဲ့ အတူ တွဲ ကစားနေတဲ့ ဒီမာရီယာ က မက်ဆီ ဟာ ဒီနှစ်မှသာ မဟုတ် ၊ ရှေ့တုန်းက မရခဲ့တဲ့ ရွှေဘောလုံး ဆုတွေ ကိုပါ ပေးအပ် ခံရဖို့ ထိုက်တန်တဲ့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

အာဂျင်တီးနား ရုပ်သံ သတင်းဌာန TNT Sports နဲ့ အင်တာဗျူးမှာတော့ “ဒီကောင် ( မက်ဆီ ) က တကယ့်ကို မယုံနိုင်စရာ ပါပဲ ။ ရွှေဘောလုံး ၇ ဆု ဆိုတာ အရမ်းကို ရူးချင်စရာ ကောင်းတဲ့ အရေ အတွက်ပါ ။ သူ့ ပရို ကစားသမား ဘ၀ သက်တမ်းရဲ့ တဝက်လောက်ကို ရခဲ့တာပါ ။

ကျွန်တော့ အထင်ပြောရရင်တော့ လီယို အနေနဲ့ သူမရလိုက်တဲ့ နှစ်တွေက ရွှေဘောလုံး ဆုတွေကိုပါ ရဖို့ ထိုက်တန်ပါတယ်” လို့ ဒီမာရီယာ က ပြောဆို ထောက်ခံ သွားခဲ့ ပါတယ် ။

မက်ဆီ နဲ့ အတူ ဘာစီလိုနာမှာ တွဲ ကစားခဲ့ပြီး လက်ရှိ ဘာစီလိုနာ နည်းပြ ဖြစ်နေတဲ့ ဇာဗီ ဟာနန်ဒက်စ် ကတော့ ဒီဆု ကို မက်ဆီ ရရှိတာဟာ မျှတတယ်လို့ ပြောနိုင်ပြီး ဂွာဒီယိုလာ ကလည်း ရွှေဘောလုံး နဲ့ ပတ်သက်ပြီး မက်ဆီ ကို နှစ်တိုင်း ပေးလို့ ရကြောင်း ပြောခဲ့ဖူးတယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

“မက်ဆီ ဒီဆုကို ရသွားတာက ဘောလုံးအားကစား အနေနဲ့ ကြည့်မယ် ဆိုရင် မျှတတဲ့ ကိစ္စ ပါပဲ ။

အခြားတယောက် ဒီဆုကို ရဖို့ ထိုက်တန်တယ် လို့ ပြောချင် ပြောနိုင် ပါတယ် ။

ဒါပေမယ့် စာအိတ် ကို ဖွင့်ဖောက် လိုက်ချိန် မှာ မက်ဆီ ရဲ့ အမည် ပါလာခဲ့မယ် ဆိုရင် ဒါက မျှတတဲ့ ကိစ္စ ပါပဲ”

“မက်ဆီ က အကောင်းံဆုံးပါ ။ ဒီဆု ကို မဲနဲ့ ဆုံးဖြတ်တာ ဖြစ်လို့ အနိုင်ရသူက တယောက်ပဲ ရှိမှာပါ ။

ပီလီ က သူ့ခေတ် သူ့အချိန် တုန်းက အကောင်းဆုံး ဖြစ်ခဲ့ ပါတယ် ။ မာရာဒိုနာ ၊ ဒီစတီဖာနို တို့လည်း အတူတူ ပါပဲ ။

ဘောလုံးက အချိန်နဲ့ အမျှ တိုးတက် နေတာပါ ။ နောက် အနှစ် ၃၀ လောက် ကြာရင် အရမ်း ကောင်းတဲ့ သူတယောက် ပေါ်ချင်ပေါ်လာ နိုင်ပါတယ် ။

သူကလည်း သူဟာ မက်ဆီ ထက် ပိုကောင်းတယ် လို့ ပြောချင် ပြောမှာပါ ။ ဒါပေမယ့် လောလောဆယ် မှာတော့ မက်ဆီက အကောင်းဆုံး ပါပဲ”

“ပက် ( ဂွာဒီယိုလာ ) တခါက ပြောဖူးတာ ရှိပါတယ် ။ ရွှေဘောလုံး ဆုကို မက်ဆီ ကိုပေးတာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး ဆိုပြီးတော့ပါ ။

ကျွန်တော် ကတော့ ဒါက မျှတတဲ့ အရာလို့ ထင်ပါတယ်” လို့ ဇာဗီ က ဘာစီလိုနာ ရဲ့ လာလီဂါ ပွဲစဉ် အတွက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဘာစီလိုနာ နဲ့ ကိုပါ ဒယ်ရေး ဖလားကို ရခဲ့သလို လာလီဂါ ဂိုးသွင်း ဘုရင်လည်း ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် မက်ဆီ ကို ရွှေဘောလုံးဆီ အဓိက ခေါ်ဆောင် ခဲ့တာကတော့ နွေရာသီမှာ ကျင်းပ ခဲ့တဲ့ ကိုပါ အမေရိက ဖလား ပြိုင်ပွဲ ဖြစ်ပြီး အာဂျင်တီးနားကို ၁၉၉၃ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည် ဗိုလ်စွဲအောင် ဦးဆောင် ကစားပေး ခဲ့တာဟာ လီဝန်ဒေါ့စကီး ၊ ဂျော်ဂျင်ဟို တို့ကို ကျော်ဖြတ် စေတဲ့ အဓိက အားသာချက် ဖြစ်စေခဲ့ ပါတယ် ။

 

SPORTS MYANMAR