ရွှေဘောလုံးဆုကို မက်ဆီ ရရှိခဲ့မှုနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ကြတဲ့ မန်စီးတီး ကွင်းလယ်လူ နဲ့ လီဗာပူး ဂန္ထဝင်

လီဗာပူး အသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုး နဲ့ မန်စီးတီး အသင်းရဲ့ ဒုတိယ အသင်း ခေါင်းဆောင် အီကေ ဂွန်ဒိုဝမ် တို့ဟာ ဒီနှစ် ရွှေဘောလုံးဆု ကို လီယွန်နယ် မက်ဆီ မရရှိ သင့်ကြောင်း အသီးသီး ထုတ်ဖော် ပြောဆို လာခဲ့ ပါတယ် ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပ ခဲ့တဲ့ ၂၀၂၁ ရွှေဘောလုံး ဆုပေးပွဲမှာ ဥရောပ ထိပ်တန်း ဂျာနယ်လစ်တွေ ၊ ကမ္ဘာအနှံ့က လက်ရွေးစင် အသင်းတွေရဲ့ နည်းပြ နဲ့ ကပ္ပတိန်တွေ က ပေးတဲ့ မဲ အများဆုံးကို ရရှိကာ အောင်ပွဲ ဆင်နိုင်ခဲ့ ပါတယ် ။

ဒါဟာ မက်ဆီ အတွက်တော့ ၇ ဆုမြောက် ရွှေဘောလုံး ဖြစ်စေခဲ့ တာပါ ။

ဒါပေမယ့် ဆုပေးပွဲ အပြီးမှာတော့ ဒီဆု ကို မက်ဆီ ထက် ဒုတိယ နေရာသာ ရခဲ့တဲ့ ဘိုင်ယန်မြုးနစ် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး က ပိုမို ထိုက်တန်တယ် ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

လီဝန်ဒေ့ါစကီး ဟာ အဆိုပါ ဆုပေးပွဲမှာမှ အသစ်ထည့်သွင်း လာတဲ့ Striker of the Year ဆုကို ပေးအပ်ခံ ခဲ့ရပြီး ဒါဟာ တိုက်စစ်မှူးကြီးကို ချွေးသိပ်တဲ့ အပြုအမူ လို့လည်း ဝေဖန်သူတွေက ပြောဆို ခဲ့ကြပါတယ် ။

လီဗာပူး နည်းပြကြီး ယာဂင် ကလော့ ၊ ရီးရဲ ကွင်းလယ်လူ တိုနီကရူးစ် ၊ အေစီမီလန် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ် အပါအဝင် ဒီနှစ် ရွှေဘောလုံး ဆုကို မက်ဆီ မရသင့်ကြောင်း ပြောဆို ခဲ့ကြပါတယ် ။

အခု နောက်ဆုံး ထုတ်ဖော် ပြောဆို လာသူတွေ ကတော့ စတန်ကော်လီမိုး နဲ့ ဂွန်ဒိုဝမ် တို့ ပါပဲ ။

“မက်ဆီကို ဒီဆုပေးလိုက်တာ တကယ် ကျက်သရေမဲ့တဲ့ လုပ်ရပ် ပါပဲ ။ ရွှေဘောလုံး ဆိုတာ ပြီးသွားခဲ့တဲ့ ဘောလုံးရာသီက အကောင်းဆုံး ကစားသမား ကို ပေးတာပဲ ဖြစ်သင့် ပါတယ် ။

ဘယ်သူ ဘယ်ဝါ ရသင့်တယ်ဆိုပြီး ကြိုက်သလို ပြောကြပါ ၊ ဒါပေမယ့် မက်ဆီ တော့ မဖြစ်သင့် ပါဘူး”

“ဘွန်ဒစ်လီဂါ မှာ လီဝန်ဒေါ့စကီး ဘာတွေ လုပ်ပြ နေတယ်ဆိုတာကို ကြည့်လိုက်ပါ ၊ ပြီးတော့ သူက ဂိုးသွင်းတဲ့ အပိုင်းမှာလည်း ဘယ်သူ့မဆိုထက် ပိုများပါတယ် ။

တကယ်လို့ သွင်းဂိုးတခုတည်း မဟုတ်ဘူး ၊ ဖျော်ဖြေမှုပေးတဲ့ ခြေစွမ်း ၊ အရေးပါတဲ့ ပွဲတွေ မှာ အရေးပါတဲ့ ဂိုးတွေ ကို သွင်းတာတွေ ကိုပါ ထည့်တွက်မယ် ဆိုရင် ၊ အနိုင်ဂိုးတွေ အဆုံးအဖြတ်ဂိုးတွေ သွင်းတာကို ထည့်စဉ်းစားမယ် ဆိုရင်တော့ ဒါက မိုဆာလာ ပဲ ဖြစ်သင့်ပါတယ်” လို့ စတန်ကော်လီမိုး က Empier of the Kop ချယ်နယ် ကတဆင့် ပြောဆို သွားခဲ့ ပါတယ် ။

 

မန်စီးတီး မှာ ကစားနေတဲ့ ဂွန်ဒိုဝမ် ကတော့ သူ့ရဲ့ ဒေါ့မွန် အသင်းဖော်ဟောင်း လီဝန်ဒေါ့စကီး ရွှေဘောလုံး ဆု မရရှိခဲ့မှု အတွက် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ မနှစ်က ဆုပေးပွဲ ကို မကျင်းပမှု အတွက် ဒီနှစ်မှာ လီဝန်ဒေါ့စကီး ဒီဆုကို ရရှိသင့်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

“ဒီဆုကို လီဝန်ဒေါ့စကီး ရမယ်လို့ ထင်ခဲ့တာပါ ။ သူ နဲ့ ဒေါ့မွန် မှာ အတူ ကစားခဲ့ဖူးတော့ သူ ဘယ်လောက် ကောင်းတဲ့ ကစားသမားဆိုတာ ကျွန်တော် သိနေပါတယ် ။

မနှစ်က ရွှေဘောလုံး ဆုကို မပေးခဲ့ ပါဘူး ၊ ဒီဆုကို သူ ရဖို့ ထိုက်တန်ခဲ့ တာပါ ။ ဒါကြောင့် အခုနှစ်မှာ သူ ပြန်ပြီး ရသင့်ပါတယ်” လို့ ဂွန်ဒိုဝမ် က ပြောဆို သွားခဲ့ ပါတယ် ။

 

  • SPORTS MYANMAR