ရွိုင်ကင်း ရဲ့ ဘဝမှာ ဂျာစီလဲဖို့ ကြိုးစားခဲ့ဖူးတဲ့ တယောက်တည်းသော ဘောလုံးသမား က ဘယ်သူဖြစ်မလဲ ?

ရွိုင်ကင်း ဆိုတဲ့ လူ ဘယ်လောက် ချေ တတ်သလဲ ဆိုတာ ဘောလုံးဂျိုးတွေ သိကြမှာပါ ။

ကစားသမား ဘ၀ မှာ ကတည်းက ခက်ထန်တဲ့ သွင်ပြင်ရှိတဲ့ အိုင်းရစ်သားကြီးဟာ ဘောလုံး မကစား တော့ပေမယ့် ရုပ်သံ ဖန်သားပြင်ထက်မှာ သူ့ရဲ့ ပြင်းထန်တဲ့ စကားလုံးတွေ နဲ့ ဆက်လက် ပွဲဆူနေ တုန်းပါပဲ ။

ခေတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ၊ ကစားသမား အဖြစ် နဲ့ပဲ ဖြစ်ဖြစ် သုံးသပ် တင်ဆက်သူပဲ ဖြစ်ဖြစ် ၊ ရွိုင်ကင်း ကတော့ ရွိုင်ကင်း လိုပဲ ဆက်ရှိ နေဦးမှာ ပါပဲ ။

 

ကင်း ဟာ ကွင်းထဲမှာ ပြိုင်ဘက် ကို ပြိုင်ဘက်လို သဘောထားတတ်သူပါ ။

တဖက် အသင်းက ကစားသမားတွေ နဲ့ ပြုံးရယ် နှုတ်ဆက်မှု မရှိသလို ဘောလုံးပွဲ တပွဲကို တိုက်ပွဲ တပွဲလို့ မှတ်ယူပြီး ပြိုင်ဘက်ကို ချေမှုန်း နိုင်ဖို့ ကိုပဲ အဓိက အာရုံစိုက် ခဲ့သူပါ ။

ဒါကြောင့်လည်း သူ့ရဲ့ ရုပ်သွင်က အမြဲလိုလို ခက်ထန် မာကျော နေပြီး ဒီလို မာကျော ခက်ထန်မှုတွေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူး ကို နှစ်အတော်ကြာ ရယူထား နိုင်ခဲ့ ပါတယ် ။

 

“မန်ချက်စတာ ယူနိုက်တက် လို အသင်းမျိုးမှာ ကစားနေမယ် ဆိုရင် ပွဲတွေ ကို အနိုင်ရဖို့ ကြိုးစား ရမှာပါ ။

လူတိုင်းနဲ့ မိတ်ဆွေဖွဲ့ဖို့ မဟုတ်ပါဘူး ။

ဒါဘီ ပွဲမှာ အဝါကတ် ၂ ကတ်တည်း ? ဒီလိုမျိုး ပွဲပြီးချိန်မှာ ပွေ့ဖက် နှုတ်ဆက် ဟီလာတိုက် နေတာမျိုး ငါ့ဘဝမှာ တခါမှ မမြင်ဖူးပါဘူး ။ ဒီလို ဒါဘီ ပွဲမျိုးမှာပေါ့” ဆိုတဲ့ စကားဟာ ပြီးခဲ့တဲ့ ၂၀၂၀ တုန်းက ဂိုးမရှိ သရေ ကျခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲအပြီး ၂ ဘက် အသင်းသားတွေ နဲ့ နည်းပြအဖွဲ့ဝင်တွေ ပွေ့ဖက် ပြောဆို နေမှု အပေါ် ရွိုင်ကင်း က ပြောဆို ဝေဖန်ခဲ့တာပါ ။

ဒါပေမယ့် ဒီလိုမျိုး စိတ်ဓါတ် ရှိတဲ့ လူကြမ်းကြီးရဲ့ ဘဝမှာလည်း တကြိမ် တခါဆိုတာမျိုး ရှိခဲ့ဖူး ပါတယ် ။

အမှန်တော့ ၂ ကြိမ်ပါ ။ တကြိမ် က ငြင်းခံ လိုက်ရပြီး နောက်တကြိမ် ကတော့ ဒီလိုမျိုး ထပ်မဖြစ်အောင် စိတ်ထိန်း နိုင်ခဲ့တယ်လို့ ကင်း က ဆိုပါတယ် ။

အဲ့ဒါ ကတော့ ပြိုင်ဘက် နဲ့ ဂျာစီလဲတဲ့ ကိစ္စ ပါပဲ ။

 

“ကျွန်တော့ဘဝမှာ ဂျာစီချင်းလဲဖို့ သွားတောင်းဆို ခဲ့ဖူးတဲ့လူ တယောက်ပဲ ရှိပါတယ် ။

ဒါပေမယ့် အဲ့ဒိ အတွက် နောင်တရခဲ့ရ ပါတယ် ။

၁၉၉၄ ကမ္ဘာ့ဖလား အတွက် ပြင်ဆင်ရင်း ဂျာမနီ အသင်းနဲ့ ခြေစမ်း ခဲ့ကြ တုန်းကပေါ့ ။

ကျွန်တော် ဂျာမန် က မက်သီးယပ်စ် ဆမ်းမား ကို ဂျာစီ လဲချင်တယ်လို့ သွားပြောခဲ့ ပါတယ် ။

သူက No လို့ ငြင်းခဲ့ပြီး ကျွန်တော် အတော်လေး ခံစားလိုက်ရတာပါ”

“ဆမ်းမား ကတော့ ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်တာ ပါပဲ ။ ဒါပေမယ့် ကျွန်တော့ စိတ်ထဲ တော်တော်လေး စွဲသွားခဲ့ ပါတယ် ။

တကယ်လို့ တယောက်ယောက် နဲ့ ဂျာစီချင်း ထပ်လဲချင်တယ် ဆိုရင်တော့ အဲ့ဒိလူက ဇီနဒင် ဇီဒန်း ပဲ ဖြစ်မှာပါ”

 

“ဇီဒန်း က တကယ် ကောင်းတဲ့ ဘောလုံးသမားပါ ။

သူတို့ နဲ့ ကစားတဲ့ ပွဲပြီး သွားတော့ ဥမင်ထဲကို အတူ ဝင်လာခဲ့ပါတယ် ။ သူက ကျွန်တော့ကို လှမ်းကြည့်လိုက်တော့ သူ ဂျာစီချင်း လဲဖို့ ပြောမယ်လို့ ထင်ခဲ့တာပါ ။ ဒါပေမယ့် မဟုတ်ပြန် ပါဘူး ။

အဲ့ဒိ တုန်းကတော့ ကျွန်တော့ စိတ်ထဲ ငါပြောလိုက်ရမလား ဆိုပြီး နောက်တခါ တွေးမိခဲ့ ပါတယ် ။

ဒါပေမယ့် နောက်ဆုံးတော့ ‘ထားလိုက်ပါ’ ဆိုပြီး ပြီးသွားခဲ့တာပါ ။

ဘာပဲ ဖြစ်ဖြစ် အဲ့ဒိတုန်းက စိတ်ထိန်း နိုင်ခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရမှာပါပဲ” လို့ ရွိုင်ကင်း က ဂယ်ရီ နဗီးလ် ရဲ့ The Overlap အစီအစဉ်မှာ ပါဝင်ရင်း ပြောဆို သွားခဲ့ပါတယ် ။

ရွိုင်ကင်း ရဲ့ အယူအဆကို လက်ရှိ လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆင် က ဆန်းဒါးလန်း မှာ အတူရှိခဲ့ ကြချိန်တုန်းက လေ့လာ သင်ယူခဲ့ဖူးပြီး အင်္ဂလန်ကွင်းလယ်လူ ဟာလည်း ပြိုင်ဘက်တွေနဲ့ ဂျာစီလဲဖို့ စိတ်မဝင်စားသူ ဖြစ်လာခဲ့ ပါတယ် ။

ဗြိတိန် အခြေစိုက် သတင်းဌာန တခုနဲ့ အင်တာဗျူးမှာ မက်ဆီ နဲ့ ဂျာစီ လဲဖို့ စိတ်ကူး ခဲ့ဖူးလား ဆိုတဲ့ မေးခွန်း ကို “သူ့ ဂျာစီ ကို တောင်းဖို့ တွေးနေတယ်လို့ မေးတာလား ၊ နိုးပါ ၊ ဘယ်တုန်းကမှ မတွေး ခဲ့ဖူး ပါဘူး ။

ဆန်းဒါးလန်း မှာ တုန်းက ရွိုင်ကင်း ကျွန်တော့ကို ပြောဖူးတယ် ၊ မင်း တစုံတယောက်ရဲ့ ဂျာစီကို တောင်းလိုက်တယ် ဆိုတာဟာ အဲ့ဒိလူ ကို မင်း ရိုသေရာရောက်တယ် ဆိုတဲ့ သဘောပဲတဲ့” လို့ ဟန်ဒါဆင် က ဖြေခဲ့ဖူး ပါတယ် ။

 

SPORTS MYANMAR