ရွိုင်ကင်း မဟုတ်ဘဲ ဆာအဲလက်စ် ဖာဂူဆန် ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ကပ္ပတိန် က ဘယ်သူဖြစ်မလဲ ?

ဆာအဲလက်စ် ဖာဂူဆန် ဟာ မန်ချက်စတာ ယူနိုက်တက် ကို နှစ်ပေါင်း ၂၆ နှစ်ကြာ ကိုင်တွယ် သွားခဲ့ ပါတယ် ။

သူ့ လက်ထက်မှာ ယူနိုက်တက် ဟာ အမှတ်ပေး ချန်ပီယံ ဆု ကို အများဆုံး ရတဲ့ အသင်း ဖြစ်လာခဲ့သလို ချန်ပီယံလိဂ် ကိုလည်း ၂ ကြိမ် ရရှိခဲ့ ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ၊ ဒေးဗစ် ဘက်ခမ်း ၊ ရိုင်ယန်ဂစ် ၊ ဝိန်းရွန်းနီ တို့ အပါအဝင် စတား ကစားသမား အများအပြားကို ဖာဂူဆန် မွေးထုတ် မြေတောင်မြှောက်ပေးခဲ့ ပါတယ် ။

အသင်းခေါင်းဆောင်ကောင်းတွေလည်း အပါအဝင်ပါ ။

ဖာဂူဆန် ရဲ့ မန်ချက်စတာ ယူနိုက်တက် က အသင်းခေါင်းဆောင်လို့ ဆိုလိုက်တိုင်း ခက်ထန်မာကျောတဲ့ မျက်နှာပေးနဲ့ အိုင်းရစ်သားကြီး ရွိုင်ကင်း ကို ပြေးမြင် မိကြပါတယ် ။

ကိန်း ဟာ ယူနိုက်တက် မှာ ၁၉၉၃ ကနေ ၂၀၀၅ အထိ ကစားသွားခဲ့ပြီး ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် တို့ အပါအဝင် ဆုဖလား ၁၇ ခုကို ရရှိခဲ့ ပါတယ် ။

အသင်းခေါင်းဆောင် လက်ပတ် ကိုတော့ ကန်တိုနာ အနားယူသွားတဲ့ ၁၉၉၇ ခုနှစ် မှာ စတင် ရရှိ ခဲ့တာ ဖြစ်ပြီး ဒီလက်ပတ် နဲ့ ဖလားပေါင်း များစွာကို ဖာဂူဆန် နဲ့ အတူ ကိုင်မြှောက်ခဲ့ ပါတယ် ။

ကိန်း ဟာ မန်ချက်စတာ ယူနိုက်တက် သမိုင်းမှာ အောင်မြင်မှု အရှိဆုံး ၊ အသင်းသားတွေ အပေါ် လွှမ်းမိုးမှု အရှိဆုံး ခေါင်းဆောင် အဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။ ဒါပေမယ့် ဖာဂီ ရဲ့ အကြိုက်ဆုံး ၊ အကောင်းဆုံးတော့ မဟုတ်ခဲ့ ပါဘူး ။

မကြာသေးခင် က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာ ဆာအဲလက်စ် က ဘရိုင်ယန် ရော့ဘ်ဆင် ဟာ သူ့လက်ထက် မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကပ္ပတိန်တွေ ထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ ဖွင့်ဟပြောဆို သွားခဲ့ ပါတယ် ။

ရော့ဘ်ဆင် ဟာ မန်ချက်စတာ ယူနိုက်တက် ကို ဆာအဲလက်စ် မရောက်ခင် ၁၉၈၁ ကတည်းက ရောက်နေခဲ့သူ ဖြစ်ပြီး ၁၉၉၃-၉၄ ရာသီအကုန် မှာ အသင်းကနေ ထွက်ခွာ သွားခဲ့ ပါတယ် ။

ရော့ဘ်ဆင် ဟာ ယူနိုက်တက် သမိုင်းမှာ သက်တမ်း အရှည်ဆုံး အသင်းခေါင်းဆောင် ဖြစ်ခဲ့သလို ဆာအဲလက်စ် နဲ့ အတူ အမှတ်ပေး ချန်ပီယံ ၂ ကြိမ် အပါအဝင် ဖလား ၆ ခု ရယူနိုင်ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂန္ထဝင် ကျောနံပါတ် ၇ ကိုလည်း ၁၉၈၁ ကနေ ၁၉၉၃ အထိ ဝတ်ဆင်ခဲ့သူ ဖြစ်ပါတယ် ။

“သူ ( ရော့ဘ်ဆင် ) က ကျွန်တော် ကိုင်ခဲ့ဖူးသမျှ အသင်းခေါင်းဆောင်တွေ ထဲမှာ အကောင်းဆုံး ပါပဲ ။ သူ ယူနိုက်တက် မှာ ရှိနေခဲ့တဲ့ အချိန်တုန်းက သူဟာ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ ပါတယ် ။

ကစားသမားတွေ က သူ့ကို ချစ်ကြတယ် ၊ သူ နဲ့ ရင်းရင်းနှီးနှီး ရှိကြတယ် ၊ ဒါကြောင့်လည်း အသင်းရဲ့ သက်တမ်း အရှည်ဆုံး အသင်းခေါင်းဆောင် ဖြစ်လာခဲ့တာပါ”

“ကပ္ပတိန် တယောက်လုပ်ရတာက မလွယ်ပါဘူး ။ ဘာလို့လည်း ဆိုတော့ သိတယ်မလား . . . တခါတလေ အမှန်တရားကို အသင်းသားတွေကို ပြောပြ ပေးဖို့ လိုအပ်လို့ ပါပဲ ။

ကြမ်းဖို့ လိုအပ်လာရင်လည်း ကြမ်းပြ ရပါတယ် ။ ဒါပေမယ့် ကစားသမားတွေ ကတော့ သူ့အပေါ် အချစ် မပြတ် ကြပါဘူး”

“သူ က ကျွန်တော့ ဆီက ဆုံးဖြတ်ချက် ကို တောင်းစရာ မလိုဘဲ ကွင်းထဲမှာ ဆုံးဖြတ်ချက် ချနိုင်တဲ့ တဦးတည်းသော ခေါင်းဆောင်ပါ ။

သူ့မှာ ဒီလို လုပ်နိုင်တဲ့ အရည်အချင်းတွေ ၊ လုပ်ရဲတဲ့ သတ္တိ နဲ့ တာဝန်ယူရဲတဲ့ စိတ်ဓါတ်တွေ ရှိပါတယ်” လို့ ဖာဂူဆန် က ချီးကျူး ပြောဆို သွားခဲ့ ပါတယ် ။

ရော့ဘ်ဆင် ဟာ ရွိုင်ကင်း နဲ့ မတူဘဲ အသင်းသားတွေရဲ့ ချစ်ခင် လေးစားမှု ကို အပြည့်အ၀ ရရှိခဲ့ကာ “Captain Marvel” ဆိုတဲ့ အမည်နဲ့ ဂုဏ်ပြု ခံခဲ့ရ ပါတယ် ။

ရွိုင်ကင်း ကတော့ သူ့ရဲ့ ခက်ထန်မာကြောမှုတွေကြောင့် တသင်းလုံး ကြောက်ရတဲ့ အသင်းခေါင်းဆောင် အဖြစ် နာမည်ကျော်ခဲ့ ပါတယ် ။

ကွင်းထဲမှာလည်း ရွိုင်ကင်းဟာ စည်းမျဉ်းဘောင်နဲ့ ကျော်လွန်တဲ့ လုပ်ရပ်တွေကို ခဏခဏ ပြုလုပ် ခဲ့ဖူးပြီး ( အောင်မြင်မှုများစွာ ရရှိခဲ့လင့် ကစား ) နည်းပြ ဖာဂူဆန် နဲ့လည်း အဆင်မပြေမှုတွေ ရှိခဲ့ ပါတယ် ။

ဒါပေမယ့် ရွိုင်ကင်း ဟာ ဖာဂူဆန် လိုပဲ နိုင်လိုစိတ် ပြင်းထန်လွန်းသူ တယောက် ဖြစ်တာကြောင့် သူ့ရဲ့ တွန်းအား ၊ မောင်းနှင်အားတွေဟာ အသင်းဖော်တွေ အတွက် ကြီးမားတဲ့ ခွန်အားတွေကို ဖြစ်စေခဲ့ပြီး မယုံကြည်နိုင်စရာ ကောင်းတဲ့ အံ့ဖွယ် Come-back ပွဲ အမြောက်အများကို ကိန်း ကစားခဲ့တဲ့ ကာလ အတွင်းမှာ မြင်တွေ့ ခဲ့ကြရပါတယ် ။

 

SPORTS MYANMAR