ရော်နယ်ဒို or မက်ဆီ ၊ လမ်းပတ် vs ဂျရတ် ၊ ကိန်း vs ရွန်းနီ ၊ ဇာဗီ or အင်နီယေစတာ?? ၎င်းနှစ်သက်တဲ့ ကစားသမားကို ရွေးချယ်လိုက်တဲ့ ဝီရှီးယား

ဘောလုံးလောကရဲ့ အကြီးကြယ်ဆုံး ကစားသမားတွေကြား ရွေးချယ်မှုတွေ ပြုလုပ်ခိုင်းရာမှာ ဂျက်ဝီရှီးယားဟာ ခရစ်စတီယာနိုရော်နယ်ဒိုကို ကျော်ကာ လီယွန်နယ်မက်ဆီကို ရွေးချယ်မှု လုပ်သွားခဲ့တဲ့ အပြင် ဖရန့်လမ်းပတ်ကို ကျော်ပြီး စတီဗင်ဂျာရတ်ကို ရွေးချယ်သွား ခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်းဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဂန္တဝင် ကစားသမားကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးသလို အသင်းဖော်တွေ အဖြစ်လည်း တွဲဖက် ကစားခဲ့ဖူးပါတယ်။

ဒီတစ်ပတ် talkSPORT နဲ့ ပြုလုပ်ခဲ့တဲ့ ဘောလုံး ဂန္တဝင် အတွဲတွေကြား အနှစ်သက်ဆုံး ကစားသမားကို ရွေးချယ်ရတဲ့ အစီအစဉ်မှာ ဝီရှီးယားဟာ ပါဝင် ဆင်နွှဲသွားခဲ့ပါတယ်။ ပထမဦးဆုံး မေးခွန်းကတော့ ပြီးခဲ့တဲ့ ၁၀ စုနှစ်ကျော် ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ မေးခွန်း ဖြစ်တဲ့ မက်ဆီ or ရော်နယ်ဒို? ပဲ ဖြစ်ပါတယ်။

ဝီရှီးယားက “ကျွန်တော့် အတွက် ကတော့ မက်ဆီပါပဲ။ ကျွန်တော်ဟာ အမြဲတမ်း team မက်ဆီ ဘက်မှာ ရှိနေခဲ့သူပါ။ ကျွန်တော် ရော်နယ်ဒိုကို နှစ်သက်တာတော့ အမှန်ပါပဲ။ သူ လုပ်ခဲ့တာတွေကိုလည်း လေးစားပါတယ်။

ရိုးရိုးသားသား ပြောရရင် သူဟာ ကျွန်တော့်ရဲ့ စိတ်ကို ပြောင်းလဲလု နီးပါး ဖြစ်စေခဲ့ပေမယ့် ကျွန်တော် မက်ဆီရဲ့ ကစားပုံကို ကြည့်ရတာ နှစ်သက်ပါတယ်။”

ဝီရှီးယားဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဘာစီလိုနာ နဲ့ပွဲစဉ်မှာ Man of the Match ဆု ရရှိခဲ့ကာ သူ့ကစားသမားဘဝရဲ့ အကြီးကြယ်ဆုံး ညတွေထဲက တစ်ညကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ၎င်းဟာ ဘာစီလိုနာ ဂန္တဝင်တွေ ဖြစ်ကြတဲ့ ဇာဗီ အင်နီယေစတာ တို့နဲ့ ရင်ဆိုင်ကစားခဲ့ရပြီး ဒီကစားသမား ၂ ဦးမှာ ဘယ်သူက ပိုကောင်းသလဲ ဆိုတဲ့ သူ့ရဲ့ ထင်မြင်ချက်ကို ပေးသွားခဲ့ပါတယ်။

၎င်းက “ကျွန်တော်ကတော့ ဇာဗီက ပိုကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်အရ ဇာဗီ မပါတဲ့ပွဲတွေမှာ အင်နီယေစတာဟာ ကောင်းကောင်း ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇာဗီနဲ့ အတူ တွဲဖက် ကစားချိန်ကလို ကစားသမားမျိုးတော့ မဖြစ်နိုင်လောက်ပါဘူး။

ဇာဗီဟာ အသင်းကို carry လုပ်ပေးနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ သူ့ဆီကပဲ တိုက်စစ်စတင်လေ့ ရှိပြီး သူဟာ အမြဲတမ်း option ရှိနေပါတယ်။ သူ့ဆီက ဘောလုံး ဆုံးရှုံးတာမျိုး မြင်ရလေ့ မရှိပါဘူး။” လို့ ပြောလိုက်ပါတယ်။

ဂျရတ် နဲ့ လမ်းပတ် တို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တွေ ဖြစ်ကြပေမယ့်လည်း ထူးခြားစွာနဲ့ပဲ နိုင်ငံ့လက်ရွေးစင် အသင်းမှာတော့ ဒီကစားသမား ၂ ဦးရဲ့ တွဲဖက်မှုဟာ အလုပ်မဖြစ်ခဲ့ပါဘူး။ လီဗာပူး နဲ့ ချဲလ်ဆီး ပရိတ်သတ်တွေကြားမှာ ဘယ်သူက ပိုကောင်းသလဲဆိုတာ အမြဲတမ်း ငြင်းခုန်လေ့ ရှိကြပေမယ့်လည်း ဝီရှီးယားကတော့ အမြဲတမ်း အနီထောင့်မှာ ဖြစ်ပါတယ်။

 

အာဆင်နယ် ကွင်းလယ်လူဟောင်းက “ကျွန်တော့်ကို ဒီမေးခွန်းမျိုး အများကြီး မေးမြန်းလေ့ ရှိခဲ့ပါတယ်။ ကျွန်တော် ဒီကစားသမား ၂ ဦး စလုံးနဲ့ တွဲဖက် ကစားခဲ့ဖူးပြီး သူတို့ ၂ ယောက်စလုံးဟာ အံ့ဖွယ်တွေ ဖြစ်ပြီး ကျွန်တော် တွဲဖက် ကစားခဲ့ဖူးတဲ့ အင်္ဂလန် ကစားသမားတွေထဲက အကောင်းဆုံး ၂ ဦးလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော်ကတော့ ဂျာရတ်ကိုပဲ ရွေးချယ်မှာပါ။ သူဟာ အသင်းကြီးကို စရောက်လာကတည်းက ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး သူဟာ ပေါက်ကွဲမှု အပြည့်ကစားဟန် နဲ့ ဂိုးသွင်းကောင်းတဲ့ ကွင်းလယ်လူပါ။ ဒါပေမယ့် လမ်းပတ်ရဲ့ ကိန်းဂဏန်းတွေ ကလည်း မယုံနိုင်စရာပါပဲ။”

အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ပက်သက်ပြီး နောက်ထပ် ထွက်ပေါ်လာခဲ့တဲ့ debate အသစ်ကတော့ ရွန်းနီ နဲ့ ဟယ်ရီကိန်း ထဲက ဘယ်သူက ပိုကောင်းသလဲ ဆိုတဲ့ အရာ ဖြစ်ပါတယ်။ ကိန်းဟာ အင်္ဂလန် အသင်းကို ပြိုင်ပွဲကြီးတွေမှာ ရွန်းနီ လက်ထက်တုန်းထက် ပိုမို မြင့်မားတဲ့အဆင့်တွေဆီ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး ၎င်းရဲ့ သွင်းဂိုးအများဆုံး record ကိုလည်း ချိုးဖျက်နိုင်တော့မယ့် အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဝီရှီးယား ကတော့ မန်ယူနိုက်တက် ဂန္တဝင်ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

ဝီရှီးယားက “ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလား အပါအဝင် ကစားသမားဘဝမှာ ရရှိခဲ့တဲ့ ဆုဖလားတွေကြောင့် ကျွန်တော်ကတော့ ရွန်းနီကိုပဲ ရွေးချယ်ပါတယ်။ သူဟာ အင်္ဂလန်ရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပါတယ်။ ကိန်း အနေနဲ့ ဒီစံချိန်ကို ချိုးဖျက် သွားနိုင်မယ့် အခြေအနေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက်ကတော့ ရွန်းနီ ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM