ရော်ဂျာ ရဲ့ စွမ်းဆောင်ရည်က ရာနေးရီ ထက်တောင် ပိုနေတယ်လို့ ဆိုလိုက်တဲ့ ကာရေဂါ

လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါ ကတော့ ဘရန်ဒန် ရော်ဂျာ ရဲ့ စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖလားကြီးကို သိမ်းပိုက် နိုင်ခဲ့တဲ့ ရာနေးရီထက်တောင် ပိုကောင်းတယ်လို့ ဆိုလိုက်ပါတယ်။

အသင်းရဲ့ ရလာဒ်ပိုင်း ဆိုင်ရာ တည်ငြိမ်မှုတွေ နဲ့ ကစားသမား အင်အားတွေကို အခြေခံကာ ကာရေဂါ က ရော်ဂျာ ရဲ့ စွမ်းဆောင်ရည်တွေကို အခုလို ဖော်ညွှန်း သွားခဲ့ပါတယ်။

“2021 ခုနှစ် အတွက် ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆု ဆန်ကာတင် စာရင်းကို ထုတ်ပြန်ကြည့်လိုက်မယ် ဆိုမယ်ဆိုရင် ဘယ်သူတွေ ပါနိုင်မယ်လို့ ထင်လဲ။

ပရီးမီးယားလိဂ် ဖလားကြီးကို နောက်တစ်ကြိမ် ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပြခဲ့တဲ့ မန်စီးတီး က ပက် ဂွာဒီယိုလာ ၊ ဇန်နဝါရီ မှာ အဆင့် 9 ရောက်နေတဲ့ အသင်းကို ကိုင်တွယ်ရင်း ချန်ပီယံ လိဂ် ဖလားကြီး နဲ့ အဆင့် 4 အတွင်း ဝင်ရောက် ရပ်တည်နိုင်အောင် မြှင့်တင်ပေးခဲ့တဲ့ ချဲဆီး က တူချယ် ၊ ဝက်စ်ဟမ်း ကို ဥရောပ ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ မိုယက် တို့ ပါဝင်မှာ ဖြစ်သလို ၊ လက်စတာ ကို အက်ဖ်အေ ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့တဲ့ ရော်ဂျာ ကိုလဲ မေ့ထားလို့ မရပါဘူး။

ဒီနှစ် ဘောလုံးရာသီ အစောပိုင်း တုန်းက ဆိုရင် လက်စတာ က ယူနိုက်တက် ကိုတောင် အနိုင်ယူပြခဲ့တဲ့ အပြင် ၊ ဘရန်ဒန် ရော်ဂျာ ကိုလဲ ဗြိတိန် ကနေ ထွက်ပေါ်လာတဲ့ မန်နေဂျာတွေ ထဲမှာ အကောင်းဆုံး တစ်ယောက်လို့တောင် မီဒီယာတွေ က ညွှန်းဆိုခဲ့ကြတာပါ။ ဟုတ်လဲ ဟုတ်ပါတယ်။ လက်စတာ ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက်တောင် အများကြီး မျှော်လင့်ချက်တွေ ရှိခဲ့ပြီး ၊ နောက်ဆုံး ပွဲစဉ်ရောက်မှ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

အပေါ်က အချက်အလက်တွေ ကိုပဲ ကြည့်လိုက်ရင် ရော်ဂျာ ရဲ့ အရည်အသွေးပေါ် အခြား နာမည်ကြီး နည်းပြတွေလောက် တန်ဖိုးမထားခံရဘူးလို့ ခံစားမိနေသလိုပါပဲ။

လက်ရှိ ရော်ဂျာ ရင်ဆိုင်နေရတဲ့ ပုံစံက ပရီးမီးယားလိဂ် ထိပ်သီး 4 သင်း အပြင်ဘက်က မန်နေဂျာတွေ ရင်ဆိုင်နေရတဲ့ ပြသနာ နဲ့ ထပ်တူ ပုံစံတူလို့ ပြောလို့ရပါတယ်။ အမြင့်ဆုံး အထိ တက်လှမ်းပြီးတာ နဲ့ နောက်တစ်ကြိမ် ပြန်တက်ခွင့်ရဖို့ ဆက်တိုက် ရုန်းကန်ရတော့တာပါပဲ။ အသင်းက ကစားသမား ကောင်းတစ်ချို့ ကို ဆုံးရှုံးရသလို ၊ အင်အား ဖြည့်တင်းတဲ့ အပိုင်းမှာလဲ အသင်းကြီးတွေ နဲ့ ပုခုံးချင်း မယှဉ်နိုင်တော့ပါဘူး။

အချက်အလက်တွေ ကို ပြန်ပြီး ကိုးကားရရင် ရော်ဂျာ ဟာ လက်စတာ ကို လွှဲပြောင်း ရယူပြီး နောက်ပိုင်း ပရီးမီးယားလိဂ်မှာ မန်စီးတီး ၊ လီဗာပူး ၊ ယူနိုက်တက် တို့နောက် တတိယမြှောက် အမှတ်အများဆုံး ရယူထားနိုင်တဲ့ အသင်းဖြစ် ရပ်တည်လျှက် ရှိနေပါတယ်။ သူတို့ ရဲ့ လစာ ပေးချေမှု နှုန်းထားက အဆင့် 9 နေရာမှာပဲ ရှိသလို ၊ အာဆင်နယ် ၊ စပါး တို့ထက် နည်းပါးတဲ့အပြင် ၊ ဝက်စ်ဟမ်း ၊ အဲဗာတန် တို့ထက်တောင် နည်းပါသေးတယ်။

ထပ်ပြောရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း လက်စတာ ရဲ့ အတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တဲ့ မန်နေဂျာ က ရာနေးရီ လို့ အများစုက ပြောကြပါလိမ့်မယ်။ သူဟာ ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာ မှန်ပါတယ်။ ဒါကြောင့် ဂန္တဝင် နည်းပြကြီးလို့လဲ ပြောလို့ရပါတယ်။

ကျနော့် အမြင်ပြောရရင် ရာနေးရီ ရဲ့ စွမ်းဆောင်ရည်တွေကို လေးစားမိပေမယ့် ၊ ရော်ဂျာ ရဲ့ စွမ်းဆောင်ရည်က သူ့ထက် ပိုသာပါတယ်။ အထူးသဖြင့် ရလာဒ်တွေ ပုံဖော်တဲ့ အပိုင်းမှာ ယခင်ကထက် ပိုပြီး တည်ငြိမ်မှု အပြည့်ရှိပါတယ်။ ကုန်ကုန် ပြောရရင် လက်စတာ ရဲ့ ပရီးမီးယားလိဂ် ခရီစဉ် အတွင်း ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်မယ် ဆိုရင် ရော်ဂျာ က အမြင့်ဆုံးပါပဲ။

လွန်ခဲ့တဲ့ 3 နှစ် အတွင်း သူ့တို့ ကစားတဲ့ စတိုင် နဲ့ ရယူပေးတဲ့ ရလာဒ်တွေက ဖြစ်သင့်တဲ့ အတိုင်းအတာ တစ်ခုထိတောင် ပိုနေပါသေးတယ်။ အသင်း က သုံးစွဲတဲ့ ဘတ်ဂျက် နဲ့ တော့ ချန်ပီယံဆု တွေကို အမြဲတမ်း စိန်ခေါ်ဖို့တော့ မဖြစ်နိုင်ဘူးပေါ့။ အဲဒီ အကြောင်းပြချက်ကြောင့်ပဲ ရော်ဂျာဟာ ဒီရာသီမှာ တော်တော်လေးကို ကြံ့ကြံ့ခံရင်း ဖြတ်သန်းနေရတာပါ” လို့ သုံးသပ် ပြောဆိုသွားခဲ့ ပါတယ်။

SM