ရူဒီဂါ ကို ခေါ်ယူနိုင်လိမ့်မယ်လို့ အကောင်းဘက်နေ ရှုမြင်ထားတဲ့ ရီးရဲ မက်ဒရစ်

ရီးရဲ မက်ဒရစ် ဟာ ချဲဆီး နောက်ခံလူ ရူဒီဂါ ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျှက် ရှိနေတာကြောင့် လက်ရှိမှာ အဲဒီ အပြောင်းအရွှေ့ ပေါ်ပေါက်လာဖို့ အတွက် အဓိကထား လှုပ်ရှားလျှက် ရှိနေပါတယ်။

အသက် 28 နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျာမဏီ နောက်ခံလူ ရဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၊ လန်ဒန် ကလပ် နဲ့ စာချုပ် သက်တမ်း တိုးဖို့ ဆန္ဒမရှိတော့ဘူးလို့ ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာ ချဲဆီး ကလဲ ရီးရဲ မက်ဒရစ် က ဗာရန်း ကို ခေါ်ယူဖို့ ခြေလှမ်း လှမ်းခဲ့သည့်တိုင်အောင် ရူဒီဂါ ကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ ဦးစားပေး လုပ်ဆောင်ခဲ့ ပါတယ်။

အဲဒီလို ကြိုးစား အားထုတ်ရာမှာ လက်ရှိ နည်းပြ သောမတ် တူချယ်တောင် ပါဝင် စည်းရုံးလျှက် ရှိနေတဲ့ အကြားက နီးစပ်မှု မရှိပဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ချဲဆီး ဟာ ရူဒီဂါ အတွက် တစ်နှစ် အသားတင် လုပ်ခ ယူရို 8 သန်း ဝန်းကျင် နဲ့ ကမ်းလှမ်းထားပါတယ်။ သို့သော် ကာယကံ ရှင် ကစားသမား ကိုယ်တိုင် ကတော့ အဲဒီ ပမာဏဟာ ရူဘင် လော့ဖ်တပ်ချိခ် ၊ ကီပါ ၊ အလွန်ဆို ၊ ဗာနာ ၊ သီယာဂို ဆေးဗား ၊ ဟားဗတ် ၊ လူကာကူ တို့ထက်တောင် နည်းပါးလွန်းတဲ့ ပမာဏမျိုး ဖြစ်နေတာကြောင့် ကျေနပ်ခြင်း မရှိပါဘူး။

ရီးရဲ မက်ဒရစ် ကလဲ အန်ဆယ်လော့တီ ကို နည်းပြ ရာထူးမှာ ပြန်လည် ခန့်အပ်ခဲ့ပြီးနောက် ၊ ခံစစ်မှုး တစ်ယောက် ကို ထပ်ပြီး အားဖြည့်ပေးဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။ ရူဒီဂါ ဟာ သူတို့ စိတ်ကြိုက် ကစားသမား ဖြစ်ပြီး မီလီတာအို ၊ အလာဘာ နဲ့ နာချို တို့ အုပ်စုမှာ လက်တွဲ ညီညီနဲ့ ကစားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိ ရူဒီဂါ ရဲ့ အနေအထား ကို ရီးရဲ မက်ဒရစ် တစ်သင်းထဲ မဟုတ်ပဲ ဥရောပမှာ ရှိတဲ့ ထိပ်သီး ကလပ် တော်တော်များများ က စောင့်ကြည့် အကဲခတ်လျှက် ရှိနေပါတယ် ။ ဂျာမဏီ က ဘိုင်ယန် မြူးနစ် ၊ ပဲရစ် က ပီအက်စ်ဂျီ တို့ကလဲ ခံစစ်ကို ထပ်မံ အားဖြည့်ဖို့ အတွက် ဈေးကွက်ထဲမှာ ဝင်ရောက် လေ့လာနေကြတာပါ။

ကစားသမား နဲ့ နီးစပ်သူ တစ်ချို့ ကတော့ ရူဒီဂါ ဟာ တစ်နှစ်လုပ်ခ ယူရို 12 သန်း ဝန်းကျင် အထိ လိုချင်နေတယ်လို့ ပြောဆိုနေကြပြီး ၊ ဘိုင်ယန် မြူးနစ် အဲဒီ ပမာဏမျိုး အထိ ပေးချေဖို့ အတွက် ဖြစ်နိုင်ချေ မရှိဘူးလို့ သုံးသပ်နေကြပါတယ်။

ဒါကြောင့် ရီးရဲ မက်ဒရစ် အနေနဲ့ ပီအက်စ်ဂျီ တစ်သင်းတည်း နဲ့သာ အပြိုင် လှုပ်ရှားလာဖွယ် ရှိနေတယ်လို့ ယူဆရပါတယ်။

SM