ရီးရဲယ်သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ five-a-side team မှာ ရော်နယ်ဒိုကို အံ့အားသင့်ဖွယ် ချန်လှပ်ခဲ့တဲ့ တိုနီခရူးစ်

ရီးရဲယ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ်ဟာ ရီးရဲယ်မက်ဒရစ် အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ five-a-side team ကို ရွေးချယ်ခဲ့ရာမှာ သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ခရစ်စတီယာနိုရော်နယ်ဒိုကို အံ့အားသင့်ဖွယ် ချန်လှပ်သွားခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ ခရူးစ် တို့ဟာ ရီးရဲယ်မှာ ၄ ရာသီကြာ တွဲဖက် ကစားခဲ့ပြီး ဘောလုံးလောကရဲ့ အမြင့်ဆုံး ဆုဖလားတွေကို အတူ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဂျာမန်စတားရဲ့ five-a-side list မှာတော့ နေရာတစ်နေရာ မရခဲ့ပါဘူး။

ဒီအသင်းမှာ ခရူးစ်ရဲ့ အသင်းဖော်ဟောင်း တစ်ဦးသာ ပါ၀င်ခဲ့တာကို တွေ့ရပြီး အဆိုပါ ကစားသမားကတော့ တိုနီခရူးစ် မက်ဒရစ်ကို ရောက်လာပြီး နောက်တစ်နှစ်မှာ ဘာနေဗျူးကနေ ထွက်ခွာသွားခဲ့တဲ့ ဂိုးသမား အီကာကာဆီးလက်စ်ပဲ ဖြစ်ပါတယ်။ ခရူးစ်ရဲ့ line-up မှာ မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင်းဇိဒန်း နဲ့ ပြင်သစ် ဂန္တ၀င်ရဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ ရော်ဘတ်တိုကားလို့စ် နဲ့ ရာအူးဂွန်ဇာလက် တို့ ပါ၀င်ခဲ့ပါတယ်။

တိုက်စစ်ပိုင်း နေရာကို ရွေးချယ်ရာမှာတော့ ခရူးစ်ဟာ အာဆင်နယ်နဲ့ပွဲမှာ ကစားသမားဘ၀ စုစုပေါင်း သွင်းဂိုး ၈၀၁ ဂိုး ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒို အစား ရာအူးကို ရွေးချယ်ခဲ့တာကြောင့် လူတော်တော်များများ အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ပေါ်တူဂီစတားဟာ ရီးရဲယ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားလည်း ဖြစ်ပြီး ဘာနေဗျူးမှာ ၄၃၈ ပွဲကစား ၄၅၀ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ရွေးချယ်မှုတွေကို ရှင်းလင်းရာမှာ ခရူးစ်က “ကျွန်တော့်ရဲ့ စိတ်ကြိုက် five-a-side အသင်းမှာ ဂိုးသမား တစ်ဦး နဲ့ အဲဒီရှေ့မှာ ၁-၂-၁ ကစားကွက်ကို အသုံးပြု သွားမှာပါ။ ကွင်းလယ် ကစားသမား ၂ ဦး ရှိနေဖို့က ကျွန်တော့် အတွက် အရမ်းကို အရေးပါပါတယ်။ ကျွန်တော့်ရဲ့ ဂိုးသမား ကတော့ အီကာကာဆီးလက်စ် ပါပဲ။ ကျွန်တော် သူ့ကိုပဲ ရွေးချယ်သွားရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် မွေးကတည်းက ရီးရဲယ်မက်ဒရစ်မှာ သူကလွဲပြီး အခြား ဂိုးသမားကို မသိခဲ့လို့ပါ။

အီကာကိုပဲ ရွေးချယ်သွားရမှာပါ။ သူနဲ့ အနည်းငယ်သာ တွဲဖက် ကစားခဲ့ရပေမယ့် ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်။ သူဟာ တကယ့်ကို စပယ်ရှယ် ဂိုးသမား ဖြစ်ခဲ့ပါတယ်။ ခံစစ်ပိုင်းအတွက် ကျွန်တော့်ရဲ့ ပထမဦးစားပေး ကတော့ ရော်ဘတ်တိုကားလို့စ်ပဲ ဖြစ်ပါတယ်။ သူဟာ နောက်ခံလူ တစ်ဦး ဆိုတာထက် ပိုမိုတဲ့ နောက်ခံလူ တစ်ဦးပါ။ သူဟာ အံ့ဖွယ် ဘယ်ခြေထောက်နဲ့ အတူ ဂိုးတွေ အများကြီး သွင်းယူခဲ့ပါတယ်။ ပြီးတော့ သူဟာ ကျွန်တော်တို့ အသင်းနဲ့ အတူ တစ်ခါတစ်ရံ ခရီးတွေ အတူ ထွက်လေ့ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော် အခု သူ့အကြောင်းကို အနည်းငယ် သိလာပါတယ်။

အခြား ဘရာဇီးသားတွေလိုပဲ သူ့မှာ အရမ်းကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပြီး သူဟာ တကယ့် ဂန္တ၀င် တစ်ဦးပါပဲ။ အဲဒီနောက် ကျွန်တော် အူလီစတီးလိုက်ကို ရွေးချယ်သွားရမှာပါ။ သူဟာ ရီးရဲယ်မက်ဒရစ် အတွက် ပွဲတွေ အများကြီး ကစားပေးခဲ့သူ ဖြစ်ပြီး ကျွန်တော် တအား လေးစားရတဲ့သူပါ။ သူဟာ တကယ့်ကို မယုံနိုင်စရာ အရည်အသွေး ရှိပြီး သူဟာ ကျွန်တော့်ရဲ့ choice ပါပဲ။

နောက်ထပ် ကွင်းလယ်လူ တစ်ဦးကတော့ သိကြတဲ့အတိုင်းပဲ ဇနက်ဒင်းဇိဒန်း ဖြစ်ပါတယ်။ ကျွန်တော့်ဟာ သူ့လို နည်းပြမျိုး လက်အောက်မှာ အလုပ်လုပ်ခဲ့ရတဲ့ အတွက် တကယ် ခဲ့ပါတယ်။ ဒါတင်မကပါဘူး။ ကစားသမား အနေနဲ့လည်း သူဟာ ကျွန်တော့် Idol ဖြစ်ပါတယ်။ သူ့ရဲ့ ကစားဟန်ဟာ အမြဲတမ်း နှစ်သက်စရာ ဖြစ်ပါတယ်။ ဇိဇူးဟာ ဒီအသင်းမှာ ပါ၀င်သင့်တယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

နောက်တစ်ဦးကတော့ ရာအူးပါ။ သူဟာ ကျွန်တော် အမြဲတမ်း စောင့်ကြည့်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး သူ့ရဲ့ ကစားဟန်ကလည်း တကယ့်ကို ကြည့်ချင်စရာပါ။ သူဟာ အသင်းအတွက် အရာအားလုံး ပေးဆပ်တဲ့ အရမ်းကောင်းတဲ့ စိတ်ဓာတ် ရှိသူ ဖြစ်ကာ ကြီးကြယ်တဲ့ အသင်းခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူနဲ့ မကြာခဏ တွေ့ဖြစ်ပါတယ်။ သူဟာ အရမ်းကောင်းတဲ့လူ ဖြစ်ကာ စူပါစတား ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ role model ပါပဲ။ ရာအူးဟာ ဒီအသင်းရဲ့ တိုက်စစ်မှုး ဖြစ်ကို ဖြစ်ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM