ရိုနယ်ဒို ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဖွင့်ဟပြောပြသွားတဲ့ ယူနိုက်တက် နည်းပြ ရပ်ဖ် ရန်းနစ်

မန်ချက်စတာ ယူနိုက်တက် ကို ၆ လ စာချုပ်နဲ့ ကိုင်တွယ်မယ့် နည်းပြ ရပ်ဖ်ရန်းနစ် ဟာ ဒီကနေ့ မှာ အသင်းသစ် အတွက် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ် သွားခဲ့ ပါတယ် ။

ရန်းနစ် ဟာ ယူနိုက်တက် ကို ရာသီကုန် အထိ တာဝန်ယူ ကိုင်တွယ် သွားမှာ ဖြစ်ပြီး ရာသီ အကုန် မှာတော့ အသင်းရဲ့ စီမံ ခန့်ခွဲမှု အပိုင်းမှာ ၂ နှစ် စာချုပ်နဲ့ လုပ်ကိုင်မယ် လို့ သတင်း ထွက်ပေါ် ထားသူ ဖြစ်ပါတယ် ။

ရန်းနစ် ဟာ အင်္ဂါနေ့က မန်ချက်စတာ ကို ရောက်လာခဲ့ပြီး မနေ့ညက အာဆင်နယ် နဲ့ ပွဲကို ပွဲကြည့်စင် ပေါ်ကနေ လေ့လာ အကဲခတ် သွားခဲ့ ပါတယ် ။

ဒီပွဲမှာ မန်ယူနိုက်တက် ဟာ အာဆင်နယ် ကို နောက်ကနေ လိုက်ကစားပြီး ၃-၂ နဲ့ အနိုင် ရခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို က ၂ ဂိုး သွင်းယူ ပေးခဲ့ပြီး သူ့ရဲ့ ဦးဆောင်မှု အောက်မှာ ယူနိုက်တက် ဟာ အာဆင်နယ် ကို နိုင်လိုစိတ် ပြင်းပြင်း နဲ့ ယှဉ်ပြိုင် ကစား သွားခဲ့ ပါတယ် ။

ရန်းနစ် ရဲ့ Gegenpress ကစားပုံဟာ အသက်အရွယ် ကြီးမြင့်သူတွေ နဲ့ အံဝင်မှု နည်းပါးသလို ရန်းနစ် ကိုယ်တိုင် ကလည်း သက်ကြီး ကစားသမားတွေ ကို နှစ်သက်ခြင်း သိပ်မရှိ တာကြောင့် ရိုနယ်ဒို နဲ့ ရန်းနစ် တို့ အဆင်ပြေ နိုင် မလားဆိုတဲ့ မေးခွန်းဟာ ဂျာမန်သားကြီး ကို ခေါ်ယူကြောင်း ကြေညာမှု နဲ့ အတူ ပေါ်ထွက် လာခဲ့ ပါတယ် ။

ဒါပေမယ့် ရန်းနစ် ကတော့ သူ့ အနေနဲ့ ရိုနယ်ဒို ရဲ့ ကစားဟန်နဲ့ အသားကျအောင် လုပ်ဆောင် သွားမယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

“ကိုယ့် အိုက်ဒီယာ ဒါမှမဟုတ် ကိုယ့်ရဲ့ ကစားဟန်ကို အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို အသားကျအောင် အမြဲတမ်း လုပ်ပေးရဖို့ လိုပါတယ် ။

မနေ့ညက ဒုတိယပိုင်းမှာ ခရစ္စတီယာနို ရဲ့ ကစားပုံကို မြင်ခဲ့ ရတာဟာ တကယ့်ကို အံ့အားသင့် စရာပါပဲ ။

အသက် ၃၆ နှစ် အရွယ်မှာ ဒီလောက် ကြံ့ခိုင်မှု ကောင်းတဲ့ ကစားသမားမျုးိကို ကျွန်တော် မမြင်မိ ဖူးပါဘူး ။

အခုချိန်ထိ သူဟာ ခြားနားမှုကို အလွယ်တကူ လုပ်ပေးနိုင်တဲ့ သူ အဖြစ် ရှိနေတုန်း ပါပဲ”

“ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ခရစ္စတီယာနို ရော ကျန်တဲ့ အသင်း တသင်းလုံးကိုပါ တိုးတက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အစီအစဉ် ချရပါမယ် ။

ကမ္ဘာပေါ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ပွဲ တခုမှာ ကျွန်တော်တို့ ရှိနေတာပါ ၊ ဒါကြောင့် ကစားသမားတိုင်း ကို လိုအပ် နေပါတယ် ။

မနေ့က မြင်ခဲ့ရတဲ့ အတိုင်းဆိုရင် ရိုနယ်ဒို မှာ ဒီထက်ပိုပြီး လုပ်ပြလိုတဲ့ ဆန္ဒ ရှိနေတာကို တွေ့ခဲ့ရ ပါတယ်” လို့ ရပ်ဖ် ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ယူနိုက်တက် ကို အမြဲတမ်း နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်ဖို့ စိတ်ကူး ရှိသလား ဆိုတဲ့ မေးခွန်း ကိုတော့ ရန်းနစ် က ငြင်းဆန် မသွားခဲ့ ပါဘူး ။

ဒါပေမယ့် ယခင်က သူ ခေါ်ယူခဲ့ဖူးတဲ့ ( သြစတြီးယားကလပ် မှာတုန်းက ) နော်ေ၀ တိုက်စစ်မှူးလေး အာလင်း ဟာလန်း ကို ခေါ်ယူမလား ဆိုတဲ့ မေးခွန်း ကိုတော့ အပြောင်း အရွှေ့ ကိစ္စတွေ ကို ပြောဖို့ စောလွန်း နေပါသေးတယ်လို့ ငြင်းဆို သွားခဲ့ ပါတယ် ။

ရန်းနစ် ဟာ ဒီတပတ် ပိတ်ရက် ပွဲစဉ်က စပြီး ယူနိုက်တက် ကို တာဝန်ယူ ကိုင်တွယ် မှာပဲ ဖြစ်ပါတယ် ။

ရန်းနစ် ရဲ့ ပထမဆုံး ၁၀ ပွဲမှာ ခက်ခဲတဲ့ အသင်းကြီးတွေ မပါဝင်ပေမယ့် တခါမှမကြုံဖူးတဲ့ ဒီဇင်ဘာ ပွဲကြပ် ကာလ ကို ကောင်းစွာ ကျော်ဖြတ် နိုင်ဖို့တော့ ကြိုးစား သင်ယူရဦးမှာ ဖြစ်ပါတယ် ။

ရပ်ဖ်ရန်းနစ် ရဲ့ ပထမဆုံး ပွဲစဉ် ၅ ပွဲ –

မန်ယူနိုက်တက် – ပဲလေ့စ်

မန်ယူနိုက်တက် – ယန်းဘွိုင်းစ် ( UCL )

နောဝှစ်ချ် – မန်ယူနိုက်တက်

ဘရန့်ဖိုဒ့် – မန်ယူနိုက်တက်

မန်ယူနိုက်တက် – ဘရိုက်တန်

 

SPORTS MYANMAR