ရိုနယ်ဒို ကို တအံ့တသြချီးကျုးခဲ့ပြီး အနိုင်ဂိုးရှင် ဖရက်ဒ် ကို ဂုဏ်ပြုခဲ့တဲ့ ယူနိုက်တက် နည်းပြသစ် ရန်း

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ရပ်ဖ်ရန်းနစ် ဟာ မနေ့ညက ကစားခဲ့တဲ့ ပဲလေ့စ် အသင်းနဲ့ ပွဲစဉ် မှာ အသင်းသစ် ကို စတင် ကိုင်တွယ်ပြီး နိုင်ပွဲ နဲ့ မျက်နှာပန်း လှခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဒီပွဲမှာ ပဲလေ့စ် ကို ကစားကွက် တည်မရေအောင် ဖိအားပေး ကစားခဲ့ပြီး ရှေ့က နည်းပြတွေ နဲ့ ကွဲပြားတဲ့ ကစားဟန် ကို အသုံးပြု သွားခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် တလုံးတည်းသော ဂိုးကိုတော့ ကွင်းလယ်လူ ဖရက်ဒ် က ဒုတိယပိုင်း မှာ ကန်သွင်းပြီး ရယူပေး ခဲ့တာပါ ။

ပွဲ အပြီးမှာတော့ နည်းပြ ရန်းနစ် က သူဟာ ဖရက်ဒ် ရဲ့ သွင်းဂိုး အတွက် အံ့အားသင့် ခဲ့ရသလို တိုက်စစ်မှူးကြီး ရိုနယ်ဒို ရဲ့ ကစားအား အပေါ်လည်း အံ့သြ ခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အသက် ၃၆ နှစ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒို ဟာ သက်ကြီး ကစားသမားတွေ ကို မကြိုက်ဘဲ သန်မာ ဖျတ်လတ်သူတွေ နဲ့ ကစားကွက် တည်ဆောက်တတ်တဲ့ ရန်းနစ် ရဲ့ ဗျူဟာမှာ အံ့ဝင်ဖို့ ခက်ခဲမယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ ပါတယ် ။

ဒါပေမယ့် ရိုနယ်ဒို ဟာ မနေ့ ညကပွဲမှာ အထူး ကြိုးစား ကစားခဲ့ပြီး ကိုယ်တိုင် ဂိုးသွင်းဖို့သာမက အသင်းဖော်တွေ ဂိုးသွင်း နိုင်ဖို့ ကိုပါ အားထုတ် ကစားသွားခဲ့ တာကို တွေ့ခဲ့ရ ပါတယ် ။

ရန်းနစ် ကတော့ ပေါ်တူဂီသားကြီး ရဲ့ ဘောလုံး မရှိချိန် ရွေ့လျားမှုတွေ ( off the ball movement ) နဲ့ လုပ်အား ကောင်းမွန်မှုတွေ အပေါ် အံ့အားသင့် ချီးကျူး ပြောဆို သွားခဲ့ ပါတယ် ။

“ဒီနေ့ အသင်း ကစားသွားတဲ့ ပုံစံကို ကျေနပ် မိပါတယ် ၊ အထူးသဖြင့် ပွဲအစ မိနစ် ၃၀ အတွင်းက ဖိအားပေး ကစားပုံက တကယ့်ကို မျှော်လင့် ထားတဲ့ အတိုင်းပါပဲ ။ ပထမပိုင်းမှာ ကျွန်တော်တို့ မရလိုက်တာ ဆိုလို့ ၁-၀ ၊ ၂-၀ ဖြစ်သွားရမယ့် အနေ အထားတွေပဲ ရှိခဲ့တာပါ”

“ကျွန်တော်တို့ ခံစစ် ကစားတဲ့ ပုံစံကလည်း ကောင်းခဲ့ပါတယ် ၊ တပွဲလုံး ပွဲကို ထိန်းချုပ် ထားနိုင်ခဲ့ပြီး ပေးဂိုးလည်း မရှိခဲ့တာက အရေးပါခဲ့ ပါတယ် ။ တိုးတက်ဖို့ လိုအပ် နေတာတွေ ရှိနေသေးပေမယ့် လေ့ကျင့်ခန်း တခုတည်းနဲ့ အခုလို အခြေအနေကို ရလိုက်တာက ကျွန်တော့ အတွက် အရမ်း ဝမ်းသာစရာပါ”

“တိုက်စစ်မှူး ၂ ယောက် နဲ့ ကျွန်တော် ကစားချင်ခဲ့ ပါတယ် ၊ အထူးသဖြင့် အတွင်းဘက်ပိုင်း မှာပေါ့ ။ ဒါနဲ့ ပြောရမယ် ဆိုရင် ရိုနယ်ဒို ရဲ့ ဘောလုံး မရှိတဲ့ အချိန် အားထုတ်မှုတွေ က တကယ့်အံ့မခန်း ပါပဲ ။

ဖရက်ဒ် ဂိုးသွင်းလိုက်တော့ သူ ညာခြေနဲ့ ကန်လိုက်တာလား ဆိုတာကို ကျွန်တော့ လက်ထောက် ကို ပြန်မေး ခဲ့ရ ပါတယ် ၊ ဘာလို့လည်း ဆိုတော့ သူက ဘယ်ခြေနဲ့ ပဲ ကန်နေတာတွေ့ဖူး လို့ပါ ။ ဘာပဲ ဖြစ်ဖြစ် သူ့ အတွက် ကျွန်တော် ပျော်ရွှင် မိပါတယ်”

“နိုင်ပွဲရပြီးသွားရင် တည်ဆောက်ရတာတွေက ပိုပြီး လွယ်ကူတတ် ပါတယ် ။ နောက်ထပ် ဂိုးမပေးရတဲ့ ပွဲတွေ ၊ အခွင့်အရေး ဖန်တီးမှု ပိုကောင်း ပိုများတဲ့ ပွဲတွေ ကို ကစားနိုင်အောင် ကြိုးစား သွားမှာပါ ။ ဒီနေ့ ပွဲကို ခြုံပြီး ပြောရရင်တော့ ကျွန်တော် ကျေနပ်ပါတယ်” လို့ ရန်းနစ် က ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဒီနေ့ နိုင်ပွဲကြောင့် ၂၄ မှတ် ရရှိ လာခဲ့ပြီး ဒီည ကစားမယ့် အာဆင်နယ် ပွဲ မတိုင်ခင် မှာ အဆင့် ၆ နေရာကို သိမ်းပိုက် ထားနိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် ယန်းဘွိုင်းစ် အသင်းနဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ နောဝှစ်ချ် စီးတီး ရဲ့ အိမ်ကွင်းကို လာမယ့် တနင်္ဂနွေမှာ သွားရောက် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR