ရာသီကုန် အထိ အနားယူရမယ့် ဘန်ချေဝဲလ် နေရာ အတွက် ချဲလ်ဆီးတို့ ပစ်မှတ်ထားနိုင်တဲ့ ဘယ်နောက်ခံလူ ၅ဦး

ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ နိုဝင်ဘာလ အတွင်း ကစားခဲ့တဲ့ ယူဗင်တပ် အသင်းကို ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ပြင်းထန်တဲ့ ဒူးအရွတ် ဒဏ်ရာ ရခဲ့ပြီး ၊ မနေ့ကတော့ ထိုဒဏ်ရာ အတွက် ခွဲစိတ်မှု ခံယူမယ့် အပြင် ၊ ၎င်းဟာ ရာသီကုန်တဲ့ အထိ အနားယူရမှာ ဖြစ်ကြောင်း ကလပ်က အတည်ပြုခဲ့ပါတယ် ။

လောလောဆယ် ဘယ် wing-back နေရာ အတွက် အသက် ၃၁နှစ် အရွယ် စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို တဦးတည်းသာ အားကိုးနေရတဲ့ ချဲလ်ဆီး ဟာ မကြာခင်မှာ စတင်တော့မယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ဘယ်နောက်ခံလူ အသစ် တဦးဦးကို အနည်းဆုံး အငှား ၆လနဲ့ ဖြစ်ဖြစ် ခေါ်ယူဖို့ ကြံဆောင်ရတာ့မှာ ဖြစ်ပါတယ် ။

လိုင်ယွန်သို့ အငှားထွက်နေတဲ့ အီတလီ လက်ရွေးစင် ဘယ်နောက်ခံလူ အီမာဆင်နဲ့ ကိုဗင်ထရီသို့ အငှားထွက်နေတဲ့ အကယ်ဒမီထွက် ဆယ်ကျော်သက် ဘယ်နောက်ခံလူ အီယန် မတ်ဆင်တို့ကို ပြန်ခေါ်နိုင်ခြေ ရှိပေမယ့် ၊ ဇန်နဝါရီ အတွင်း ဘယ်နောက်ခံလူသစ် တဦးကို ခေါ်ယူတာက ချဲလ်ဆီး အတွက် လက်တွေ့ကျတဲ့ ဖြေရှင်းချက် တရပ် ဖြစ်နိုင်ပါတယ် ။

ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ချဲလ်ဆီး အသင်း ပစ်မှတ်ထားနိုင်တဲ့ ဘယ်နောက်ခံလူ ၅ဦး

၁ ။ လူးကပ်စ် ဒစ်နေး ( အဲဗာတန် )

ဒီဇင်ဘာ ၁ရက်နေ့မှာ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီ အပြီးကတည်းက နည်းပြ ဖြစ်သူ ရာဖာ ဘင်နီတက်ဇ်နဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့တဲ့ အဲဗာတန် ဘယ်နောက်ခံလူ လူးကပ်စ် ဒစ်နေး ဟာ ချဲလ်ဆီးရဲ့ ဇန်နဝါရီ နံပါတ်တစ် ပစ်မှတ် ဖြစ်လာတာ မထူးဆန်းပါဘူး ။

အသက် ၂၈နှစ် အရွယ် ၊ ယင်း ပြင်သစ် လက်ရွေးစင် ဟာ အဲဗာတန် အတွက် ၁၂၇ပွဲ ကစားပေးခဲ့ပြီး ၊ ၆ဂိုးသွင်း ၊ ၂၈ကြိမ် ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ပီအက်စ်ဂျီ ၊ ရိုးမား ၊ ဘာစီလိုနာ တို့မှာ ကစားခဲ့ဖူးတဲ့ အတွက် ၎င်းရဲ့ အတွေ့အကြုံတွေဟာ ချဲလ်ဆီးကို သေချာပေါက် အကျိုးပြုမှာ ဖြစ်ပါတယ် ။

၂ ။ သီယို ဟာနန်ဒက်ဇ် ( အေစီမီလန် )

လက်ရှိ ဥရောပ အကောင်းဆုံး ဘယ်နောက်ခံလူ တဦးလည်းဖြစ် ၊ ပြင်သစ် နံပါတ်တစ်လည်း ဖြစ်တဲ့ မီလန် စတား သီယို ဟာနန်ဒက်ဇ် ကို ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ခေါ်ယူဖို့ ဆိုတာ ချဲလ်ဆီး အတွက် အတော်လေး ခက်ခဲလာနိုင်ပေမယ့် ၊ ပရိသတ်တွေကတော့ ၎င်းကို အထူး နှစ်ခြိုက်မှု ပြသနေကြပါတယ် ။

လောလောလတ်လတ်မှာ ချဲလ်ဆီး ဟာ မီလန် ကို အိုလီဗီယာ ဂျရူး ၊ ဖီကာယို တိုမိုရီတို့ကို ရောင်းချပေးထားတာကြောင့် ၊ ဒီ ၂သင်း အကြား ဆက်ဆံရေး ဟာလည်း အနည်းနဲ့ အများ ပြေလည်မှု ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ သီယို ဟာနန်ဒက်ဇ်ကို ခေါ်ယူချင်ရင်တော့ အငှား ၆လနဲ့ အဆင်ပြေမှာ မဟုတ်တဲ့ အပြင် ၊ မြင့်မားတဲ့ ကမ်းလှမ်းမှု တရပ်ကို ချဲလ်ဆီးတို့ အသုံးပြုရနိုင်ပါတယ် ။

 

၃ ။ ရော်ဘင် ဂိုဆန်စ် ( အတ္တလန်တာ )

ဥရောပ ထိပ်တန်း အဆင့်လည်းရှိ ၊ သောမတ်စ် တူချယ် အသုံးပြုတဲ့ wing-back စနစ်နဲ့ပါ လိုက်ဖက်မှုရှိတဲ့ အတ္တလန်တာ အသင်းရဲ့ ဂျာမန် လက်ရွေးစင် ဘယ်နောက်ခံလူ ရော်ဘင် ဂိုဆန်စ် ဟာ လက်ရှိ ချဲလ်ဆီး အသုံးပြုနေတဲ့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုထက် ပိုပြီး လျင်မြန်သလို ၊ တိုက်စစ် အတွက် အများကြီး အထောက်အကူ ပေးနိုင်စွမ်းလည်း ရှိပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာ ၁၁ဂိုး အထိ သွင်းယူကာ ၊ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ကစားသမား တဦး ဖြစ်ခဲ့ပေမယ့် ၊ အသက် ၂၇နှစ် အရွယ် ယင်း ဂျာမန် ကြယ်ပွင့် ဟာ ဒီရာသီမှာတော့ ဒဏ်ရာ ပြဿနာတွေကြောင့် အတ္တလန်တာရဲ့ ပွဲအများအပြား လွဲချော်ထားပါတယ် ။

၄ ။ နီကိုးလက်စ် တာဂလီယာဖီကို ( အိုင်းယက်စ် )

ယခင် နည်းပြ ဖရန့် လမ်းပတ် လက်ထက်မှာ ဟာကင် ဇီယက်ချ် ချဲလ်ဆီးသို့ ရောက်ရှိလာပြီးနောက် ၊ ဘန်ချေဝဲလ် မတိုင်ခင် ၊ ခြင်္သေ့ပြာ တပ်သား တဦး ဖြစ်တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဖူးတဲ့ တာဂလီယာဖီကို ဟာ ဒီ ဇန်နဝါရီ ချဲလ်ဆီးရဲ့ အဝယ်စာရင်းထဲ ပါဝင်လာဦးမှာ သေချာပါတယ် ။

အသက် ၂၉နှစ် အရွယ် ၊ ယင်း အာဂျင်တီးနား လက်ရွေးစင် ဘယ်နောက်ခံလူ ဟာ ပြီးခဲ့တဲ့ နွေရာသီ က လန်ဒန်မြို့ခံ ကလပ် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ဖို့ အထူး နီးစပ်ခဲ့ဖူးပြီး ၊ အခု အချိန်အထိ ခြေစွမ်းမကျသေးသလို ၊ ကလပ်နဲ့ စာချုပ် ၁၈လသာ ကျန်တော့တာ ဖြစ်လို့ ၊ အငှား ၆လနဲ့သာ ခေါ်ယူမယ် ဆိုရင် ချဲလ်ဆီး အတွက် သေချာပေါက် အကျိုးရှိနိုင်ပါတယ် ။

၅ ။ မာ့ခ်ကူကူရယ်လာ ( ဘရိုက်တန် )

ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်းမှာမှ ၊ ဂီတာဖေး အသင်းကနေ ဘရိုက်တန် အသင်းသို့ ပေါင် ၁၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ စပိန် ကြယ်ပွင့် ဘယ်နောက်ခံလူ ကူကူရယ်လာ ဟာ အင်္ဂလန်သို့ ရောက်ရောက်ချင်း နှစ်မှာပဲ ၊ အထိုင်ကျပြီး ၊ ခြေစွမ်းလည်း ပြနေတာကို တွေ့ရမှာ ဖြစ်ပါတယ် ။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ကူကူရယ်လာ ဟာ ဒီရာသီ ဘရိုက်တန် အတွက် တပွဲ ပျမ်းမျှ key pass ၁.၄ လုပ်ပေးထားပြီး ၊ wing-back နေရာမှာလည်း ကစားပေးနိုင်သူ ဖြစ်ပါတယ် ။ ဘရိုက်တန်မှာ အခြေချတာ နှစ်ဝက် မပြည့်သေးပေမယ့် ၊ တူချယ်သာ အလိုရှိရင် ၎င်းဟာ ချဲလ်ဆီးတို့ ပစ်မှတ်ထားနိုင်တဲ့ ကြယ်ပွင့် တဦးလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR