ရပ်ဖ်ရန်းနစ် ကြောင့် ဒီပွဲကို ရှုံးခဲ့ရတာပါလို့ ဖွင့်ဟပြောဆို လာတဲ့ ပဲလေ့စ် နည်းပြ ဗီယာရာ

ခရစ္စတယ် ပဲလေ့စ် အသင်းရဲ့ နည်းပြ ပက်ထရစ် ဗီယာရာ က ရပ်ဖ် ရန်းနစ် ရောက်ရှိ လာမှုဟာ မနေ့ညက အိုးထရက်ဖိုဒ့် ကွင်းထဲက ပွဲရလဒ် ကို ပြောင်းလဲ စေခဲ့တယ်လို့ ပြောဆို ခဲ့ ပါတယ် ။

ဂျာမန်လူမျိုး နည်းပြ ရန်းနစ် ဟာ ဗြိတိန် အလုပ် ပါမစ် ရရှိ သွားခဲ့တာကြောင့် မနေ့ညက ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ကို စတင် ကိုင်တွယ်ခဲ့ ပါတယ် ။

ရန်းနစ် ရဲ့ ပထမဆုံး ပွဲကတော့ ၁ – ၀ ရလဒ် နဲ့ ပြီးဆုံး ခဲ့ပြီး ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် က အနိုင်ဂိုးရှင် ဖြစ်ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပွဲစကတည်းက ရန်းနစ် ရဲ့ ကစားဟန် ဖြစ်တဲ့ ဖိအားပေး ကစားပုံကို ဖော်ဆောင်ဖို့ အားထုတ် ခဲ့ပြီး ပထမပိုင်းမှာ ပဲလေ့စ် ကို ကစားကွက် တည်လို့ မရအောင် စွမ်းဆောင် ထားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ပဲလေ့စ် ဘက်ကလည်း ယူနိုက်တက် တိုက်စစ် တိုးမပေါက်အောင် ကာကွယ် ပိတ်ဆို့ ထား နိုင်ခဲ့ပြီး အပိုင်အခွင့် အရေးတွေကို ဖန်တီးခွင့် မပေးခဲ့ ပါဘူး ။

ဒုတိယပိုင်း ၇၇ မိနစ် မှာတော့ ဖရက်ဒ် က ဧရိယာ အစပ်ကနေ ညာခြေနဲ့ လှမ်းကန်ကာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေး သွားခဲ့ ပါတယ် ။

ပဲလေ့စ် ဟာ ဖရက်ဒ် ရဲ့ ဂိုးမတိုင်ခင် က ဂိုးရဖို့ အရမ်းကောင်းတဲ့ အခွင့်အရေးကို ပိုင်ဆိုင် ခဲ့ ပေမယ့် ဂျော်ဒန် အယူး ပိတ်သွင်းဖို့ လိုအပ် နေခဲ့တာကြောင့် အဝေးကွင်းကနေ လက်ဗလာ နဲ့ အိမ်ပြန် ခဲ့ရ ပါတယ် ။

ပွဲ အပြီးမှာတော့ ဗီယာရာ က ရန်းနစ် ရောက်ရှိလာမှု ရဲ့ အကျိုးသက်ရောက်မှု နဲ့ အယူး ရဲ့ လွဲချော်မှုတို့ အပေါ် ပြောဆို သွားခဲ့ ပါတယ် ။

“ယူနိုက်တက် က နည်းပြသစ် နဲ့ ဖြစ်သွားလို့ သူတို့ ဘယ်လို ကစားမလဲ ဆိုတာကို ကျွန်တော်တို့ မသိနိုင်ခဲ့ ပါဘူး ။

ဒါပေမယ့် ကျွန်တော်တို့ ဘက်က အကောင်းဆုံး ပြင်ဆင် လာခဲ့ ပါတယ် ။ သူတို့ ( ယူနိုက်တက် ) ဘက်က အခွင့်အရေး နည်းနည်းပဲ ရခဲ့တာပါ ။ သရေ ဖြစ်ခဲ့သင့်တဲ့ ပွဲပါပဲ ။

နိုင်ပွဲ နဲ့တောင် ကျွန်တော်တို့ နီးစပ် ခဲ့တာပါ ။ ဒါပေမယ့် ဘောလုံးမှာက ဒီလို ပါပဲ ။ ကိုယ် ဘာတွေ အားနည်း ခဲ့လဲ ဆိုတာကို ပြန်သုံးသပ်ပြီး ပိုကောင်းအောင် လုပ်ရမှာပါ”

 

“၂ သင်းစလုံး အခွင့်အရေးတွေ အများကြီး မရခဲ့ ပါဘူး ။ ကျွန်တော်တု့ိ ကတောင် အရင် ဂိုးမယ့် အခွင့်အရေး ကို ရခဲ့တာပါ ။

ဂျော်ဒန် ( အယူး ) ဒါကို အသုံးမချ နိုင်ခဲ့ ပါဘူး ။ အသင်းကြီးတွေနဲ့ ရင်ဆိုင် ရပြီဆိုရင် ဒီလို အခွင့် အရေး လက်လွှတ်ရမှုမျိုးက ကိုယ့်ကို ပြန်ပြီး ဒဏ်ခတ် တတ်ပါတယ် ။

ဒီလိုပွဲမျိုးမှာ အခွင့်အရေးက နည်းနည်းပဲ ရမှာပါ ၊ ဒါကို အသုံးချနိုင်ဖို့ လိုပါတယ်”

“ဂျော်ဒန် က အသင်းလိုက် ကစားတတ်တဲ့သူပါ ၊ ဒါပေမယ့် ရှေ့တန်းလူတွေ ဆိုတာ သွင်းဂိုးတွေ နဲ့ပဲ ဆုံးဖြတ် ခံရပါတယ် ။ ဒီနေ့ ပွဲမှာ သူ လွတ်သွားတဲ့ အခွင့်အရေး အတွက် ကျွန်တော် တကယ်ပဲ စိတ်ပျက် မိတာတော့ အမှန်ပါ ။

အသင်းလိုက် ကစားပုံ မှာလည်း ပြောစရာတွေ ရှိပါတယ် ။ ဘောလုံးကို ရဲရဲ ကိုင် ကစားရတဲ့ သူတွေ သိပ် မရှိခဲ့ ပါဘူး ။ ကိုယ့် ခြေထဲမှာတင် ဘောလုံးကို ကောင်းကောင်း မထိန်းချုပ် နိုင်ခဲ့တာပါ” လို့ ဗီယာရာ က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR