ရပ်တန့်သွားတဲ့ ချန်ပီယံကြီး ၊ တင်းနစ်မယ် အမ်မာ အတွက် နောက်တဆု ၊ ၃ မှတ်ဖြတ်လိုက်တဲ့ မန်စီးတီး တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား ခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ စီးတီး ဟာ နယူးကာဆယ် အသင်း ကို ၄ – ၀ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ပြီး လီဗာပူး ၊ ချဲလ်ဆီး တို့ရဲ့ သရေ ပွဲတွေကြောင့် အဆင့် ၁ နေရာကနေ အမှတ် ပိုဖြတ်ကာ ဦးဆောင် သွားနိုင်ခဲ့ ပါတယ် ။

လီဗာပူး ကတော့ စပါး ကွင်းမှာ ၂ ဂိုးစီ သရေ ကျခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး ကလည်း ဝုဗ် ကို လူမစုံဘဲ ကစားခဲ့ ရကာ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲ မက်ဒရစ် ဟာ ကာဒိဇ် အသင်း နဲ့ ဂိုး မရှိ သရေ ကျခဲ့တာကြောင့် ပြိုင်ပွဲစုံ ၁၀ ပွဲ ဆက်တိုက် အနိုင် ရရှိလာမှု ဟာ ရပ်တန့် သွားခဲ့ရ ပါတယ် ။

ဒါပေမယ့် အမှတ်ပေး ဇယား ကိုတော့ ဒုတိယ နေရာက အသင်းကို ၇ မှတ်အထိ ဖြတ်ကာ ဦးဆောင် နေဆဲပါပဲ ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဒေါ့မွန် ဟာ အဝေးကွင်းမှာ ဟာသာဘာလင် ကို ရှုံးခဲ့တာကြောင့် ဦးဆောင်သူ ဘိုင်ယန်မြုးနစ် နဲ့ ၉ မှတ် အထိ ကွာဟ သွားခဲ့ရပြီး လိုက်မီ ဖို့ ခက်ခဲ သွားစေခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ နာပိုလီ ဟာ အေစီမီလန် ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ခဲ့ပြီး ၅ မိနစ် ကတည်းက ရတဲ့ အဖွင့်ဂိုး ကို ထိန်းသိမ်းကာ အနိုင် ၃ မှတ် ရယူ နိုင်ခဲ့ ပါတယ် ။ ဒါကြောင့် နာပိုလီ ဟာ ၃၉ မှတ် နဲ့ အေစီမီလန် ကို ( အမှတ်တူ ) ကျော်တက် ကာ အဆင့် ၂ နေရာကို ရယူ သွားနိုင်ခဲ့ ပါတယ် ။

ယူအက်စ် အိုးပင်း တင်းနစ် ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ဗြိတိန် ကို ဂုဏ်တက် စေခဲ့တဲ့ ဆယ်ကျော်သက် တင်းနစ်မယ်လေး အမ်မာ ရာဒူကနူ ကတော့ ၂၀၂၁ ခုနှစ် အတွက် ဗြိတိန် ရဲ့ Sport Personality of the Year ဆု ကို နာမည်ကျော် အားကစားသမားတွေ ကို ကျော်ဖြတ်ကာ ဆွတ်ခူး ရရှိ သွားခဲ့တယ် လို့ သိရှိရ ပါတယ် ။

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကတော့ ဥရောပ နေးရှင်းလိဂ် ထဲကို တောင်အမေရိက အသင်း ၁၀ သင်း ပါဝင် ကစားမယ့် အစီအစဉ် ကို သဘောမတူ ဘဲ အဆိုပါ အစီအစဉ် တင်ပြ လာပါက ပယ်ချ သွားဖို့ စိတ်ကူး ထားကြောင်း ကြားသိရ ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် နည်းပြ ဆီးမြွန်းနီ ဟာ နောက်ခံလူ ကီရန် ထရစ်ပီယာ ကို ဇန်နဝါရီမှာ လွတ်လပ်စွာ ရွေးချယ် ခွင့် ပြုမယ်လို့ ကြားသိရ ပါတယ် ။ ထရစ်ပီယာ ကို မန်ယူနိုက်တက် နဲ့ နယူးကာဆယ် တို့က စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ် ။

နာမည်ကျော် အေးဂျင့် ရွိုင်းအိုလာ ကတော့ သူ တာဝန်ယူ ထားတဲ့ နယ်သာလန် ခံစစ်မှူးလေး ဒီလစ် ဟာ လာမယ့် နွေရာသီ မှာ လက်ရှိ ကစားနေတဲ့ ယူဗင်တပ် ကနေ စွန့်စားခန်းသစ်တွေ ရှာဖွေဖို့ စိတ်ကူး လာနိုင်တယ်လို့ ဖွင့်ဟပြောဆို လာခဲ့ ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ပွဲရွှေ့ဆိုင်း ပေးဖို့ တင်ပြချက် ကို ပယ်ချ ခံရမှု အပေါ် စိတ်ပျက်ခဲ့ပြီး ပရီးမီးယားလိဂ် ဟာ ကစားသမားတွေ အတွက် မလုံခြုံတဲ့ နေရာလို့ ခံစားမိ ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ သလို ဝုဗ် နဲ့ ပွဲမှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ ချာလိုဘတ် နဲ့ ဟာကင် ဇီယက်ချ် တို့ ဟာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ မဖြစ်ဖို့ မျှော်လင့် ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

စကော့တလန် ကလပ် ဆဲလ်တစ် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စကော့တစ် လိဂ်ဖလား ဖိုင်နယ် မှာ ဟီဘန်ရင်း အသင်း ကို ၂-၁ နဲ့ အနိုင် ရပြီး ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဆဲလ်တစ် အတွက် ဂျပန် တိုက်စစ်မှူးလေး ဖူရူဟာရှီ က သူရဲကောင်း ဖြစ်ခဲ့ပြီး အသင်းအတွက် ၂ ဂိုးစလုံးကို ဒုတိယပိုင်းမှာ သွင်းယူ ပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ပြင်သစ် ရှုံးထွက် ဖလား ပွဲစဉ်မှာတော့ PSG ဟာ SC Feignies အသင်း ကို အဝေးကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ပြီး ဘာပေ က ၂ ဂိုး ၊ အီကာဒီ က ၁ ဂိုး သွင်းယူ သွားခဲ့ကြပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR