ရန်းဂနစ် လက်အောက် အခက်အခဲတွေ ကြုံတွေ့သွားဖို့ ရှိနေကြတဲ့ ကစားသမား နှစ်ဦးအမည်ကို ထုတ်ပြောလိုက်တဲ့ ဂယ်ရီ နီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစား သမားဟောင်း တစ်ဦးဖြစ်သူ ဂယ်ရီ နဗီးလ် က နောက်ခံ အစွန်လူ နှစ်ဦးဖြစ်တဲ့ ဒီယိုဂို ဒါးလော့ နဲ့ အဲလက်စ် တဲလက်စ် တို့ဟာ နည်းပြ ရန်းဂနစ် လက်အောက်မှာ ရှေ့ဆက် အခက်အခဲတွေ ကြုံတွေ့ကြလိမ့်မယ်လို့ သုံးသပ် ပြောကြားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ carrow road ကွင်းထဲ နောဝှစ်ချ် စီးတီး အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး ပွဲချိန် 75 မိနစ်မှ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ နောဝှစ်ချ် အသင်းဟာ အိမ်ကွင်းမှာ တကယ့်ကို ပုံစံကောင်းတွေ ပြသခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက် ဂိုးသမား ဒီဂီယာ လက်စွမ်းပြခဲ့တဲ့ အတွက် ဧည့်သည်တို့ သက်သာရာ ရခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် တို့ရဲ့ တိုက်စစ် ကစားသမားတွေဟာ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ကြရပါသေးတယ် ။ နဗီးလ် ကတော့ ယူနိုက်တက် နောက်ခံ အစွန်လူ နှစ်ဦးဟာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရမဲ့ ပွဲစဉ်တွေမှာ အခက် အခဲတွေ ကြုံတွေ့ သွားကြရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။

 

” ဒါဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် မဟုတ်ခဲ့ရပါဘူး ။ အကယ်လို့ သူတို့သာ လိဂ်ရဲ့ အခြား အသင်း တစ်သင်းသင်းနဲ့ ကစားခဲ့ရမယ်ဆိုရင် ဒီလိုကစားပုံက သူတို့တွေကို အခက်အခဲတွေ ကြုံတွေ့စေပါလိမ့်မယ် ။ သူတို့တွေ ဒီလို ကစားပြီး ဘရန့်ဖို့ဒ် နဲ့ ရင်ဆိုင်မယ် ဆိုရင် ဒုက္ခရောက်ကုန်မှာ အသေအချာပါပဲ ”

” သူတို့ဟာ နှစ်ပွဲလုံး 1 – 0 နဲ့ပဲ နိုင်ခဲ့ကြပါတယ် ။ ဒီပွဲမှာ အရည်အသွေး ကင်းမဲ့နေခဲ့တာက နောဝှစ်ချ် အသင်းပါ ။ ဒီပွဲကို ကြည့်လိုက်ရုံနဲ့ အရည်အသွေး ရှိနေတဲ့ အခြား အသင်း တစ်သင်းသင်းသာဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စစ်မှန်တဲ့ အခက်အခဲ ဒုက္ခတွေကို ပေးဆောင်သွားမှာ အသေအချာပါပဲ ”

” ရန်းဂနစ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ပထမဆုံး ဖြေရှင်းသွားရမယ့် ပြသနာက ခံစစ်ပိုင်း ပြသနာပါပဲ ။ သူတို့ကို ရင်ဆိုင်ရ ခက်ခဲအောင် စုပေါင်း ကစားပြနိုင်ဖို့ လိုအပ်နေပါသေးတယ် ။ ဒီနေ့ပွဲကို ကြည့်ခြင်းအားဖြင့် သူတို့ကို ဖြိုခွဲရခက်ခဲလိမ့်မယ်လို့ ကျွန်တော်တော့ မတွေးပါဘူး ”

” ဒီနေ့ ယူနိုက်တက်နဲ့ ပတ်သက်လို့ ကျွန်တော် စိတ်ရှုပ်မိတာက သူတို့ ဘာကြောင့် အင်အား ကင်းမဲ့နေကြသလဲဆိုတာ ပါပဲ ။ ပြင်ဆင်ချိန် ရခဲ့တဲ့ အတွက် သူတို့တွေဟာ ဒီထက် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော် တွေးတောမိခဲ့ပါသေးတယ် ။ ဘရန့်ဖို့ဒ် နဲ့ ပွဲမှာတော့ သူတို့ ဘယ်လို ရှိနေပြီလဲဆိုတာ ကျွန်တော်တို့ သေချာ သိရပါလိမ့်မယ် ”

” ရန်းဂနစ်ဟာ သူ့ရဲ့ ကစားသမားတွေကို ရှာဖွေနေဆဲပဲလို့ ကျွန်တော် ထင်ပါတယ် ။ လက်ရှိ သူတို့တွေ ကစားနေကြတဲ့ ကစားဟန်ကို ကြည့်လိုက်မယ်ဆိုရင် နောက်ခံအစွန်လူ ကောင်းတဲ့ ပြိုင်ဖက်အသင်းနဲ့ တွေ့ရင် သူတို့ရဲ့ ခံစစ်ဟာ ပွင့်ထွက်သွားမှာပါပဲ ။ ဒါးလော့ နဲ့ တဲလက်စ် တို့ဟာ အခက်အခဲ ဒုက္ခတွေ ကြုံသွားရပါလိမ့်မယ် ”

 

 

” ဖာနန်ဒက်စ် နဲ့ ဆန်ချို တို့ဟာ ကန်ဆယ်လို ၊ ရောဘတ်ဆန် ၊ အာနိုး တို့လို ပြိုင်ဖက်တွေနဲ့ တွေ့တဲ့အခါမှာ အခက်တွေ့သွားပါလိမ့်မယ် ။ ကံကောင်းတာ တစ်ခုက သူတို့က အဲ့ဒီလို ပြိုင်ဖက် အသင်းနဲ့ တွေ့ကြုံဖို့ အချိန်တစ်လတော့ စောင့်ရဦးမယ်ဆိုတာပါပဲ ” လို့ ဂယ်ရီ နဗီးလ် က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar