ရန်းဂနစ် လက်အောက်မှ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကြီးမားဆုံး ပြဿနာကို ထုတ်ပြောလိုက်တဲ့ အလန်ရှီးယား

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အလန်ရှီးယား က မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကစားသမားတွေရဲ့ စိတ်နေသဘောထားကို ဝေဖန်လိုက်ပြီး သူတို့တွေ ကိုယ်တိုင်က မေးခွန်းထုတ်စရာ ဖြစ်နေကြတယ်လို့ ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အင်္ဂါနေ့ နံနက်ခင်းတုန်းကတော့ စိန့် ဂျိမ်းစ် ပါ့ခ် ကွင်းထဲမှာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်သာ ရယူနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်က စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် ကတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အထူးဝေဖန်ခဲ့ပြီး ပေါ်တူဂီသား နှစ်ဦး ဖြစ်ကြတဲ့ ဘရူနို ဖာနန်ဒက်စ် နဲ့ ရော်နယ်ဒို တို့ရဲ့ တိုက်စစ် ကစားပုံကို အပြစ်တင်ခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြသစ် ရန်းဂနစ် လက်အောက်မှာ လေးပွဲ ကစားထားခဲ့ပြီး 2 ပွဲနိုင် ၊ 2 ပွဲ သရေ နဲ့ ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းမျိုး ပိုင်ဆိုင်ထားခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူတို့ရဲ့ ကစားပုံက အားရစရာမရှိ ဖြစ်ခဲ့ရပါတယ် ။

ဒီအတွက် ပရီးမီးယားလိဂ် ဂန္တဝင်တိုက်စစ်မှူးဟောင်း ဖြစ်သူ အလန်ရှီးယား က ယူနိုက်တက် ကစားသမားတွေကို ဝေဖန်ထိုးနှက်ခဲ့လိုက်ပြီး သူတို့တွေဟာ အသင်းမှ ဆိုးလ်ရှားကို ထွက်ခွာစေခဲ့သူတွေ ဖြစ်ကြောင်း စွပ်စွဲမှုပါ ပြုလုပ်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

” ယူနိုက်တက်ရဲ့ ပုံစံက ကြောက်မက်ဖွယ်ပါပဲ ။ သူတို့တွေဟာ တကယ့်ကို သနားစရာ ကောင်းခဲ့ကြပါတယ် ။ သူတို့တွေဆီက ပွဲစဉ် တလျှောက်လုံး ဆိုးရွားလှတဲ့ စိတ်နေစိတ်ထားတွေ အများကြီးပဲ မြင်တွေ့ခဲ့ကြရပါတယ် ။ သူတို့ကို ကြည့်ရတာ ပျော်စရာကောင်းတဲ့ အဖွဲ့ တစ်ခုလို့ မထင်ခဲ့ရပါဘူး ”

” ဒါကို ရန်းဂနစ်က ပထမပိုင်း အပြီးမှာ ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ပြီး သူတို့ တစ်ဂိုး ပြန်လည် ရယူနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ သူတို့ရဲ့ ကစားပုံက တကယ်တမ်းမှာတော့ တိုးတက် ပြောင်းလဲလာခြင်း မရှိခဲ့ပါဘူး ။ ဒါဟာ တကယ့်ကို စိတ်ပျက်စရာ ပါပဲ ”

” ဒါဟာ မန်ချက်စတာ ယူနိုက်တက် အတွက် တကယ့်ပွဲပဲလို့ ကျွန်တော်ထင်ပါတယ် ။ ဒီပွဲကို ကြည့်ပြီး မန်နေဂျာ ကလည်း ဘယ်နေရာမှာ မေးခွန်းထုတ်စရာတွေ ရှိနေသလဲ ဆိုတာကို မြင်တွေ့ခဲ့မှာပါ ။ သူတို့ နည်းပြ တစ်ဦးကို ထုတ်ခဲ့ပြီးကြပြီလေ ”

” အဲ့ဒီ ကစားသမားတွေ အနေနဲ့ ကွင်းထဲ သွားရောက်ပြီး သူတို့တွေဟာ အသင်းမှာ ဆက်ရှိနေလိုကြတယ် ၊ အံ့ဖွယ် အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လိုကြတယ်ဆိုတာကို သက်သေပြနိုင်ဖို့ လိုအပ်လှပါတယ် ။ ယူနိုက်တက်မှာ 1 ဦးကောင်းတွေ အများကြီးပါ ။ သူတို့ကို ကြည့်ရတာ အသင်း တစ်သင်းနဲ့ကို မတူပါဘူး ” လို့ အလန်ရှီးယား က ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar