ရန်းဂနစ် လက်အောက်မှာ အဓိက ကစားသမား ဖြစ်လာမဲ့သူ တစ်ဦး အမည်ကို ထုတ်ပြောလိုက်တဲ့ ဖာဒီနန်

ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းကို အနိုင်ရလဒ် ရရှိအောင် ပုံဖော်ပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဖရက်ဒ်ဟာ ဒီရာသီ နည်းပြသစ် ရန်းဂနစ် လက်အောက်မှာ အရေးပါသူ ဖြစ်လာလိမ့်မယ်လို့ နောက်ခံလူဟောင်း ဖာဒီနန်က ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။

အဆိုပါ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ပွဲချိန် စတင်ကတည်းက ပြိုင်ဖက်ကို ဖိအားပေး ကစားခဲ့ကြပါတယ် ။ ဒါပေမဲ့ တစ်လုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲချိန် ပြီးဆုံးဖို့ 13 မိနစ် အလိုမှာ ကွင်းလယ်လူ ဖရက်ဒ် က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဖရက်ဒ်ဟာ ယာယီ နည်းပြဟောင်း ဖြစ်သူ မိုက်ကယ် ကာရစ် လက်အောက်မှာထဲက ပုံစံကောင်းတွေ တဖန်ပြန်လည် ပြသနိုင်ခဲ့ပြီး နည်းပြသစ် ရန်းဂနစ် ရဲ့ 4 – 2 – 2 – 2 ဆန်တဲ့ ကစားကွက်မှာတော့ ပိုမိုတောက်ပနိုင်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

သူဟာ ပဲလေ့စ်နဲ့ ပွဲစဉ်မတိုင်မီ အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်တုန်းကလည်း အသင်းအတွက် တစ်ဂိုး ဖန်တီးပေးခဲ့သလို အနိုင်ရလဒ် ထွက်ပေါ်စေခဲ့တဲ့ ပင်နယ်တီကိုပါ ရယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ဖာဒီနန် က ဘရာဇီးသားကို ချီးကျူး သွားခဲ့လိုက်ပါတယ် ။

” နည်းပြသစ် တစ်ဦး ရောက်လာတိုင်း အသင်းရဲ့ ကစား သမား တစ်ဦး (သို့) နှစ်ဦးလောက်က တောက်ပလေ့ ရှိတတ်ကြပါတယ် ။ ခင်ဗျားအနေနဲ့ သူ့ဆီက ဒီလိုခြေစွမ်းမျိုး မျှော်လင့်မထားခဲ့ဘူးလို့တောင် တွေးကောင်း တွေးတောဖြစ်ပါလိမ့်မယ် ။ ကျွန်တော်လည်း ဖရက်ဒ် ဒီလောက်ထိ ထူးကဲလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးပါဘူး ”

” သူတို့တွေ တဖန်ပြန်လည် အသက်ဝင်လှုပ်ရှားနိုင်ခဲ့ကြပါပြီ ။ သူတို့ဆီက ခြားနားတဲ့ အရာတွေကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ် ။ ဖရက်ဒ်ကတော့ နည်းပြသစ်ရဲ့ ကစားကွက်အရ ကျွန်တော် ပြောတဲ့ ကစားသမားမျိုး ဖြစ်လာနိုင်ခဲ့ပါပြီ ။ သူဟာ ပြင်းအားတွေ နဲ့ အရာရာတိုင်းကို ယူနိုင်ခဲ့ပါတယ် ။ သူက တကယ့်ကို ချွန်ထက်သူ တစ်ဦးပါ ”

 

” အကယ်လို့ ဖရက်ဒ်သာ အခုလို ကစားပုံ ၊ ဖွဲ့စည်းပုံမှာ ဆက်လက် ကစားပေးခွင့် ရရှိနိုင်ဦးမယ်ဆိုရင် သူဟာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးတောင် ဖြစ်လာနိုင်ပါလိမ့်မယ် ။ ကျွန်တော် ပြောတာ ယုံလိုက်ပါ ” လို့ ဖာဒီနန် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

ဖရက်ဒ် ကိုယ်တိုင်ကလည်း ဘရာဇီး လက်ရွေးစင် အသင်းအတွက် ခြေစွမ်းကောင်းပြ ကစားပေးခဲ့စဉ်တုန်းက သူဟာ တိုက်စစ် အသားပေး ကစားရတဲ့ ကစားဟန်ကို နှစ်သက်သူ ဖြစ်ကြောင်း ဖွင့်ပြောခဲ့ဖူးပါသေးတယ် ။ အခုတော့ သူဟာ ကစားချင်တဲ့ ပုံစံမျိုး ကစားပေးရင်း ပုံစံကောင်းတွေ ပြသနေခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar