ရန်းဂနစ် လက်အောက်မှာ အခွင့်အရေးတွေရလာနိုင်မယ့် ကစားသမား နှစ်ဦးအမည်ကို ထုတ်ပြောလိုက်တဲ့ ချက်ဒ်ဝစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစား သမားဟောင်း တစ်ဦးဖြစ်တဲ့ လုခ် ချက်ဒ်ဝစ်က နည်းပြသစ် ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် လက်အောက်မှာ ဒွန်နီ ဗန်ဒီ ဘိခ် နဲ့ ဂျေဒန် ဆန်ချို တို့ အခွင့်အရေးတွေ ပိုရလာကြလိမ့်မယ်လို့ ယုံကြည်နေပါတယ် ။

အဆိုပါ ကစားသမား နှစ်ဦးဟာ နည်းပြဟောင်း ဆိုးလ်ရှားရဲ့ လက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ ရရှိနိုင်ဖို့ ရုန်းကန်ခဲ့ကြရပေမယ့် ယာယီနည်းပြ ဖြစ်သူ ကာရစ်ရဲ့ လက်အောက်မှာ ပွဲကစားခွင့်တွေ ပိုရခဲ့ကြပါတယ် ။ ဆန်ချိုဆိုရင် နောက်ဆုံး နှစ်ပွဲမှာ တစ်ဂိုးစီ သွင်းနိုင်ခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက် နည်းပြသစ်ဖြစ်သူ ရန်းဂနစ်ဟာ အင်္ဂလန်မြေကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက်တို့ အာဆင်နယ်နဲ့ ရင်ဆိုင်မယ့် ပွဲစဉ်ကို ကိုင်တွယ်နိုင်မှာ မဟုတ်သေးပေမဲ့ နောက်တစ်ပွဲကိုတော့ ကိုင်တွယ်သွားဖို့ ရှိနေပါတယ် ။

အခုတော့ လုခ် ချက်ဒ်ဝစ် က ရန်းဂနစ် လက်အောက်မှာ ဗန်ဒီ ဘိခ် နဲ့ ဆန်ချို တို့ အခွင့်အရေးတွေ အခုထက်ပိုပြီး ရရှိနိုင်ခြေ ရှိကြလိမ့်မယ်လို့ သုံးသပ်လိုက်ပြီး အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင်းပါ တိုက်တွန်း နှိုးဆော်ခဲ့လိုက် ပါတယ် ။

” သူဟာ ဂုဏ်သတင်း ကျော်ဇောမှုတွေနဲ့ အသင်းဆီကို ရောက်လာမဲ့ နည်းပြ တစ်ဦးပါ ။ သူက နည်းပြဘဝ တစ်လျှောက်မှာ ခမ်းနားတဲ့ အရာတွေကို လုပ်ဆောင်ပြနိုင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ် ”

” တူချယ် နဲ့ ကလော့ပ်တို့ ပြောနေကြတာကို ကြည့်လိုက်ရုံ နဲ့ သူဟာ ဂျာမန်မြေမှာ ဘယ်လောက်အထိ လေးစားသမှုတွေ ရရှိနေခဲ့လဲဆိုတာကို သိရှိနိုင်ပါလိမ့်မယ် ။ သူဟာ ဥရောပမှာလည်း လေးစားသမှု ရရှိထားတဲ့ နည်းပြ တစ်ဦးပါ ”

” အိုလီ ထွက်သွားရတယ်ဆိုတာ ရှက်စရာပါပဲ ။ သူဟာ အသင်း ဂန္တဝင် ဖြစ်သလို အသင်းကို နောက်တစ်ဆင့် တက်လှမ်းစေနိုင်ခဲ့တယ်လို့ ကျွန်တော် လက်ခံထားတဲ့ အံ့ဖွယ် လူသား တစ်ဦးလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ ဒီနှစ်မှာ အသင်းရဲ့ စွမ်းဆောင်ရည် ခြားနားနေခဲ့တာ အမှန်ပါပဲ ”

” လီဗာပူးနဲ့ ပွဲထဲက သူဟာ လှိုင်းထန်မှု အကြား ရေကူးနေခဲ့ရပါတယ် ။ ယူနိုက်တက်တို့ ရာသီကုန်အထိ သူ့ကိုပဲ အသင်းမှာ ထားချင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဝက်ဖို့ဒ်နဲ့ ပွဲမှာ 4 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ခြင်းက နောက်ဆုံး အချိန် ဖြစ်သွားစေခဲ့ပါတယ် ”

” ဖြစ်စရာ ရှိတာတွေက ဖြစ်ခဲ့ပြီးပါပြီ ။ အခုအချိန် စိတ်ဝင်စားစရာက ရဲ့လ်ဖ် ဟာ လာမဲ့ လအနည်းငယ်မှာ အသင်းကို ဘယ်လိုရှေ့ဆက်စေမလဲ ဆိုတာပါပဲ ။ ဒါက ကစားခွင့် နည်းပါးခဲ့တဲ့ ကောင်လေးတွေ အတွက် အခွင့်အရေးပါပဲ ။ နည်းပြ တစ်ယောက် ရောက်လာရင် အားလုံး အခွင့်အရေး ဆတူရကြမယ်လေ ”

” အားလုံး အစကနေ စရပါလိမ့်မယ် ။ ဗန်ဒီ ဘိခ်ဟာ ယူနိုက်တက်ဆီ ပြောင်းလာကတည်းက အိပ်မက်ဆိုးတွေကို ပိုင်ဆိုင်ခဲ့ရပါတယ် ။ သူဟာ ပွဲဆက် ကစားခွင့်တောင် မရနိုင်ခဲ့ပါဘူး ။ အခုအချိန်က သူ့အတွက် အခွင့်အရေးတစ်ခုပါ ။ အခြားသူတွေ အတွက်လည်း အတူတူပါပဲ ”

” ဆန်ချိုဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲနှစ်ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။ သူဟာလည်း ယူနိုက်တက် အသင်းမှာ စတင်ပုံ ဆိုးရွားခဲ့သူ တစ်ဦးပါပဲ ။ သူ့ကို ကြည့်လိုက်မယ်ဆိုရင်လည်း ဒါက သူ့အတွက် အခွင့်ကောင်း တစ်ခုပဲ ဆိုတာကို မြင်ရပါလိမ့်မယ် ” လို့ ချက်ဒ်ဝစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar