ရန်းဂနစ်ရဲ့ ယူနိုက်တက် နည်းပြဘဝ ပထမဆုံး ရက်သတ္တပါတ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဘာဘာတော့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ်က အသင်းဆီ ရောက်လာပြီး မကြာမီမှာပဲ နည်းပြသစ် ရဲ့လ်ဖ် ရန်းဂနစ် မှ လူငယ်ကစားသမားလေးတွေကို အခွင့်အရေး ပေးဆောင်ခဲ့ခြင်းက တစ်စုံတရာကို ယူဆောင်လာလိမ့်မယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်စေကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြသစ် ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ်ဟာ အသင်းဆီ ရောက်ရောက်ချင်းမှာပဲ ခရစ္စတယ် ပဲလေ့စ် အသင်းကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ၊ ယန်းဘွိုင်းစ် အသင်းကို 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ်အောင် လုပ်ဆောင်ပေးခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်စေခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းဟာ ဒီနေ့ညမှာ နောဝှစ်ချ် အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ယာယီ နည်းပြသစ် ရန်းဂနစ်ဟာ ယန်းဘွိုင်းစ် နဲ့ ပွဲစဉ်တုန်းကလိုမျိုး အသင်းရဲ့ လူငယ် ကစားသမား အချို့ ပါဝင် ကစားခွင့်တွေ ရရှိစေနိုင်လိမ့်မယ်လို့ ထင်ကြေးတွေ ပေးခံနေခဲ့ရပါတယ် ။

ရန်းဂနစ်ဟာ ယန်းဘွိုင်းစ် နဲ့ ချန်ပီယံလိဂ် ပွဲမှာ အန်သိုနီ အီလန်ဂါ ၊ အာမတ် ဒီယာလို ၊ တီဒန် မန်ဂီ ၊ ရှိုရီတိုင်ယာ ၊ ဆာဗေ့ချ် ၊ ဇီဒန် အစ်ခ်ဘယ် တို့ကို ပွဲကစားချိန် မိနစ်တွေ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ဘာဘာတော့ဗ်က ဒါဟာ ရန်းဂနစ် အတွက် အစကောင်းခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

” လက်ရှိ အသင်းရဲ့ အနေအထားတွေကို ခြုံကြည့်လိုက်မယ်ဆိုရင် ဒါဟာ ရန်းဂနစ် အတွက် အိုးလ်ထရပ်ဖို့ဒ် မြေမှာ အစကောင်းခြင်းပဲလို့ ဆိုရပါ့မယ် ။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အသင်းရဲ့ လူငယ် ကစားသမားတွေ ကစားခွင့်ရတာကို ကြည့်ရခြင်းက တကယ်ပဲ ခမ်းနားလှပါတယ် ”

” ဒါဟာ သူတို့တွေအတွက် ခမ်းနားတဲ့အတွေ့အကြုံတွေ ဖြစ်စေနိုင်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ် ။ နောက်ပြီးတော့ အဲ့တာက ရန်းဂနစ် အတွက်ပါ အသင်းရဲ့ ကစားသမားတွေ အကြောင်းကို ပိုမို သိရှိနိုင်ခွင့် ရရှိစေနိုင်ခဲ့လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ”

” သူဟာ အသင်းရဲ့ အကယ်ဒမီ ဝန်ထမ်းတွေနဲ့ ဒါးရင်း ဖလက်ချာ တို့ကို လူငယ်တွေ အကြောင်း မေးမြန်းခဲ့မှာ အသေအချာပါပဲ ။ ဒါဟာ လူငယ် ကစားသမားတွေ အတွက်တော့ ပြိုင်ဖက်ကောင်းတွေနဲ့ တွေ့တဲ့အခါ ဘာလုပ်နိုင်လဲဆိုတာ ပြသခွင့် ရရှိလိုက်ခြင်းပါပဲ ”

” ကစားသမားလေးတွေဟာ ဒီပွဲစဉ်ကနေ အတွေ့အကြုံတွေ ရယူပြီး ရှေ့ဆက်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်နေပါတယ် ။ ပြီးတော့ သူတို့တွေ အခုလိုပဲ ရှေ့ဆက်ပြီး ကစားခွင့် ရရှိစေနိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ။ အဲ့တာမှ သူတို့တွေဟာ ကစားခွင့် ရနိုင်လိမ့်မယ် ဆိုတဲ့ အတွေးတွေနဲ့ ခေါင်းထဲ ဝင်ရောက်ပြီး ကြိုးစားကြမှာပါ ”

” လူငယ် ကစားသမားလေးတွေကို စီနီယာ အသင်းဆီ ခေါ်ဆောင်ခြင်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းလမ်းပါပဲ ။ ရန်းဂနစ် ဒါကို ဆက်လုပ်ပြလိုက်တာက တကယ်ပဲ ကောင်းလှပါတယ် ။ ယူနိုက်တက် အတွက် အသင်းရဲ့ DNA ဆက်ရှိနေဖို့ဆိုတာ တကယ်ပဲ လိုအပ်လှပါတယ် ။ ရန်းဂနစ် ဒါကို သိနေပြီလို့ ကျွန်တော် ထင်ပါတယ် ”

” အရာအားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ရန်းဂနစ် အတွက် ဒါက အပေါင်းလက္ခဏာ ဆောင်ကျဉ်းတဲ့ စတင်ခြင်းပါပဲ ။ ဒါပေမဲ့ အဲ့တာလေးကို ကြည့်ပြီး သူဘာတွေ လုပ်ပြမလဲဆိုတာ အခုထဲက တွက်ဆဖို့ အရမ်းစောနေပါသေးတယ် ” လို့ ဘာဘာတော့ဗ် က ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar