ရန်းဂနစ်ရဲ့ နေရာကို ဆက်ခံဖို့ ပြီးပြည့်စုံတဲ့ နည်းပြ နှစ်ဦး အမည်ကို ထုတ်ပြောလိုက်တဲ့ ရှရင်ဂမ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ် ဘောလုံး ရာသီမှာ ရလဒ်တွေ တည်ငြိမ်မှု နည်းပါးခဲ့တဲ့ အတွက် နည်းပြ ဆိုးလ်ရှား နဲ့ လမ်းခွဲခဲ့ပြီး လက်ထောက် နည်းပြ မိုက်ကယ် ကာရစ် ကို ယာယီ နည်းပြ အဖြစ် တာဝန်ပေးခဲ့ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ဟာ နည်းပြသစ် ရှာပုံတော် ဖွင့်ခဲ့ကြပြီး ယာယီ နည်းပြ အဖြစ် RB လက်ပ်ဇစ် အသင်းရဲ့ နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ် ကို ခေါ်ယူခဲ့ကြပါတယ် ။ ဒါပေမဲ့ ရန်းဂနစ် ဟာ မန်ချက်စတာ ယူနိုက်တက်ကို 6 လပဲ ကိုင်တွယ်မှာ ဖြစ်ပါတယ် ။

အဲ့ဒီနောက် သူဟာ အသင်းရဲ့ အကြံပေး ပုဂ္ဂိုလ် အဖြစ် 2 နှစ် ဆက်လက် တာဝန်ယူ လုပ်ကိုင် သွားမှာပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်မှာတော့ သူဟာ အသင်းကို 3 ပွဲကိုင်ပြီး နှစ်ပွဲနိုင် ၊ တစ်ပွဲ သရေ ရလဒ် နဲ့ အတူ အဖွင့်လှနေခဲ့ပါတယ် ။

ဒါပေမဲ့ ရာသီကုန်ရင်တော့ ယူနိုက်တက်တို့ နည်းပြသစ် ခေါ်ယူဖို့ ဦးစားပေး လုပ်ဆောင်ရမှာတော့ အသေအချာပါပဲ ။ ဒီရာထူးအတွက် အခုထဲက ကြိုတင် နာမည်ထွက် နေခဲ့တဲ့ နာမည်ကျော် နည်းပြတွေ အများကြီး ရှိနေခဲ့ကြပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်သူ တက်ဒီ ရှရင်ဂမ်က လက်ရှိ PSG အသင်းရဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနို နဲ့ လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာ တို့ဟာ အသင်းဟောင်းအတွက် ပြီးပြည့်စုံတဲ့ နည်းပြတွေ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဒီရာထူးအတွက် ပိုချက်တီနိုနဲ့ ရော်ဂျာတို့ဟာ အပြီးပြည့်စုံဆုံး ဖြစ်ကြလိမ့်မယ်လို့ တွေးမိပါတယ် ။ ဘရန်ဒန် ရော်ဂျာရဲ့ အလုပ်လုပ်တဲ့ နည်းလမ်းဟာ တကယ်ပဲ တည်ငြိမ် အေးဆေးလှပါတယ် ။ သူဟာ ရလဒ်ကောင်းတွေ ယူပေးတယ် ၊ အနိုင်ယူပေးတယ် ၊ ပြီးရင် ပြီးခဲ့တဲ့ ရာသီက FA ဖလားလည်း ယူပေးနိုင်ခဲ့ပါတယ် ”

” ဒါ့ကြောင့် အခု ရာထူးကို ရရှိရင် သူလည်း ကြည်နူးမိမှာပါပဲ ။ ဒါပေမဲ့ ပိုချက်တီနို အလုပ်လုပ်တဲ့ ပုံစံ နဲ့ ဘောလုံံး ကစားဟန်တွေက တကယ်ပဲ ကောင်းမွန်လှပါတယ် ။ သူဟာ ပွဲစဉ်ကို သူလိုချင်တဲ့ နည်းလမ်းနဲ့ ဦးဆောင်နိုင်ပါတယ် ။ သူ ကိုင်တဲ့ အသင်းတိုင်းမှာ ကိုယ်ပိုင် ကစားဟန် ဆိုတာ အမြဲလို ရှိနေခဲ့တာချည်းပါပဲ ”

” ကျွန်တော်တို့ဟာ မန်နေဂျာ တစ်ဦးဆီက အဲ့တာတွေကိုပဲ လိုချင်ကြတယ်လေ ။ ခင်ဗျားတို့ အသင်းဟာ ပွဲစဉ် တစ်ပွဲကို ဘယ်လိုမျိုး ချဉ်းကပ် ကစားလိမ့်မလဲ ဆိုတာမျိုးကို ခင်ဗျား ကိုယ်တိုင်လည်း သိချင်မိမှာပါပဲ ။ ဒီအတွက် သူဟာ အလုပ်တွေကို ဘယ်လိုတွေ ကြိုးစား လုပ်ဆောင်သလဲဆိုတာ ခင်ဗျားတို့လည်း မြင်ခဲ့မှာပါ ”

” ပြီးတော့ သူ့ရဲ့ အပြုအမူ ၊ အကျင့်စရိုက်တွေက သူ့ကို အခုလို ယူနိုက်တက် နည်းပြ ရာထူး အတွက် ဆန်ခါတင် စာရင်းထဲမှာ ပါဝင်စေနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ် ” လို့ တက်ဒီ ရှရင်ဂမ် က သူ့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar